DVB Logo
Home
Lead Story
တရုတ်သမ္မတရဲ့ အမေရိကန်ခရီးစဉ်နဲ့ ကြက်ဥအရောင်
DVB
·
September 25, 2015
တရုတ်သမ္မတရဲ့ အမေရိကန်ခရီးစဉ်နဲ့ ကြက်ဥအရောင်
Donate to DVB

တရုတ်နိုင်ငံသမ္မတ ရှီကျင်းပင်ဟာ သူ့ရဲ့ ပထမဆုံး အမေရိကန်နိုင်ငံ ခရီးစဉ်ကို အမေရိကန်ပြည်ထောင်စု ဆီယက်တဲလ်မြို့မှာ စက်တင်ဘာလ ၂၂ ရက်နေ့က စတင်ခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးခရီးစဉ်ရဲ့ ပထမနေ့ အစမှာပဲ သမ္မတ ရှီက တရုတ်နိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကအစ အင်တာနက် တိုက်ခိုက်မှု၊ ကုန်သွယ်မှုဆိုင်ရာ ခိုးယူမှုနဲ့ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက် ဖြစ်နေကြတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေက အမှုဆောင်အရာရှိတွေ အပါအ၀င် တခြားဧည့်သည်တော် ၆၅၀ လောက်ကို မိန့်ခွန်းစကား ပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတက တရုတ်နိုင်ငံအနေနဲ့ ပို့ကုန်မြှင့်တင်ရေးအတွက် သူ့ရဲ့ငွေကြေးကို ကြိုးကိုင်ချယ်လှယ်မှာ မဟုတ်သလို ကုန်သွယ်မှုဆိုင်ရာ ခိုးယူမှုတွေမှာလည်း ဘယ်တုံးကမှ မပတ်သက်တဲ့အကြောင်း ပြောဆိုခဲ့ပြီး နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေအပေါ်လည်း ခွဲခြား ကိုင်တွယ်ဆက်ဆံမှာ မဟုတ်ဘဲ သူ့ရဲ့ ဈေးကွက်ဖွင့်လှစ်မှုကို လျှင်မြန်အောင်၊ လူ့အခွင့်အရေးတွေကိုလည်း တိုးတက်အောင် အားထုတ်ဆောင်ရွက်တော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သူက “တကယ်လို့ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်နိုင်ရင်  ၂ နိုင်ငံဟာ ကမ္ဘာတ၀ှမ်းလုံး တည်ငြိမ်မှုအတွက် ရေခံမြေခံ ဖြစ်လာမှာဖြစ်ပြီး ဒီ ၂ နိုင်ငံက ပဋိပက္ခဖြစ်ကြ၊ ထိပ်တိုက်ရင်ဆိုင်ကြမယ်ဆိုရင်တော့ ၂ နိုင်ငံလုံးအတွက် ဘေးအန္တရာယ်ဖြစ်လာမှာ ဖြစ်သလို ကမ္ဘာတ၀ှမ်းလုံး အတွက်လည်း အန္တရာယ်ဖြစ်လာနိုင်ပါတယ်” လို့လည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ သူ့ရဲ့ အရေးပါတဲ့ ဒီမိန့်ခွန်းရဲ့ အခြေခံကတော့ တရုတ် - အမေရိကန် ဆက်ဆံရေးမှာ တင်းမာနေတဲ့ ပြဿ   နာ အဆက်ဆက်တွေကို ဖြေလျှော့ ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လိုပဲ ဖြေသိမ့်ပြောဆိုခဲ့ပေမယ့် တကယ်ကျင့်သုံးနေတဲ့ အစိုးရရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး မေခွန်းထုတ်တာတွေကိုတော့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီထက် တိတိကျကျရှိတဲ့ မေးခွန်းမျိုးတွေကို ရှီအနေနဲ့ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ဧည့်ခံတည်ခင်းမယ့် အိမ်ဖြူတော် ညစာစားပွဲ မတက်ရောက်ရသေးခင် နည်းပညာနဲ့ တခြား ထိပ်ပိုင်း စီးပွားရေး ဦးစီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲတွေမှာ ကြုံတွေ့ရဦးမှာပါ။ အင်္ဂါနေ့အစောပိုင်းတုန်းကလည်း ဆီယက်တဲလ်မြို့လယ်မှာ တရုတ်နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြသူ ၁၀၀ လောက်ရဲ့ ကန့်ကွက်ဆန္ဒပြမှုနဲ့လည်း ကြုံတွေ့ခဲ့ရပါသေးတယ်။ အဲဒါဟာ သူ့ရဲ့ တပတ်ကြာ ခရီးစဉ်အတွင်း ကြုံတွေ့ရမယ့် ကန့်ကွက်ဆန္ဒပြပွဲတွေထဲက ပထမဆုံးပွဲပဲ ဖြစ်ပါလိမ့်မယ်။

