DVB Logo
Home
မြန်မာသတင်း
မူဆယ်မြို့က ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
September 24, 2015
မူဆယ်မြို့က ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်
1 / 11
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းဝှက်ကျေးရွာတွင်းကို  လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တဲ့အတွက် အိမ်ခြေ ၁၆ လုံး ပျက်စီးသွားသလို လူ ၁ ဦး ထိခိုက်ဒဏ်ရာ ရကြတယ်လို့ ရွာသားတွေက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီလောက်က ရွာတွင်းကို ပစ်ခတ်တဲ့တပ်ဟာ တပ်မ ၉၉ က တပ်မတော်သားတွေဖြစ်တယ်လို့ ကောင်းဝှက်ရွာသား ဦးကျော်သိန်းက ပြောဆိုပြီး ရွာသားတွေရဲ့ ပိုင်ဆိုင်မှုတွေကို ယူဆောင်သွားကြတယ်လို့ ပြောပါ တယ်။

“ဟိုဖက် ၁၀၅ မိုင်ဖက်ကနေ သူတို့ လာတယ်။ ပြီးတော့ ရွာရှေ့ရောက်တော့ လက်နက်ကို ချပြီး ပစ်တယ်။ အဲဒီနေ့က ဘယ်အဖွဲ့မှ မရှိပါဘူး။ အဲဒီအချိန်က ရွာသားတွေအများစုက တောင်ယာ မပြန်ကြသေးဘူးလေ။ သူတို့ သေနတ်ပစ်ပြီး တော့မှ သူတို့က ဟိုဘက်နဲ့ ဒီဘက်လျှောက်ပြီး သွား အိမ်မှာဝင်ပြီးတော့ ဗီရိုတို့ဘာတို့ ရိုက်ခွဲတယ်။ ရှိတဲ့ ပစ္စည်းတွေလည်း ယူသွားတယ်။ အဲဒါ ၁၅ မိနစ်လောက်ပဲကြာမှာ ပစ္စည်းရတာနဲ့ သူတို့က ထွက်သွားပြီ။”

ရွာသားတွေအဆိုအရ မြန်မာ့တပ်မတော် တပ်မ ၉၉ ကလို့ ပြောဆိုပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုချက်မပေးနိုင်သလို့ တပ်မတော်ဘက်ကိုလည်း ဆက်သွယ်မေး မြန်းဖို့ကြိုးစားပေမယ့် မရပါဘူး။

ဒီပစ်ခတ်မှုကြောင့် ကောင်းဝှက်ကျေးရွာက တောင်ယာကနေပြန်လာတဲ့ အမျိုးသမီးတဦး သေနတ်စ ထိမှန်ဒဏ်ရာရ ရှိခဲ့သလို အိမ် ၁၆ လုံးလည်း ပျက်စီးခဲ့တယ်လို့ နောက်ထပ်ဒေသခံ မိုင်အေးကိုက ပြောပါတယ်။

“လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ထည့်တော့ ရွာသားတဦးကတောင်ယာ ကနေအပြန်မျာ သူတို့ပစ်တဲ့ လက်နက်ကြီအစအနက သူကိုထိသွားတော့ ဒဏ်ရာလည်း ရသွားတယ်။ ရွာထဲမှာကျွဲတွေလည်း ထိတယ်။ အိမ်ခြေ ၁၆ လုံး ပျက်စီးတယ်။ တကယ့်ဆိုးဆိုးရွားရွား  ကတော့ ၄ အိမ်ပေါ့နော်။ ကျန်တဲ့ အိမ်တွေကတော့ သွပ်မိုးပေါက်တာတို့၊ နံရံမှာ ကျဉ်ခွံတွေ စိုက်တာတို့ပေါ့နော်။ ”

စစ်တပ်က ရွာထဲဝင်ပြီး မွှေနှောက်ခဲ့တဲ့အတွက် ရွာက ဒေါ်ခမ်းစင်နေအိမ်က ငွေသား(၁၅)သိန်း တရုတ်ယွမ်(၅၀၅၀၀)ယူ၊ တားအိုက်ခမ်းနေအိမ် ငွေသား ၃ သိန်း နဲ့၊ တားအိုက်ယိုင်နေအိမ် ဗီဒိုရိုက်ခွဲခဲ့တာလို့လည်း မိုင်အေးကို က ပြောပါတယ်။

