DVB Logo
Home
မြန်မာသတင်း
ကိုကိုးကျွန်းတွင် ပြည်ခိုင်ဖြိုး စတင်မဲဆွယ်၊ အန်အယ်လ်ဒီ သွားခွင့်မရသေး
DVB
·
September 23, 2015
ကိုကိုးကျွန်းတွင် ပြည်ခိုင်ဖြိုး စတင်မဲဆွယ်၊ အန်အယ်လ်ဒီ သွားခွင့်မရသေး
Donate to DVB

မဲဆန္ဒရှင် ၈၀၀ လောက်ပဲရှိတဲ့ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ်မှာ အာဏာရ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ဒီနေ့ စတင်နေပြီး အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေတော့ ကျွန်းကို ခုထိ  သွားခွင့် မရကြသေးပါဘူး။

ပြည်သူ့လွှတ်တော် ၁ နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ စုစုပေါင်း နေရာ ၃ ခုမှာ ပြိုင်ဆိုင်ကြမယ့် ကိုကိုးကျွန်းမှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ်တို့ပဲ  ပါဝင်ယှဉ်ပြိုင်ကြဖို့ ရှိပါတယ်။

ကိုကိုးကျွန်း ပြည်သူ့လွှတ်တော် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက အခုလ ၁၇ ရက်မှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ သွားဖို့လုပ်တဲ့ သင်္ဘောခရီးစဉ်မှာ ပစ္စည်းတွေပဲ သယ်သွားပြီး လူလိုက်ပါခွင့်မပြုလို့ သက်ဆိုင်ရာက အကြောင်းကြားခဲ့လို့ သူတို့ လိုက်ပါခွင့်မရဘဲ ကျန်ရစ်ခဲ့တယ်၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ကတော့ ၂၂ ရက်ကသွားတဲ့ လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါသွားနိုင်ပြီး မဲဆွယ်စည်းရုံးရေး စတင်နိုင်ခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ပြည်ခိုင်ဖြိုးပါတီက တိုင်းဒေသကြီး ၁ မှာ ၀င်ပြိုင်မယ့် ဦးတင်ဝင်းကတော့ မဲဆွယ်ကာလ မတိုင်မီကတည်းက ကိုကိုးကျွန်းကို ရောက်နေတယ်လို့ ကျနော်တို့ ကြားပါတယ်။ ၂၂ ရက် ၉ လ အင်္ဂါနေ့က ကြံ့ခိုင်ရေးက ယှဉ်ပြိုင်မယ့် ရေတပ်ကာကွယ်ရေးဦးစီးချုပ် အငြိမ်းစား သူရဦးသက်ဆွေ လေယာဉ်နဲ့ ပါသွားတာ သိရပါတယ်။ ဒီနေ့ဆို ကိုကိုးကျွန်းမှာ ဦးသက်ဆွေရယ်၊ ဦးတင်ဝင်းရယ်၊ ဒေသခံ ကိုအောင်နိုင်ရယ် ၃ ဦးဟာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါပြီ။ ကျနော်တို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်များကတော့ ဒီနေ့ထိ မသွားရသေးပါဘူး။”

ကိုကိုးကျွန်းမှာ ရပ်ကွက် ၂ ခု၊ မဲရုံ ၂ ခုရှိပြီး မဲပေးနိုင်သူပေါင်း ၈၀၀ လောက်ရှိပါတယ်။ ဒီထဲမှာ စစ်တပ်၊ ရဲနဲ့ ၀န်ထမ်းက ၄၀၀ ကျော် ရှိပါတယ်။

ကိုကိုးကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ဇော်က ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးနေကြပြီဆိုတာ အတည်ပြု ပြောပေမယ့် အသေးစိတ်ပြောဖို့ ငြင်းပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်စိုးကတော့ ကိုယ်စားလှယ်တွေ သွားလာရေးကိစ္စဟာ အဓိက အုပ်ချုပ်ရေးအဖွဲ့နဲ့ပဲ သက်ဆိုင်တယ်လို့ ပြောပါတယ်။

“ဟိုဘက်ကသွားတာ ကျနော် မသိပါဘူး၊ ဘယ်အချိန် လေယာဉ်ပျံရှိတယ် ဆိုတာလည်း ကော်မရှင်အနေနဲ့ မသိနိုင်ပါဘူး၊ ဒါတွေက အစိုးရအဖွဲ့က လုပ်တဲ့ကိစ္စတွေပါ။ အဲ့လို သွားတဲ့လာတဲ့ ကိစ္စတွေမှာ ကော်မရှင်အနေနဲ့ အသေးစိတ် လိုက်လုပ်မပေးပါဘူး။ ကျနော်တို့ အလုပ်လည်း မဟုတ်ဘူး၊ အကောင်းဆုံးကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြတာ အကောင်းဆုံးပဲ။”

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ကိုကိုးကျွန်း သွားလာခွင့်ရဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တိုင်းအစိုးရအဖွဲ့တို့ထံ စက်တင်ဘာ ၂၂ ရက်မှာ စာပို့ အကြောင်းကြားထားပါတယ်။

ကိုကိုးကျွန်းမှာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေပဲ ပြိုင်ဘက်မရှိ အနိုင်ရခဲ့ကြတာပါ။

ဒီတကြိမ် ရွေးကောက်ပွဲမှာလည်း ဒုတိယသမ္မတနေရာအတွက် လျာထားတယ်လို့ သတင်းတွေ ထွက်နေတဲ့ ရေတပ် ဦးစီးချုပ်ဟောင်း သူရဦးသက်ဆွေဟာ ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာက ၀င်ပြိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013