
အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီး အေအာတီဆေး သောက်နေရသူတွေကို ပိုပြီး လွယ်ကူစေဖို့အတွက် သူတို့နေထိုင်ရာ မြို့နယ်တွေမှာ ဆေးထုတ်ပေးနေပေမယ့် လာမယူသူတွေ ရှိနေတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူတွေဟာ လက်ရှိအချိန်အထိ ခွဲခြားဆက်ဆံခံနေရတဲ့အတွက် လူသိမခံချင်ကြလို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“နယ်တွေဆိုတော့ မြို့က ကျဉ်းတယ်။ လူသိသွားခဲ့ရင် သူတို့တင်မကဘူး သူတို့မိသားစုပါ ကြဉ်ဖယ်ခံရမှာမို့ အသိမခံချင်ကြတာ။ အဲဒီအတွက် အခုလို ကိုယ့်မြို့မှာ ဆေးထုတ်ရမယ်ဆိုတော့ သွားကို မထုတ်ကြတဲ့သူတွေ၊ ဆေးသောက်ပျက်တဲ့သူတွေရှိတယ်” လို့ Myanmar Positive Group ရဲ့ အကြံပေးပုဂ္ဂိုလ် ကိုဗညားဦးက ဒီဗွီဘီကို ပြောပါတယ်။
မန္တလေးတိုင်းက အေအာတီဆေးသောက်နေသူရဲ့ သုံးပုံတပုံလောက်က နယ်တွေက ဖြစ်တယ်လို့ သူက ခန့်မှန်းပါတယ်။
Myanmar Positive Group ရဲ့ ဒုတိယဥက္ကဋ္ဌ စိုင်းဟတ်ခေးက “အစကတော့ မန္တလေးမှာ လာထုတ်ရတာ ခရီးစရိတ်ကုန်တယ် စသည်ဖြင့် ပြောကြတယ်။ ခုလို ခွဲပေးလိုက်တော့လည်း သွားမထုတ် ဖြစ်ကြပြန်ဘူး။ ဆေးသောက်ပျက်ကွက်ရင် နောက်လိုင်း (နောက်တဆင့်) ကို ပြောင်းရမယ်။ ဒီမှာလှူထားတဲ့ ဆေးတွေက ပထမလိုင်းနဲ့ ဒုတိယလိုင်းပဲရှိတယ်။ တတိယလိုင်း သောက်ရတော့မယ်ဆိုရင် ငွေကြေးအရလည်း များသွားမယ်။ မလွယ်ဘူး” လို့ ပြောပါတယ်။
ကိုဗညားဦးက “ကျနော့်မိတ်ဆွေတယောက်ဆိုရင် ဆေးသွားမယူဘဲ တတ်နိုင်သလောက်တော့ အပြင်က ၀ယ်သောက်နေတယ်လို့ ပြောတယ်။ သူသောက်မသောက်ကတော့ သွားလည်းမကြည့်နိုင်ဘူးလေ” လို့ ဆက်ပြောပါတယ်။
အေအာတီဆေးသောက်နေရင် ပုံမှန်သောက်ဖို့၊ ကိုယ်ခံအားနဲ့ အခြေအနေတွေကို ပုံမှန် စစ်ဆေးဖို့ လိုအပ်ပြီး ဆေးသောက်ပျက်ကွက်ခဲ့ရင် ပိုပြီး အဆင့်မြင့်တဲ့ ဆေးတွေကို သောက်ရမှာပါ။
အထက်မြန်မာပြည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါနဲ့ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်း တာဝန်ခံဆရာဝန်ကြီး ဒေါက်တာသန်းဝင်းကတော့ ဒီလို နယ်မြို့တွေကို ဆေးမပေးခင် အဆင်ပြေ၊ မပြေကို မေးမြန်းပြီးမှ ခွဲပေးတာပါလို့ ဒီဗွီဘီကို ပြောပါတယ်။
ကုလသမဂ္ဂ စာရင်းတွေအရ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူ ၂ သိန်း တသောင်းကျော်ရှိပြီး အေအာတီဆေး သောက်သုံးနေသူ ၈ သောင်းခွဲကျော် ရှိပါတယ်။











