DVB Logo
Home
Lead Story
၂၀၁၅ စင်ကာပူ ရွေးကောက်ပွဲရလဒ်နဲ့ အနာဂတ် အလားအလာ
DVB
·
September 19, 2015
၂၀၁၅ စင်ကာပူ ရွေးကောက်ပွဲရလဒ်နဲ့ အနာဂတ် အလားအလာ
Donate to DVB

စက်တင်ဘာ ၁၁ ရက်နေ့က ကျင်းပသွားခဲ့တဲ့ စင်ကာပူနိုင်ငံရဲ့ လီကွမ်ယူခေတ်အလွန် ပထမဆုံး ရွေးကောက်ပွဲကတော့ ပြီးသွားခဲ့ပါပြီ။ စင်ကာပူပြည်သူလူထု ၅ ဒသမ ၄၇ သန်းထဲက မဲပေးခွင့်ရှိသူ ၂ ဒသမ ၄ သန်းက သူတို့နိုင်ငံရဲ့ အစိုးရဖြစ်လာမယ့် ပါတီကို မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကို သြဇာလွှမ်းမိုးခဲ့တဲ့ နိုင်ငံတည်ထောင်သူ လီကွမ်ယူ ကွယ်လွန်သွားပြီးတဲ့နောက် ပထမဆုံး ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ဖြစ်တဲ့အတွက်  စင်ကာပူနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစပြီး အတိုက်အခံ ယှဉ်ပြိုင်မှု အများဆုံးနဲ့ အကျယ်ပြန့်ဆုံး ရွေးကောက်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

အတိုက်အခံပါတီ ၈ ခုနဲ့ တသီးပုဂ္ဂလ ယှဉ်ပြိုင်သူတွေက လွှတ်တော်အမတ်နေရာ ၈၉ နေရာအတွက် ယှဉ်ပြိုင်အရွေးခံခဲ့ကြတာ ဖြစ်ပါတယ်။ အခု အနိုင်ရသွားတဲ့ အာဏာရ ပီအေပီပါတီကတော့ ဆက်တိုက်ကျဆင်းလာတဲ့ လူထုထောက်ခံမှု ၂၀၀၁ ခုနှစ်မှာ ၇၅ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၀၆ ခုနှစ်မှာ ၆၆ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ၂၀၁၁ ခုနှစ်မှာ ၆၀ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့တာကို ရင်းစားပြန်ရဖို့ ကြိုးစားတဲ့နေရာမှာ ကွယ်လွန်သူ လီကွမ်ယူလက်ထက်က

ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုတွေနဲ့ အရှိန်သြဇာကို အသုံးပြုပြီး ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၁ ခုနှစ်က ရွေးကောက်ပွဲအပေါ် ပြည်သူလူထုရဲ့ မကျေမနပ် ဖြစ်မှုကလည်း သိသာထင်ရှားရှိနေဆဲ ဖြစ်ပြီး လိုအပ်မှုအရဆိုပြီး ဖွင့်ပေးထားတဲ့ လူဝင်မှုဆိုင်ရာ မူဝါဒတွေက လူထု သယ်ယူပို့ဆောင်ရေးကို ပြွတ်ကျပ်လာစေခဲ့တာနဲ့ အိမ်ဈေးတွေတက်လာ၊ တိုးများလာတဲ့ လူဦးရေနဲ့ လိုက်ဖက်မှုမရှိတဲ့ အခြေခံအဆောက်အဦပဲ ရှိနေသေးတဲ့ စင်ကာပူနိုင်ငံရဲ့ အခြေအနေတွေအပေါ် ပြည်သူလူထုက မကျေမနပ် ဖြစ်နေခဲ့ကြတာပါ။ တကယ်လည်း လူထုတိုက်ခန်းတွေမှာ တန်းအရှည်ကြီး စီနေရတဲ့ လူတွေကိုကြည့်ပြီး လူငယ်စုံတွဲတွေ လက်မထပ်ရဲ ဖြစ်နေကြသလို ခေတ်မီမြို့ပြတွေမှာ ကလေးသူငယ် စောင့်ရှောက်ရေးဌာနတွေ  မလုံမလောက် ဖြစ်နေတာတွေကလည်း လက်ထပ်ပြီးကာစ လူငယ်စုံတွဲတွေအတွက် ကလေးရယူဖို့ အဆင်မပြေနိုင်အောင် ဖြစ်နေခဲ့တာပါ။ နိုင်ငံထဲကို မကြုံစဘူး ၀င်ရောက် နေထိုင်လာကြတဲ့ နိုင်ငံခြားသားတွေကြောင့်လည်း အမျိုးသားဖော်ဆောင်မှု အားပျော့လာနေတာကို တချို့က စိုးရိမ်ပူပန်မှု ရှိလာပါတယ်။