ဒီကနေ့မှာလည်း အဲဒီရွာနဲ့ သိပ်မနီးမဝေးမှာ တအောင်းတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက်လည်း ရွာသားတွေဟာ မိမိအိမ်မှာ မနေရဲ့ကြဘဲ  ရွာက ဘုန်ကြီးကျောင်းမှာ သွားရောက်နေထိုင်နေကြတယ်လို့လည်း မိုင်အေးကိုက ပြောပါတယ်။

ဒီကနေ့ အဲဒီရွာကို ရောက်ရှိခဲ့တဲ့ ဒီဗွီဘီသတင်းထောက် ခွန်ဇော်ဦးက  “လူသေတာတော့ မရှိဘူး။ ကောင်မလေးတယောက်က သူကြီးရဲ့ အမျိုးသမီးပေါ့နော်။ ပေါင်မှာ နည်းနည်းလေး ဗုံးစမှန်သွားတာရှိတယ်။ နည်းနည်းညိုကွက်သွားတာတော့ရှိတယ်။ ပြီးတော့ သူတို့အိမ်ကိုလည်း ထိတယ်ပေါ့နော်။ အိမ်ထဲမှာ သွပ်တွေဘာတွေတော့ ပေါက်သွားတယ်။ ”

အခင်းဖြစ်တဲ့ကျေးရွာကို မူဆယ်မြို့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေလာရောက် ကြည့်ရှုသွားတယ်လို့ ဆိုပါတယ်။

ကောင်းဝှက်ကျေးရွာမှာ အိမ်ခြေ ၉၀ ကျော်ရှိပြီး လူဦးရေ ၃၀၀ ကျော်နေထိုင်နေတာဖြစ်ပြီး အများစုကတော့ ပလောင်လူမျိုးတွေ နေထိုင်ကြတာ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုဖြစ်ပွားတဲ့ စက်တင်ဘာ ၂၂ ရက်နေ့ကနေ အခုချိန်ထိ ရွာသားတွေဟာ ဘုန်းကြီးကျောင်းမှာ နေထိုင်ကြပြီး ရွာက ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းလည်း ပိတ်ထားရတယ်လို့လည်း ပြောပါတယ်။

ဖြစ်စဉ်အသေးစိတ်နဲ့ ပတ်သက်ပြီး ကောင်းဝှက်ရွာကို ဒီမနက်ပိုင်းရောက်ရှိသတင်းယူတဲ့ ဒီဗွီဘီသတင်းထောက် ခွန်ဇော်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

လက်နက်ကြီးနဲ့ရွာထဲကို ပစ်ချတာက ဘယ်တပ်ကလို့ ပြောလဲ။
“တပ်မတော်စစ်ကြောင်းလို့ ပြောတယ်။ စစ်ကြောင်းက ၁၀၅ မိုင်ကနေပြီး လားရှိုးဘက်ကို ဆင်းလာတဲ့ စစ်ကြောင်းကနေပြီး ခြောက်လန့် ပစ်ခတ်တယ်။ ပြီးတော့ ယာဉ်တန်းပေါ်ကနေ ဆင်းပြီးတော့ ရွာထဲကို ပစ်တယ်။ ဘုန်းကြီးကျောင်းတွေပါ ထိတယ်။ နေအိမ် ၁၀ လုံး ၁၆ လုံးလောက်ထိတာပေါ့။ ”
တပ်မဘယ်လောက်လဲ။
“ရွာသားတွေပြောတာကတော့ တပ်မ ၉၉ လို့ ပြောတယ်။ သူတို့ အဲဒီတိုင်းပဲပြောတာပါပဲ။ မြင်လာဆိုတော့လည်း မမြင်ဘူး။ အဲလို ဖြစ်နေတယ်။ အဲတော့ တပ်မတော်ယဉ်တန်းတခုလို့ပဲ ပြောလို့ရမှာပေါ့။ ”

