DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများ မဲစာရင်း သွားကြည့်ကြရန် အိန်ဂျလီနာဂျိုလီ တိုက်တွန်း
DVB
·
September 19, 2015
မြန်မာပြည်သူများ မဲစာရင်း သွားကြည့်ကြရန် အိန်ဂျလီနာဂျိုလီ တိုက်တွန်း
Donate to DVB

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အသက်ပြည့်သူတိုင်း မဲပေးနိုင်အောင် မဲစာရင်းသွားကြည့်ကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ အထူးသံတမန် ကမ္ဘာကျော်ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး အိန်ဂျလီနာဂျိုလီက မြန်မာပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီမိုကရေစီစနစ်မှာ မဲတပြားဟာ အရေးပါတာကြောင့် ကိုယ့်အတွက်သာမက ကိုယ့်မိသားစု၊ မိတ်ဆွေတွေအတွက်ပါ မဲစာရင်းသွားကြည့်ပေးဖို့ ဂျိုလီက တိုက်တွန်းလိုက်တာပါ။

“ဒီရွေးကောက်ပွဲ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ ကျမရဲ့ မြန်မာပြည်ခရီးစဉ်အရ သိရှိရပါတယ်။ မိတ်ဆွေတွေအနေနဲ့ မဲပေးဖို့ အခွင့်အရေးကိုရယူဖို့ ကျမတိုက်တွန်းချင်ပါတယ်။ ဒါမှ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရှင့်ရဲ့ မဲကိုလည်း ထည့်ရေတွက်နိုင်မှာပါ။ နောက်ကျမကျန်ခဲ့နဲ့နော်၊ ဒီအချိန်ဟာ သမိုင်းဝင် အခိုက်အတန့်မို့ ပါဝင်ကြပါ။ သွားပြီး မဲစာရင်းစစ်ပါ။ မဲစာရင်းမှာ နာမည်ပါမပါ သေချာစစ်ပါ။ ဒါမှ ရွေးကောက်ပွဲနေ့မှာ မဲထည့်နိုင်မှာပါ။ ကိုယ့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မိသားစုဝင်အားလုံးကို မဲစာရင်းစစ်ဖို့ တိုက်တွန်းပါ။ ဒီမိုကရေစီစနစ်တခုမှာ မဲပြားတိုင်းက အရေးပါတယ်။”

မြန်မာပြည်က နာမည်ကျော် အနုပညာရှင်တွေကလည်း မြန်မာနိုင်ငံရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ နောက်ကျမကျန်ဘဲ မဲထည့်နိုင်အောင် နာမည်ပါမပါ သွားကြည့်ဖို့  နှိုးဆော်ထားပါတယ်။

နာမည်ကြီးအဆိုတော် ဖြူဖြူကျော်သိန်းက “ဖြူဖြူတို့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာပါ။ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ဖို့ဆိုတာ ကိုယ့်ရဲ့ အခွင့်အရေးပါ။ ချစ်ပရိသတ်ကြီးရေး ကိုယ်နဲ့ ကိုယ်မိတ်ဆွေတို့ မဲစာရင်းကြည့်နေတဲ့ ပုံတွေကို selfie တွေရိုက်။ # Myanmar Vote ကို အတက်ခ်ျလုပ်ပြီးတော့ လူမှုကွန်ရက်စာမျက်နာပေါ်တင်ပြီး ပါဝင်ကူညီကြပါစို့နော်” လို့ ပြောပါတယ်။

ရုပ်ရှင်သရုပ်ဆောင် နေတိုးက “နောက်ကျမကျန်ခဲ့နဲ့နော် မဲပေးဖို့၊ စာရင်းပေးမထားရင် ရွေးကောက်ပွဲနေ့မှာ မဲပေးလို့ရမှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နောက်ဆုံးအကြိမ် မဲစာရင်းတွေကို  စက်တင်ဘာ ၁၄ ရက်ကနေ ၂၇ ရက်အထိ တနိုင်ငံလုံးအနှံ့ သက်ဆိုင်ရာရုံးတွေမှာ ကပ်ထားပေးပါတယ်။

ပြည်သူတွေကတော့ အခုထုတ်တဲ့ မဲစာရင်းမှာ အက္ခရာ စဉ်လိုက်ထုတ်ပြန်ထားတာကြောင့် နာမည်ရှာရတာ အခက်အခဲရှ်ိတယ်လို့ ပြောဆိုနေကြပါတယ်။

ဒီတကြိမ်ထုတ်ပြန်တဲ့ မဲစာရင်းမှာ နာမည်စာရင်းမပါတာ၊ မှားတာတွေကို ၂၇ ရက်နေ့ နောက်ဆုံး တင်သွင်းဖို့ ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အရင်ခန့်မှန်းချက်အရ တနိုင်ငံလုံး မဲပေးပိုင်ခွင့်ရှိသူ သန်း ၃၀ လောက်ရှိပြီး အခု ထပ်တိုးလာတဲ့ စာရင်းတွေနဲ့ဆို မဲပေးနိုင်သူဦးရေ ၃၂ သန်းကျော်လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013