စင်ကာပူနိုင်ငံရဲ့ လုပ်ခလစာ ကွာဟမှုဟာလည်း အဓိက စိုးရိမ်ပူပန်စရာတခု ဖြစ်နေခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ငွေကြေးပျက်ကပ်ကနေ အလျှင်အမြန် ပြန်ပြီး ထူမတ်နိုင်၊ မြင့်မားတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရအောင် လုပ်ဆောင်နိုင်ခဲ့ပေမယ့် အောက်ခြေပြည်သူလူထု ၂၀ ရာခိုင်နှုန်းကတော့ အောက်တန်းနောက်တန်းမှာ စိုးရိမ်သောက ရောက်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မိသားစု အတော်များများဟာ ဆင်းရဲနွမ်းပါးမှုနဲ့ လူအိုတွေအတွက် ၀န်ပိပြီး အဆိုးသံသရာထဲမှာ ကျရောက်နေကြပါတယ်။ ဒီအချက်တွေဟာ လူသိပ်မသိနိုင်တဲ့ အုပ်စိုးသူ အခွင့်ထူးခံ အသိုင်းအ၀ိုင်းနဲ့ စင်ကာပူ သာမန်ပြည်သူလူထုကြားမှာ ရှိတဲ့ အဆက်ပြတ်မှု ဖြစ်နေခဲ့ပါတယ်။

ဒါကြောင့်လည်း ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ အာဏာရပါတီဟာ လွတ်လပ်ရေးရပြီးကတည်းက ပထမဆုံး မဲအရ အနိမ့်ဆုံး ဖြစ်သွားခဲ့ရတာပါ။ ဒီအခြေအနေတွေ ရှိနေခဲ့တဲ့အတွက် အဓိက အတိုက်အခံပါတီဖြစ်တဲ့ အလုပ်သမားပါတီက ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော်မှာ အမတ်နေရာ ၇ နေရာ ရယူနိုင်လာခဲ့ပြီး ဥပဒေ ပြင်ဆင်ရေး  မူဝါဒ အတော်များများကို လုပ်ဆောင်နိုင်ခဲ့၊ နိုင်ငံခြားသား ၀င်ရောက်မှုကိုလည်း တင်းကျပ်နိုင်ခဲ့ပါတယ်။ အိမ်ခန်းလိုသူတွေ၊ ခရီးသွားတွေ တင်းကျမ်းပြည့်နေတာကို လျှော့ချနိုင်ဖို့ အခြေခံအဆောက်အဦ တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုတွေကို အလျှင်အမြန် ဆောင်ရွက်လာခဲ့သလို တသက်တာ ကျန်းမာရေး စောင့်ရှောက်မှု အာမခံကို စပြီး ပေးလာခဲ့ပါတယ်။ ၀င်ငွေအလယ်အလတ်ရှိတဲ့ မဲဆန္ဒရှင်တွေရဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်နိုင်ဖို့ အစိုးရထောက်ပံ့ငွေ ပိုပြီး တိုးပေးခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ခဲ့တာကို ပြည်သူလူထုက ကောင်းကောင်း ကြိုဆိုခဲ့ကြတဲ့အတွက် အတိုက်အခံပါတီအတွက် မျှော်လင့်ချက် အားကောင်းလာတယ်လို့ အများက ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် မျှော်လင့်ထားတာတွေနဲ့ ဆန့်ကျင်ပြီး လွှတ်တော်အမတ်နေရာ ၈၉ နေရာစလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အာဏာရ ပီအေပီပါတီက ၈၃ နေရာ အနိုင်ရခဲ့ပြီး အတိုက်အခံ ဒဗလျူပီပါတီက ၆ နေရာကိုပဲ အနိုင်ရရှိခဲ့ပါတယ်။ နိုင်ငံရပ်ခြားမဲ မပါ မဲဆန္ဒရှင် ၉၃ ဒသမ ၅၆ ရာခိုင်နှုန်း လာရောက် မဲထည့်ခဲ့ကြပြီး ၂၀၀၁ ခုနှစ်ကတည်းက သူ့ရဲ့ အကောင်းဆုံးမဲရလဒ် ဖြစ်တဲ့ ၆၉ ဒသမ ၈၆ ရာခိုင်နှုန်းကို ပီအေပီက ရရှိခဲ့ပြီး သူ့ရဲ့ ၂၀၁၁ ခုနှစ် ရလဒ်ထက် ၉ ဒသမ ၇၂ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့တာ ဖြစ်ပါတယ်။ အတိုက်အခံ အလုပ်သမားပါတီကတော့ ထောက်ခံမဲ ၁၂ ဒသမ ၄၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကျန်တဲ့ ပါတီငယ်လေး ၇ ပါတီကတော့ ၄ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့ကြပါတယ်။

