DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် နေရာချထားရေး သမ္မတကြည့်ရှုညွှန်ကြား
DVB
·
September 23, 2015
ချင်းပြည်နယ်တွင် နေရာချထားရေး သမ္မတကြည့်ရှုညွှန်ကြား
Donate to DVB

လွန်ခဲ့တဲ့လပိုင်းက မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ဆောင်းရာသီ မရောက်မီ ပြန်လည်ဆောက်လုပ်ပေးဖို့ ချင်းပြည်နယ်ဟားခါးမြို့ ရောက်ရှိစဉ်  သမ္မတဦး သိန်းစိန်က ပြောကြားပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့တွေဟာ စက်တင်ဘာလ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့ ပြန်လည်ထူထောင်ရေးအခြေအနေကို သွားရောက်လေ့လာခဲ့အပြီး ချင်းပြည်နယ် ဟားခါးမြို့ကိုလည်း သွားရောက်ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် ဟားခါးမြို့က သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ဆောင်းရာသီမတိုင်ခင် ပြန်လည်နေရာချထားရေးအတွက် လုပ်ဆောင်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ဟားခါးမြို့ခံ ဦးဇာအောင်က ပြောပါတယ်။

“ဒီဒုက္ခသည်တွေ နေရာချထားရေးကို ဆောင်းရာသီ မကျရောက်ခင်မှာ အပြီးဆောက်ပေး မယ်ဆိုပြီးတော့ အားပေးစကားတွေပြောသွားတယ်။”

လက်ရှိမှာတော့ မြေပြိုမှုကြောင့် ပျက်စီးသွားခဲ့တဲ့ နေအိမ်တွေအတွက် ပြန်လည်နေရာချထားရေးအတွက်နေရာ ရွေးချယ်ထားပြီလို့ ဦးဇာအောင်က ပြောပါတယ်။

“နေရာကတော့ အခုရွေးထားတာတော့ရှိတယ်။ ဒါပေမယ့် ဘာမှမလုပ်ကိုင်ရသေးဘူး။ အခုကတော့ အဲဒီနေရာကို ဘာမှ ရှင်းလင်းတာတွေ ဘာမှတော့မလုပ်သေးဘူး။ ”

သမ္မတကတော့  မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ဆောင်းရာသီ မရောက်မီ ပြန်လည်ဆောက် လုပ်ပေးဖို့လိုကြောင်း၊ မြို့သစ်ကို ရွှေ့ပြောင်းကြမယ့် မိသားစုတွေအတွက် ရေ၊ လျှပ်စစ်မီး၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေကို မြို့အင်္ဂါရပ်နှင့်အညီ တည်ဆောက်ပေးဖို့  လိုအပ်ကြောင်းလည်း ပြောဆိုသွားပါတယ်။

ဒါ့အပြင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ပြင်ဆင်ဆောက်လုပ်သွားမယ်လို့လည်း ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့တွေ့ဆုံစဉ် ပြောဆိုသွားခဲ့ကြောင်း အစိုးရပိုင်သတင်းမှာ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်ထဲက မြို့ ၉ မြို့မှာ သဘာဝဘေးအန္တရာယ်ကြောင့် မြေသား မခိုင်တာတွေဖြစ်ခဲ့ပြီး အိမ်ပေါင်း ၂ ထောင်လောက်ပြောင်းရွှေ့ရမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လတွေက ရေကြီး မြေပြိုတာတွေကြောင့် ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ပလက်ဝ စတဲ့ မြို့ ၇ မြို့မှာ အိမ်ပေါင်း ၁၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

သီတဂူဆရာတော်ကြီးနဲ့  သီတဂူသာသနာပြုအဖွဲ့ကလည်း မနေ့က ချင်းပြည်နယ် သဘာဝဘေးအတွက် ပျက်စီးသွားတဲ့ ဘုန်းတော်ကြီးကျောင်းတွေအတွက် ကျပ်ငွေ သိန်း ၁၅၀၀ လှူန်ဒါန်းခဲ့သလို ပျက်စီးသွားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေအတွက်လည်း သိန်းပေါင်း ၁၅၀၀ လှူန်းဒါန်းသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013