DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု ဒီအန်အေ စစ်ဆေးချက် ယုံကြည်စရာအကြောင်း မရှိဟု ထိုင်းမှုခင်းဆရာဝန်ပြော
DVB
·
September 22, 2015
လိပ်ကျွန်းလူသတ်မှု ဒီအန်အေ စစ်ဆေးချက် ယုံကြည်စရာအကြောင်း မရှိဟု ထိုင်းမှုခင်းဆရာဝန်ပြော
Donate to DVB

မြန်မာလူငယ်နှစ်ဦးကို တရားစွဲထားတဲ့ ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်းလူသတ်မှုမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဒီအန်အေ (မျိုးရိုးဗီဇ) စစ်ဆေးမှုတွေဟာ လုပ်ထုံးလုပ်နည်းလွဲမှားတာကြောင့် ယုံကြည်စရာအကြောင်း မရှိဘူးလို့ ထိုင်းအမျိုးသားမှုခင်းဆေးသိပ္ပံဌာနက မှုခင်းဆရာဝန် ၂ဦးက တရားခွင်မှာ ဒီကနေ့ ထွက်ဆိုကြပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ  ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  အဲဒီအမှုကို  ကော်ဆမွီခရိုင်တရားရုံးမှာ ဆက်လက်စစ်ဆေးနေတာ ဖြစ်ပါတယ်။

တရားရုံးတက်တဲ့ မြန်မာသံရုံးအထူးအဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးအောင်မျိုးသန့်က “မနက်ပိုင်းမှာ ထိုင်းအမျိုးသားမှုခင်းဆေးသိပ္ပံဌာနက မှုခင်းဆရာဝန်တဦးက သူတို့ စစ်ဆေး တွေ့ရှိချက်ကို ထွက်ဆိုပါတယ်။ အဲဒီမှာ ပီနံအိတ်တို့၊ ညှပ်ဖိနပ်တို့၊  ပေါက်တူးရိုးတို့ ပါတယ်။ ဝေဖြိုးရဲ့ ဒီအန်အေနဲ့တူတာ တွေ့ပေမယ့် အဆင့်မီပြည့်စုံမှု မရှိဘူး။ နောက်တခုက ကလေးတွေ ရဲ့ ဒီအန်အေစစ်ဆေးမှုက အချိန်တိုတောင်းတယ်။ သာမာန်အားဖြင့် ဒီအန်အေစစ်ရင် အချိန် ၂၀ ရက်ပေးရတယ်။ အရေးပေါ်အမှုမှာ ၁၀ ရက်အချိန်ကြာတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က ကလေး ၂ ယောက်ရဲ့ဒီအန်အေကို  ၂၊ ၁၀၊ ၂၀၁၄ မှာ ယူတယ်။ ၃ ရက်နေ့မှာ သရုပ်ပြခိုင်းတယ်။ ၅၊ ၁၀၊ ၂၀၁၄ မှာ ဒီအန်အေတူကြောင်း အကြောင်းပြန်တယ်။ ဒါကြောင့် ၃ ရက်အတွင်း ဒီအန်အေစစ်ပြီးတယ်ဆိုတာ ဘယ်လိုမှ ယုံကြည်စရာအကြောင်း မရှိဘူးလို့ ထွက်ဆိုပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူ၊ မုဒိမ်းကျင့်ခံရသူရဲ့ အ၀တ်အစားတွေကို ဒီအန်အေစစ်ဆေးမှုမပြုဘဲ ရဲက သိမ်းထားခဲ့ကြောင်း၊ မုဒိမ်းမှုမှာ အထောက်အထားနဲ့ ပတ်သက်တဲ့အရာအားလုံး ဓာတ်ပုံနဲ့ အဆင့်လိုက်မှတ်တမ်းတင်ပြီး တင်ပြရမယ့် အချက်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ညနေပိုင်း ၂ နာရီအချိန်မှာတော့ ယခင်က ကော့ဖငန်းကျွန်းမှာ ရဲမှူးကြီးဖြစ်ခဲ့ဖူးပြီး လက်ရှိ ထိုင်းအမျိုးသား မှုခင်းဆေးသိပ္ပံဌာနကို ရောက်ရှိသွားတဲ့ မှုခင်းရဲဆရာဝန်တစ်ဦးက ထွက်ဆိုခဲ့ပါတယ်။

အဆိုပါရဲမှူးကြီးမှလည်း လုပ်ထုံးလုပ်နည်းအရ မျက်မြင်သက်သေမရှိတဲ့ လူသတ်မှုမှာ သေသူရဲ့ အလောင်းကို ဆေးရုံမှာဘဲ ထားရှိပြီး မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းစစ်ဆေးရမှာ ဖြစ်ကြောင်း ဒီအချက်ကို ရဲတပ်ဖွဲက ဆောင်ရွက်ချင်းမရှိခဲ့သလို နောက်တချက်က မုဒိမ်းကျင့်ခံရသူရဲ့ အင်္ဂါစပ်က အမွှေးအမျှင်များကို ဘီးနဲ့ ခြစ်ထုတ်ပြီး တရားခံရဲ့ တန်ဆာက အမွှေးအမျှင်နဲ့ပါ တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း၊ ဒါတွေလည်း မလုပ်ဆောင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေတွေကို စက်တင်ဘာ ၁ ရက်နေ့အထိ စစ်ဆေးခဲ့ပြီး အခုတကြိမ်ဟာ တရားခံနဲ့ တရားခံပြသက်သေတွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။

ကော့်ဆမွီခရိုင်တရားရုံးက ဒီတခေါက် စစ်ဆေးမှုကို  စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ  ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက  ထိုင်းအမျိုးသားမှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ပွန်ထစ်ကိုယ်တိုင် တရားခွင်မှာ လာရောက်ထွက်ဆိုခဲ့ပါတယ်။ ဒေါက်တာပွန်ထစ်က လူသတ်လက်နက်ဖြစ်တဲ့ ပေါက်တူးရိုးကို စစ်ရာမှာ ပေါက်တူးရိုးပေါ်မှာ တွေ့တဲ့ ဒီအန်အေ (မျိုးရိုးဗီဇ) ဟာ တရားစွဲခံရတဲ့ မြန်မာလူငယ် ၂ ဦးနဲ့ မကိုက်ညီဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာန လက်အောက်ခံ ထိုင်းအမျိုးသား မှုခင်းဆေးသိပ္ပံဌာနဟာ ရဲမှုခင်းဌာနက စစ်ဆေးချက်အပေါ် စောဒကတက်လိုတဲ့ တရားခံတွေအနေနဲ့ အကူအညီ တောင်းခံမှုကြောင့် ဒီအန်အေ ပြန်လည်စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့သလို တွေ့ရှိချက်တွေကို တရားခွင်မှာ လာရောက်ထွက်ဆိုကြတာဖြစ်ပါတယ်။

မနှစ်စက်တင်ဘာ ၁၄ ရက်နေ့ညက လူသတ်မှုနဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝေဖြိုး (ကိုဝင်းဇော်ထွန်း) တို့ကို အောက်တိုဘာလဆန်းမှာ ဖမ်းဆီးခဲ့ပါတယ်။ လူငယ်နှစ်ဦးက ကနဦးပိုင်းက ဖြောင့်ချက်ပေးခဲ့ကြပြီးနောက် ရက်ပိုင်းအကြာမှာ သူတို့ကို ရိုက်နှက်ညှဉ်းပန်းလို့ ဖြောင့်ချက်ပေးခဲ့တာပါဆိုပြီး ဖြောင့်ချက်ကို ပြန်ရုပ်သိမ်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013