ကိုခွန်ဇော်ဦးအနေနဲ့ အဲဒီရွာကို ရောက်ခဲ့တယ်ဆိုတော့ ဘာတွေတွေ့ခဲ့ရလဲ။
“အပျက်အစီးတွေ၊ ခေါင်မိုးတွေ ပျက်စီးတယ်။ ပြီးတော့ သိမ်ပေါ့နော်။ သိမ်မှာသွားပြီးတော့ မှန်တယ်။ စောင်းတန်းတွေမှာ မှန်တယ်။ ကိုရင်လေးတွေ စာသင်တဲ့နေရာ စာသင်ဆောင်တွေ မှန်တယ်ပေါ့နော်။ ကျောင်းထဲမှာလည်း တချို့လက်နက်ဆံတွေ ကျတာတွေ ရှိတယ်။ ”

ကျွဲ၊ နွားတွေလည်း ထိတယ်လို့ ပြောတယ်ဆိုတော့အဲဒါ ဘယ်လိုအခြေအနေရှိလဲ။
“ကျွဲကတော့ မသေပါဘူး ဒီတိုင်းမှန်တာပဲ ရှိတယ်။ နှာခေါင်းနားက ဖြတ်မှန်တာ။ ဗုံးစံမှန်တယ်လို့ အဲလိုပဲ ယူဆလို့ ရတာပေါ့နော်။ နေအိမ်ထဲက တချို့အိမ်တွေက ဗိုက်ဆံတွေဘာတွေတော့ ယူသွားတာရှိတယ်။ တရုတ်ငွေယွမ် ၅၀၀၀၀နဲ့ ၅၀၀ ပြီးတော့ မြန်မာငွေက ၁၅ သိန်းလို့ ပြောတယ်။ နောက်တအိမ်ကျတော့ ၃ သိန်းခွဲမလား မသိဘူး ပါသွားတယ် ပြောတယ်။”

ရွာကို ကိုယ်တိုင်ရောက်ခဲ့တယ်ဆိုတော့ ရွာလူကြီးနဲ့ရောတွေ့ခဲ့လား။
“ရွာလူကြီးနဲ့တော့ ဗျူးခဲ့ပါတယ်။ သူတို့ကတော့ ရွာထဲမှာ ဘာတပ်ဖွဲ့မှမရှိဘဲနဲ့ ဒါ သက်သက်မဲ ဒီဥစ္စာခြောက်လန့်ပြီးတော့ ပစ်ခတ်တယ်ပေါ့နော်။ ရွာကတော့ ပလောင်ရွာပဲ။ ”

အဲဒီရွာမှာ အရင်တုန်းက တအောင်းပလောင်တွေ သွားလာကျက်စားတဲ့ရွာလား။
“တခြားသတင်းတွေအရတော့ အဲလိုလည်း ပြောလို့ရတယ်။ ရွာသားတွေကတော့ သူတို့အဲလို မပြောဘူးဗျာ။ ”

သူကြီးက ဒီပြင့်ဘာတွေ ပြောသေးလဲး ထိခိုက်နစ်နာ သေဆုံးပျက်စီး စသဖြင့် ဘာပြောသေးလဲ။
“လူသေတာတော့ မရှိဘူး။ ကောင်မလေးတယောက်က သူကြီးရဲ့ အမျိုးသမီးပေါ့နော်။ ပေါင်မှာ နည်းနည်းလေး ဗုံးစမှန်သွားတာရှိတယ်။ နည်းနည်းညိုကွက်သွားတာတော့ရှိတယ်။ ပြီးတော့ သူတို့အိမ်ကိုလည်း ထိတယ်ပေါ့နော်။ အိမ်ထဲမှာ သွပ်တွေဘာတွေတော့ ပေါက်သွားတယ်။ ”

ပစ္စည်းတွေလည်း လုသွားတဲ့ဥစ္စာ ဘယ်လောက်မှန်းသလဲ။
“ယွမ်း ၅၀၅၀၀ ရယ် မြန်မာငွေအားလုံး ပေါင်းမယ်ဆိုရင် ၁၈ သိန်းကျော်လောက်ရှိမှာပေါ့။ ၁ ယွမ်ကို ၂၀၀ လောက်ကျတယ်လေ။ သိန်း ၁၀၀ ကျော်လို့ သူတို့ခန်းမှန်းတယ်။ ပြီးတော့ မြို့နယ် အုပ်ချုပ်ရေးပိုင်း ကလည်း မနေ့တုန်းက ကွင်းဆင်းပြီးမှာ အပျက်အစီးစာရင်းတွေကို လာပြီးမှ ယူသွားတယ်လို့ပြောတယ်။ မူဆယ်မြို့နယ်ကပေါ့နော်။ မူဆယ်အုပ်ချုပ်ရေးပိုင်းက လာသွားတယ်။ ”