အမေရိကန်-တရုတ် စီးပွားရေးကောင်စီ ဥက္ကဋ္ဌလည်းဖြစ် အင်္ဂါနေ့ တရုတ်သမ္မတနဲ့ တွေ့ဆုံပွဲကို ပူးတွဲစီစဉ်သူလည်းဖြစ်တဲ့ ဂျွန်ဖရစ်စ်ဘီကတော့ သူတို့အုပ်စုရဲ့ အဖွဲ့ဝင်တွေကို ပြုလုပ်ခဲ့တဲ့ နောက်ဆုံး စစ်တမ်းကောက်ယူမှုအရ တရုတ်နိုင်ငံရဲ့ စီးပွားရေးရှုမြင်ပုံအပေါ် ယုံကြည်မှုကတော့ ဆက်ပြီး မှန်မှန်ကြီး ဆုတ်ယုတ်လျော့ပါးလာနေတယ်ဆိုတာ ပြနေတယ်လို့ ဆိုပါတယ်။

တရုတ်သမ္မတ အမေရိကန်နိုင်ငံကို အလည်အပတ် ရောက်မလာခင် တရုတ်စီးပွားရေးရာ သုံးသပ်ချက်စာစောင်မှာ ဖရစ်စ်ဘီ ရေးသားခဲ့တဲ့ ဆောင်းပါးတပုဒ်မှာ သူက “တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟာ ၃ နှစ်ထဲ ၀င်ရောက်လာပါပြီ။ ဒါပေမယ့် အမေရိကန် ကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ကိစ္စတွေ အပေါ်မှာတော့ ခုထိ အကျိုးသက်ရောက်မှုကတော့ မဆိုစလောက်ပဲ ရှိခဲ့ပါတယ်။ ပြောရရင် တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ အတော်များများမှာ ရှိနေတဲ့ဈေးကွက်ကို ၀င်ရောက်နိုင်ဖို့ အတားအဆီးတွေကို မဖယ်ရှားရသေး၊ ပိုပြီး မျှမျှတတ ယှဉ်ပြိုင်နိုင်မယ့် ၀န်းကျင် အခြေအနေကိုလည်း မတည်ဆောက်ရသေးပါဘူး။ စီးပွားရေးလုပ်ငန်းတွေဟာ လောက်လောက်လားလား ပြနိုင်တဲ့ ပြုပြင်ပြောင်းလဲမှု အရိပ်လက္ခဏာတွေကို ရှာဖွေနေကြတာပါ။ ဒါပေမယ့် ရှိမလာသေးပါဘူး။” လို့ရေးသားခဲ့ပါသေးတယ်။ ဒီအချက်တွေက တရုတ် - အမေရိကန်

ကုန်သွယ်စီးပွား ဆက်ဆံရေးမှာ အမေရိကန်တွေဘက်က မကျေမနပ် ဖြစ်မှုတွေ ရှိနေတယ်ဆိုတာ ပြနေပါတယ်။

နောက် တရုတ်သမ္မတ ရှီကျင်းပင်ကို စွပ်စွဲပြောဆိုလာတာကတော့ အမေရိကန် စီးပွားရေးလုပ်ငန်းနဲ့ အစိုးရရဲ့ ဒေတာဘေ့စ်ကို ထိခိုက်လာနေတဲ့ အင်တာနက် တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ တရုတ်အစိုးရလက်တွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေပါပဲ။ အဲဒီလို စွပ်စွဲ မေးခွန်းထုတ်လာတာတွေကို သမ္မတ ရှီကျင်းပင်က တရုတ်နိုင်ငံဟာလည်း ဒီလိုပဲ တိုက်ခိုက်ခံနေရတာပါပဲလို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။ သူက “တရုတ်အစိုးရဟာ ဘယ်လိုပုံသဏ္ဌာန်မျိုးနဲ့မှ ကုန်သွယ်ရေး ခိုးဝှက်မှုတွေမှာ ပါဝင်ထိစပ်မှု၊ အားပေးအားမြှောက်ပြုမှုတွေမှာ ပါဝင်မှာ မဟုတ်သလို တယာက်ယောက်က အဲဒီလိုလုပ်ဖို့ အားထုတ်ကြိုးပမ်းလာရင်လည်း ထောက်ခံပံ့ပိုးမှာ မဟုတ်ပါဘူး” လို့ ကတိပေး ဖြေကြားသွားခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားနဲ့ သမ္မတ ရှီတို့ တွေ့ဆုံ ဆွေးနွေးရာမှာလည်း အင်တာနက်သူလျှိုလုပ်မှုဟာ အဓိက ဆွေးနွေးမယ့် အရာတခု ဖြစ်မယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောခဲ့ကြပါတယ်။