ပီအေပီပါတီရဲ့ခေါင်းဆောင် ၀န်ကြီးချုပ် လီရှန်လုံးကတော့ ၁၂ ရက်နေ့မှာ သူ့ကို ထောက်ခံသူတွေနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ပီအေပီပါတီဟာ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၆၅ ခုနှစ်ကတည်းက အာဏာရလာခဲ့တာဖြစ်လို့ အမြဲတမ်း အနိုင်ရမယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပေမယ့် အတိုက်အခံပါတီတွေ အနေနဲ့လည်း လွှတ်တော်နေရာ အားလုံးမှာ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်လာနိုင်တဲ့ ဒီရွေးကောက်ပွဲမှာတော့ ပီအေပီပါတီ လွှမ်းမိုးထားတဲ့ စင်ကာပူ နိုင်ငံရေးကို စိန်ခေါ်နိုင်လောက်တဲ့ မဲလောက်ကိုတော့ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။

အာဏာရပါတီက ၈၉ နေရာမှာ ၈၃ နေရာ အနိုင်ရရှိခဲ့တဲ့အတွက် လွှတ်တော်တွင်း အင်အားတိုးချဲ့နိုင်ခဲ့ပေမယ့် အတိုက်အခံ အလုပ်သမားပါတီကတော့ ပြီးခဲ့တဲ့လွှတ်တော်မှာ ရထားခဲ့တဲ့ ၇ နေရာထက် ၁ နေရာ လျော့နည်းသွားတဲ့ ၆ နေရာပဲ အနိုင်ရရှိခဲ့ပါတယ်။ ပီအေပီပါတီကလည်း လူထုထောက်ခံမှု ကျဆင်းနေပေမယ့် ဒီနှစ်လို နှစ် ၅၀ မြောက် စင်ကာပူ လွတ်လပ်ရေးနေ့နဲ့ တိုက်ဆိုင်ပြီး တိုင်းပြည်ရဲ့ လွတ်လပ်ရေး ခေါင်းဆောင်နဲ့ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူ မြှင့်တင်ပေးခဲ့တဲ့ မျိုးချစ်စိတ်ဓာတ်အရ သူ့အပေါ် လေးစားချစ်ခင်မှုနဲ့ လူထုထောက်ခံမှု ရရှိလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပါပဲ။ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်ဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး နှေးကွေးတုံ့ဆိုင်းမှုနဲ့ ယိမ်းယိုင်လာတဲ့ ဈေးကွက်တွေကြောင့် စီပွားရေးအရ အန္တရာယ်ရှိနေတဲ့အချိန် ဖြစ်ပါတယ်။

အတိုက်အခံပါတီ ၈ ခုကလည်း အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အိုးအိမ်အခက်အခဲတွေကြောင့် မကျေမနပ်ဖြစ်လာတဲ့ အခြေခံနဲ့ အလယ်အလတ် ပြည်သူလူထုဟာ အတိုက်အခံဆန့်ကျင်ရေး အင်အားစုအဖြစ် စုစည်းလာကြမယ့် အခွင့်ကောင်းကို ရယူဖို့ မျှော်လင့်ထားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ဆိုးဝါးလာတဲ့ သူ့ရဲ့အခြေအနေကြောင့် ပီအေပီပါတီဟာ အောက်ခြေနဲ့ အလယ်အလတ် မဲဆန္ဒရှင်တွေအတွက် ပိုပြီး ကိုင်တွယ်ဆောင်ရွက်ပေးဖို့ အတိုက်အခံတွေရဲ့ ဖိအားပေးမှုအရ ရွေးကောက်ပွဲ မတိုင်ခင် လက်ဝဲဘက်ကို နည်းနည်းယိမ်းပေးခဲ့ရတယ်လို့ ဆိုရမှာပါပဲ။

