DVB Logo
Home
မြန်မာသတင်း
ကားမူး၊ လှိုင်းမူးခြင်းများအတွက် ကုထုံးသစ် (ရုပ်သံ)
DVB
·
September 26, 2015
ကားမူး၊ လှိုင်းမူးခြင်းများအတွက် ကုထုံးသစ် (ရုပ်သံ)
Donate to DVB

ဒီကိရိယာက လူကြီးမင်းကို မအီမသာဖြစ်အောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် အင်ပီရီရယ်ကောလိပ်က ဒေါက်တာကာဒီးအား အာရှက်ဒ်အဖို့တော့ ဒါက တကယ့်အချက်ပါပဲ။ သူက ကားမူးခြင်း၊ လှိုင်းမူးခြင်းနဲ့ လေယာဉ်မူးခြင်းတွေကို အစပျိုးပေးတဲ့ ဦးနှောက်အချက်ပြတွေကို ထိန်းချုပ်နိုင်တဲ့ ကုထုံးသစ်ကို တီထွင်နေပါပြီ။ ဟန်ချက်ထိန်း ပြဿ   နာတွေ ရင်ဆိုင်နေရတဲ့ လူတွေမှာ ဘာကြောင့် ဒီလက္ခဏာတွေ ပေါ်မလာရသလဲဆိုတာ စူးစမ်းရင်းနဲ့ ဒီလိုတီထွင်ဖို့ စိတ်ကူးရခဲ့တာပါ။

"ဒီလိုနဲ့ ကျနော်တို့က သုတေသန လမ်းကြောင်းသစ်တခုကို တီထွင်ခဲ့တာပါ။ ဦးနှောက်ရဲ့ စေ့ဆော်မှုတွေကို သုံးပြီး အတွင်းနားနဲ့ ဦးနှောက်ကလာတဲ့ အချက်ပြတွေကို ထိန်းချုပ်တဲ့နည်းပါ။ ဒီတော့ အတွင်းနားကနေ ဦးနှောက်ကို ဖြတ်ပြီး ထွက်လာတဲ့ အချက်ပြတွေကို ထိန်းချုပ်လိုက်နိုင်ရင် ရွေ့လျားလို့ ဖြစ်လာတဲ့ မအီမသာ ဖြစ်မှုတွေကို ထိထိရောက်ရောက် ကုသနိုင်မယ်လို့ အတွေးရလာတယ်။"

လူအများစုဟာ သင်္ဘောစီးနေတုန်း ဒါမှမဟုတ် ရိုလာကိုစတာ စီးနေတုန်းမှာ ပျို့ချင်အန်ချင် ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် လူ ၁၀ ယောက်မှာ ၃ ယောက်လောက်က ပိုပြီးပြင်းထန်တတ်တာမို့ မူးဝေတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာတွေ ဖြစ်တတ်ပါတယ်။

"ရွေ့လျားမှုတွေကို နားမလည်တဲ့အခါ ဆိုလိုတာက ကျနော်တို့ ဦးနှောက်က ဒီရွေ့လျားမှုတွေကို နားမလည်တဲ့အခါ ပတ်ဝန်းကျင်နဲ့ အလိုက်သင့် ဟန်ချက်ထိန်းဖို့ မတ်ရပ်အနေအထား နေရမလား၊ စောင်းရပ်အနေအထား နေရမလားဆိုပြီး ပဋိပက္ခတွေ တောက်လျှောက်ဖြစ်တော့တာပဲ။ ဒါမှမဟုတ်ရင်လည်း ဘေးတဘက်ဆီကို တွန်းတဲ့ တွန်းအားတွေကို ခံစားလာရမယ်။"

စမ်းသပ်မှုတွေ လုပ်နေတုန်းမှာ ရွေ့လျားနေပြီဆိုတာနဲ့ အစမ်းသပ်ခံသူတွေရဲ့ ခံနိုင်ရည် နည်းလာခြင်းဟာ ကြိမ်နှုန်းနဲ့ ဆက်စပ်နေပြီး ပျို့ချင်အန်ချင်စိတ်ကို ဖြစ်စေပါတယ်။ သူတို့ရဲ့ ဦးခေါင်းတွေကို လျှပ်ငုတ်တွေနဲ့ ချိတ်ဆက်ပြီး ဒီဖြစ်စဉ်ကို ၁၀ မိနစ်လောက် ထပ်ခါတလဲလဲ ဖန်တီးပေးပါတယ်။ ဒီနည်းပညာကို ဦးနှောက်ကို အပိုင်းအလိုက် လျှပ်စီးဖြင့် နှိုးဆွခြင်းလို့ ခေါ်ပါတယ်။

"စမ်းသပ်အခြေအနေတခုကို သုံးတဲ့အခါ အစမ်းသပ်ခံ တဦးချင်းစီအလိုက် ကားမူး၊ လှိုင်းမူးနဲ့ လေယာဉ်မူးတဲ့ ဝေဒနာ ခံစားရဖို့ အချိန်ပိုကြာနေတာ ရှိတတ်သလို မြန်မြန်သက်သာသွားတာမျိုးလည်း ရှိတတ်ပါတယ်။"

ဒီစမ်းသပ်မှုဟာ လုံးဝအန္တရာယ်မရှိဘူးလို့ ဆိုပါတယ်။

"ဦးနှောက်ကို ဖြတ်ပြီးစီးတဲ့ ဒီလို အရမ်းအားပျော့တဲ့ လျှပ်စီးကြောင့် ဘေးထွက်ဆိုးကျိုးတွေ တုံ့ပြန်မှုတွေ မရှိပါဘူး"

နောက်ထပ်စမ်းသပ်မှုများစွာ လုပ်ပြီးရင်တော့ ဒီကိရိယာကို စမတ်ဖုန်းကတဆင့် စွမ်းအင်ပေးပြီး ဦးထုပ် ဒါမှမဟုတ် ခေါင်းဆောင်းပုံစံနဲ့ လူသုံးကုန်အဖြစ် ထုတ်လုပ်နိုင်တော့မယ်လို့ သုတေသန ပညာရှင်တွေက ဆိုပါတယ်။ ကားမူး၊ လှိုင်းမူး၊ လေယာဉ်မူးတတ်သူတွေအဖို့ သိပ်ကိုအကြိုက်တွေ့သွားနိုင်စရာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013