ဒါပေမယ့် သူတို့ကတော့ အင်တာနက် သူလျှို လုပ်မှုအတွက် အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို အရေးယူပိတ်ဆို့မှုတွေကိုတော့ ၀ါရှင်တန်ကို သမ္မတ ရှီ ရောက်မလာခင်မှာ လုပ်ဆောင်လိမ့်မယ်လို့ မမျှော်လင့်တဲ့အကြောင်း အဲဒီ အိမ်ဖြူတော်အရာရှိတွေက ဆိုပါတယ်။ တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ အလည်အပတ်ခရီး အစောပိုင်းတွေမှာတော့ သူလျှိုလုပ်မှုနဲ့ နိုင်ငံတော် လျှို့ဝှက်ချက် ခိုးယူမှုတို့နဲ့ သံသယရှိလို့ဆိုပြီး ၆ လတာ ဖမ်းဆီးထားခဲ့တဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ဖန်ဖန်ဂျီးလစ်နဲ့ ပတ်သက်လို့လည်း တစုံတရာ ဖော်ပြပြောဆိုတာမျိုး မလုပ်ခဲ့သေးပါဘူး။ အမေရိကန်အစိုးရက တရုတ်အပေါ်မှာ သိပ်သဘောထား တင်းမာလိုပုံမရှိဘဲ အပျော့နည်းနဲ့ ချည်းကပ်၊ နှစ်နိုင်ငံလုံး အကျိုးဖြစ်ထွန်းရေးနဲ့ ရေရှည်ဆက်ဆံရေးကို ကြည့်ပုံရပါတယ်။

ဒါပေမယ့် တရုတ်သမ္မတဟာ သူ့ရဲ့ခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်မှုအပြီး စီးပွားရေး တုံ့နှေးသွားနေမှု ဖြစ်ပေါ်လာနေတဲ့အတွက် စီးပွားရေးမူဝါဒအပေါ် သမ္မတ ရှီကျင်းပင်ရဲ့ ကိုင်တွယ်ကြီးကြပ်မှုနဲ့ အဓိကညွှန်းကိန်းတွေ ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ပြီးတဲ့နောက် သူ့အစိုးရအဖွဲ့ရဲ့ စတော့ခ်ဈေးကွက်ကို အကြီးစား ကြားဝင်စွက်ဖက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဝေဖန် မေးခွန်းထုတ်တာတွေကို ခံခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ပို့ကုန်မြှင့်တင်နိုင်ဖို့ တရုတ်နိုင်ငံက သူ့ရဲ့ ငွေကြေးတန်ဖိုးကို လျှော့ချတာမျိုး လုပ်ပြီး ဆေးမီးတို ကုသမှု လုပ်တာကို ရှောင်ကြဉ်ဖို့ တရုတ်သမ္မတကို တိုက်တွန်းပြောဆိုဖို့ရှိတယ်လို့ အိမ်ဖြူတော် စီးပွားရေး ဦးစီးအရာရှိ ဂျေဆန် ဖားမင်းက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သူက တရုတ်ရဲ့ မကြာခင်က ယွမ်ငွေအပေါ် ထိန်းချုပ်နိုင်မှု ရော့ရဲခဲ့တဲ့အတွက် ကမ္ဘာ့ငွေကြေးဈေးကွက် ၀ရုန်းသုန်းကား ဖြစ်သွားခဲ့ရတာကို အမေရိကန် တာဝန်ရှိပုဂ္ဂိုလ်တွေက တရုတ်ရဲ့ မတည်ငြိမ်တဲ့ စတော့ခ်ဈေးကွက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တင်ပြဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ အင်္ဂါနေ့က ပြောခဲ့ပါတယ်။