ဘာပဲဖြစ်ဖြစ် စင်ကာပူ ပြည်သူလူထု အများစုရဲ့ ထောက်ခံမဲကို အာဏာရ ပီအေပီပါတီက ရရှိသွားခဲ့တဲ့အတွက် ၂၀၁၅ စင်ကာပူ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိသွားခဲ့တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ပြန်ပြီး အနိုင်ရသွားခဲ့တဲ့ အာဏာရပါတီဖြစ်တဲ့ ပီအေပီကတော့ သူ့ရဲ့အတွေ့အကြုံအရ လူထုထောက်ခံမှု ကျဆင်းခဲ့ရတဲ့ အချက်ကို ပြန်ပြီး ပြုပြင် ထိန်းမတ်သွားဖို့ ကြိုးစားသွားမှာ ဖြစ်တဲ့အတွက် အောက်ခြေနဲ့ အလယ်အလတ် လူတန်းစား ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အနည်းနဲ့အများ ဆိုသလို ရွေးကောက်ပွဲမတိုင်ခင် ကာလကထက် ပိုပြီး ကာကွယ်စောင့်ရှောက် သက်သာချောင်ချိရေး ဆောင်ရွက်ပေးလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

စင်ကာပူ ဒီမိုကရက်တစ်ပါတီ (အက်စ်ဒီပီ) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ချီဆွန်းယွမ်ကတော့ “ကျနော်က ခု စိတ်မပူပါဘူး။ ဒီပုံစံမျိုးအတိုင်း ဆက်သွားမယ်ဆိုရင် ကျနော်တို့ လိုလားတဲ့နေရာကို ရောက်နိုင်မှာ မဟုတ်တာကိုတော့ ကျနော် ပူပန်ပါတယ်။ ဒီတော့ ကျနော်တို့ လုပ်ဆောင်မှာက စင်ကာပူနိုင်ငံအပေါ် ကျနော်တို့ ဆက်ပြီး ရိုးသားသွားမယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးကို ဆက်ပြီး ရိုးရိုးသားသား ဖြောင့်ဖြောင့်မှန်မှန်လုပ်ရင်း ကျနော်တို့ ဖြစ်စေချင်၊ လိုချင်တာကို ရအောင်လုပ်သွားပြီး ကျနော်တို့ အခု ရရှိနေတာထက် ပိုပြီးကောင်းမွန်တဲ့ အရာတခုခုကို ရရှိဖို့ မျှော်လင့်ပါတယ်” လို့ လူထုပရိသတ်ကို ပြောကြားသွားခဲ့ပါတယ်။

ရေရှည်ကြည့်မယ်ဆိုရင်တော့ အရေးအကြီးဆုံး အချက်အနေနဲ့ အခု ရွေးကောက်ပွဲရလဒ်က ၂၀၀၆ ခုနဲ့ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲရလဒ်တွေနဲ့ ဆန့်ကျင်နေခဲ့တာဟာ စင်ကာပူ မဲဆန္ဒရှင်တွေရဲ့ တကယ့်သဘောထားကို ပီပီပြင်ပြင် ပြသလိုက်လို့ပဲဖြစ်ပြီး အများစုဟာ အင်အားနဲ့ သြဇာကြီးမားတဲ့ အစိုးရရဲ့ ပဲ့ကိုင်ထိန်းကြောင်းမှုအပေါ် ယုံကြည်မှုရှိကြ၊ လတ်တလော ပြဿ  နာတွေရဲ့ အဖြေကိုသာ ရှာလိုကြသူတွေ ဖြစ်တယ်။ အဖြေတွေကိုသာ တောင်းဆိုပြီး အဖြေတွေရဲ့ အသေးစိတ် အချက်အလက်တွေဖြစ်တဲ့ အသုံးပြုတဲ့ စံပြုပုံစံ၊ ဘေးထွက် သက်ရောက်မှုတွေ ရှိနေတဲ့ တန်ဖိုးပေးချေရမှု စတာမျိုး ဒါမှမဟုတ် အဲဒီအဖြေတွေဟာ အနာဂတ်ကာလမှာ ပြဿ  နာတွေ တက်လာနိုင်မလား စတာမျိုးတွေကို သိလိုစိတ်မရှိသူတွေ ဖြစ်ကြပါတယ်။ ဒီလို မဲဆန္ဒရှင်တွေဟာ သူတို့ နာကျင်ခံစားရတဲ့အခါ ