DVB Logo
Home
မြန်မာသတင်း
စတိတ်ရှိုးစင်ပေါ်က ဟဲဗီးမက်တယ်လ် ဘုရ်ခါဝတ် အမျိုးသမီး (ရုပ်သံ)
DVB
·
September 26, 2015
စတိတ်ရှိုးစင်ပေါ်က ဟဲဗီးမက်တယ်လ် ဘုရ်ခါဝတ် အမျိုးသမီး (ရုပ်သံ)
Donate to DVB

ဆူညံပေါက်ကွဲမှု အပြင်းစားဂီတသံစဉ်တွေနဲ့ စတိတ်ရှိုး စင်မြင့်ပေါ်မှာ ဘုရ်ခါဝတ် အမျိုးသမီးတဦး ဟဲဗီးမက်တယ်လ် ဂစ်တာတီးခတ်နေမှုဟာ တွေ့နေ မြင်နေကျ မြင်ကွင်းတခု မဟုတ်ပေမယ့် ဂျစ်ဆယ်မာရီအတွက်တော့ စိန်ခေါ်မှုတရပ် ဖြစ်လို့နေပါတယ်။

ဘရာဇီးနိုင်ငံ ဆောင်းပါလိုမြို့က အသက် ၄၂နှစ်အရွယ် မာရီအတွက် ဂီတအနုပညာဟာ မိသားစုတွင်း တူရိယာတွေနဲ့ ကြီးပြင်လာသလို ကလက်စစ် ပီယာနိုကိုလည်း သင်ကြားခဲ့ပြီး ၂၀၁၂ ခုနှစ်ကစလို့ သူ့အစ်ကိုရဲ့ မက်တယ်လ် ဂီတ၀ိုင်း စပတ်ထရက်မှာ ဂစ်တာဝင်တီးနေတာပါ။
ဂျာမန် ကက်သလစ် မျိုးရိုးကနေ ဆင်းသက်လာတဲ့ မာရီက ၂၀၀၉ ခုနှစ် သူ့ဖခင် သေဆုံးပြီး လပိုင်းအတွင်းမှာပဲ အစ္စလာမ် ဘာသာကို ကူးပြောင်းခဲ့ပါတယ်။

မာရီအတွက် ဘုရ်ခါဝတ်ဆင်မှုဟာ နေ့စဉ်ဘ၀ရဲ့သက်ဝင်ယုံကြည်မှုတခုလို့ ပြောပေမယ့် သူအနေနဲ့ ဂီတစင်မြင်ပေါ် တက်သွားတဲ့အခါမှာတော့ တုံ့ပြန်ချက် အမျိုးမျိုးရှိနေပါတယ်လို့ ဆိုပါတယ်။
“လူတွေက ဒီလိုမျိုး စင်မြင့်ပေါ်မှာ ဘုရ်ခါ ၀တ်ထားတဲ့ အမျိုးသမီးတယောက် ဟဲဗီးမက်တယ်လ် ဂစ်တာတက်တီးလိမ့်မယ်လို့ မျှော်လင့်မထားတော့ ရှော့ဖြစ်ကြတယ်။ တချို့က စပ်စုတယ်။ တချို့က စိတ်ဝင်စားတယ်။ တချို့က အကောင်းမြင်တယ်။ အများစုကတော့ အံ့အားသင့်ကုန်တာပေါ့။”

မာရီဟာ အခုဘာသာကို မကူးပြောင်းခင်က ပေဂန် လူမျိုးစု ခေတ်သစ် နတ်ကိုးကွယ်မှုတခုကိုလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။ သူ့အတွက်တော့ ဘာသာတရားဟာ ဘ၀ရဲ့ အနှစ်သာရနဲ့ လူသား တဦးတယောက်ရဲ့ ဖြစ်တည်မှုကို ရှာဖွေတာလို့ ယူဆထားကြောင်း ပြောပါတယ်။

“ဒီလောကထဲမှာ ဂီတပုံစံတွေအမျိုးမျိုး လူတွေကအမျိုးမျိုး၊ ဘာသာမျိုးစုံနဲ့ လူတွေ အများကြီး ရှိတာပဲလေ။ ဥမမာ မက်တယ်လ်ဝိုင်း စလေယာ (slayer) မှာဆိုရင် စေတန်သီချင်းတွေ ဆိုလေ့ရှိပေမယ့် သူတို့အားလုံးက ခရစ်ယာန်တွေပဲ။ ကျမက ကိုယ်ဝါသနာပါတဲ့ ဂီတအလုပ် လုပ်တယ်။ ကိုယ် ယုံကြည်တဲ့ ဘာသာကို ကိုးကွယ်တယ်။ ဒါတွေဟာ ရောထွေးမနေဘူးလို့ ထင်တယ်။”

မာရီအတွက် ဂီတစင်မြင်ပေါ်မှာသာမက ပြင်ပလောကထဲမှာလည်း တုံ့ပြန်မှု အမျိုးမျိုး ကြုံတွေ့ရပါတယ်။ တခါတလေ သူအပြင်သွားရင် လမ်းမှာ နှောင့်ယှက်တာမျိုး ကြုံရလို့ ရဲကို ဖုန်းဆက် အကူညီခေါ်ရတာလည်း ရှိခဲ့ပါတယ်။ မာရီကတော့ တရက်ကို ၆နာရီလောက် ဂစ်တာတီး လေ့ကျင့်ပြီး သူယုံကြည်ရာ လမ်းကြောင်းကို ဆက်နေသွားဖို့ ဆန္ဒရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013