အဲလို ပစ်ခတ်တယ်ဆိုတော့ ရွာသားတွေက ထွက်ပြေးကြလား။
“ရွာသားတွေက ရွာဦးဘုန်းကြီးကျောင်းတယ်ပေါ့နော်။ ဓမ္မရိပ်သာဖွင့်ထားတယ်။ ကုမာရရာမလားမသိဘူး အဲဒီကျောင်းတိုက်မှာ အားလုံးစုပြီးမှ တရွာလုံးက သွားအိပ်ကြတယ်ပေါ့နော်။ ပြီးတော့ မူကြိုကျောင်းတွေလည်း ပိတ်ထားတယ်။ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းလေးလည်း သူတို့ ပိတ်ထားရတယ်။ ပြီးတဲ့အခါကျတော့ ရွာသားတွေ တောင်ယာဆင်းပြီးတော့မှ အလုပ်မလုပ်နိုင်ဘူးဖြစ်နေတယ်။”

ကိုခွန်ဇော်ဦး မျက်စိတဲ့မြင်ခဲ့သလောက် ဗုံးက ဘယ်နှလုံးလောက်ကျတယ်။ ရွာထဲကို ပစ်ထည့်တယ်ဆိုတော့ ထိရင်လည်သေမှာပေါ့ အဲဒါ ဘယ်လိုရှိလဲ၊
“ဟုတ်ကဲ့ တချို့ဟာတွေက ပေါက်တယ်။ ၃ လုံးက မပေါက်ဘူး။ တချို့ဟာကျတော့ ပေါက်တယ်။ တချို့ကျတော့ အိမ်ထဲ ၀င်သွားတာ ရှိတယ်။ တီဗွီတွေဘာတွေ ကွဲသွားတာတွေတော့ ရှိတယ်။ ဗုံးသီးက မော်တာတွေလို့ ပြောတယ်ဗျာ။ ငှက်ပျောဖူးပုံစံပေါ့နော်။ ဘာအမျိုးအစားလဲတော့ ကျနော်မသိဘူး။ ဓာတ်ပုံတွေတော့ယူလာခဲ့တယ်။ ”

အဓိကသတင်းက ဒီမှာရေးထားတာ တပ်မ ၉၉ ဆိုပြီးတော့ ရေးထားလို့လေ။
“ရွာသားတွေကတော့ သတ်သတ်မှတ်မှတ်မသိဘူးလို့ ပြောတယ်။ တချို့က ရွာထဲမှာ တောင်ယာ ဆင်းကြတာလေ။ တပ်မ ၉၉ က ဒီဖက်ပြန်ပြီး မုန်းပေါ်ဘက်ကနေပြီး ပြန်ဆုတ်လာတဲ့အခါကျတော့ ၉၉ လို့ပဲ သူတို့က အဲလို့ပဲ ရောချတဲ့ပုံစံ ဘယ်သူမှတော့ မမြင်လိုက်ဘူး။ အားလုံးက ၀ပ်နေကြတဲ့ပုံစံ အဲလိုဖြစ်နေတာ။ ”

ရွာက ရွာအကြီးလား။
“ရွာက ဒီတရုတ်-မြန်မာ ပြည်ထောင်စုလမ်းမဘေးနားက ရွာတန်းရှည်လေးလို့ပဲ ပြောလို့ရမှာပေါ့။ ကားလမ်းရဲ့ ဟိုဖက်မှာလည်း အိမ်ရှိတယ်။ ဒီဖက်မှာလည်း အိမ်ရှိတယ်။ ”

ဒေသခံဒုက္ခသည်တွေနဲ့တွေ့တော့ကော ဘာတွေ ပြောကြလဲ။
“သူတို့ကတော့ ကြောက်တာ၊ စိုးရိမ်ထိတ်လန့်တယ်လို့ပြောတယ်။ ဒီလိုမဖြစ်ရင်တော့ ကောင်းတယ်ပေါ့။ အဖိုးကြီးတယောက်က ပြောတာက သူ့အသက် ၆၀ ရှိပြီ။ တခါမှ ဒီလို မကြုံဖူးဘူးလို့ပြောတယ်။ ”

ဓာတ်ပုံ- ခွန်ဇော်ဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013