အင်တာနက် ထိုးနှက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သမ္မတ ရှီ အမေရိကန်ခရီး မစတင်ခင်မှာ တရုတ်ပုလိပ်အဖွဲ့က ပြည်တွင်းနဲ့ နိုင်ငံတကာ အင်တာနက်တိုက်ခိုက်မှုဆိုင်ရာ ရာဇ၀တ်မှုတွေကို နှိမ်နှင်းရာမှာ သိသိသာသာ တိုးတက်မှု ရှိခဲ့တယ်လို့ တရုတ်ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာနက ဆိုပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက တရုတ်ပုလိပ်အဖွဲ့နဲ့ နိုင်ငံပေါင်း ၇၀ ကျော်က ပုလိပ်အဖွဲ့တွေနဲ့ အတူတွဲဖက်ပြီး အင်တာနက်ရာဇ၀တ်မှုတွေကို နှိမ်နှင်းခဲ့တာမှာ တရုတ်နိုင်ငံသားနဲ့ နိုင်ငံခြားသားတွေ အပါအ၀င် သံသယရှိသူပေါင်း ၅၈၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ပြည်သူ့ရေးရာ လုံခြုံရေးဌာနရဲ့ သတင်းထုတ်ပြန်မှုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဝန်ကြီးဌာနရဲ့ အဆိုအရ ၂၀၁၄ ခုနှစ် မတ်လမှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယနဲ့ ရိုမေးနီးယား ပုလိပ်အဖွဲ့တို့ ပူးပေါင်းပြီး အီးမေးလ်လိပ်စာပေါင်း ၁၀၀၀၀၀ ကျော်ကို ၀င်ရောက်နှောင့်ယှက် ဖျက်ဆီးခဲ့တဲ့ ဟက်ကာဂိုဏ်းတခုကို ဖော်ထုတ်နိုင်ခဲ့ပြီး အင်တာနက်တိုက်ခိုက်သူ ၇ ယောက်နဲ့ ပုဂ္ဂိုလ်ရေး အချက်အလက် ခိုးယူသူ ၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ရှိနေတဲ့ အင်တာနက်ပြစ်မှု ကျူးလွန်သူလို့ သံသယရှိသူ တရုတ်နိုင်ငံသား ၅၀ ကျော်ကိုလည်း တရုတ်နိုင်ငံကို ပြန်ပို့နိုင်ခဲ့တယ်လို့ ၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ဒီလို အင်တာနက် ရာဇ၀တ်မှု ကျူးလွန်သူတွေကို တရုတ်အစိုးရက နှိမ်နှင်းဖို့ ကြိုးစားရင်း တစစ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာတဲ့အတွက် တရုတ်နိုင်ငံတွင်းနဲ့ နိုင်ငံပက အင်တာနက်လွတ်လပ်ခွင့်အတွက် ကန့်ကွက်တောင်းဆိုမှုတွေလည်း အများကြီး ရှိလာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံဟာ သူကိုယ်တိုင်လည်း အင်တာနက်ရာဇ၀တ်မှု ကျူးလွန်တာတွေကို ခံနေရပြီး အင်တာနက်ရာဇ၀တ်မှု ကျူးလွန်တာတွေကို နှိမ်နှင်းဖို့ အားထုတ်နေပါတယ် ဆိုတာကိုတော့ အမေရိကန်က မလွဲမသွေ လက်ခံရမှာပါပဲ။ တရုတ် သမ္မတကလည်း သူ့ခရီးစဉ်အစမှာပဲ ကတိက၀တ်ပြု အာမခံ စကားပြောခဲ့ပါပြီ။

ပကတိအခြေအနေအရ အမေရိကန်သမ္မတ အိုဘားမားနဲ့ အမေရိကန်စီးပွားရေး ခေါင်းဆောင်တွေကို တရုတ်သမ္မတ ရှီကျင်းပင်က တွေ့ဆုံဆွေးနွေးနိုင်ခဲ့တာဟာ တရုတ်ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်ခဲ့ရမှုနဲ့ စီးပွားရေး တုံ့နှေးလာမှုတွေနဲ့ တီယန်ကျင်းက ဓာတုစက်ရုံတခု ပေါက်ကွဲခဲ့လို့ လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ရတဲ့ အဖြစ်တွေအပေါ်  အများအာရုံစိုက်လာတာကို ဒီလ အစောပိုင်းက ကျင်းပခဲ့တဲ့ ဒုတိယကမ္ဘာစစ် ပြီးဆုံးမှုအောင်ပွဲ အထိမ်းအမှတ် အခမ်းအနားမှာ ခေတ်မီလက်နက်အပြည့် တပ်ဆင်အသုံးပြုထားတဲ့ အဆင့်မြင့် စစ်ရေးပြ အခမ်းအနားတခု ပြုလုပ် အာရုံလွှဲပြောင်းပေးနိုင်ခဲ့အပြီးမှာ တရုတ်သမ္မတအဖို့ သူ့ရဲ့ နိုင်ငံတွင်း အရေးပါ ထင်ပေါ်မှုပုံရိပ်ကို မြှင့်တင်ရာမှာ အထောက်အကူ အများကြီးဖြစ်စေခဲ့တယ်လို့ ယူဆရပါကြောင်း။     ။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013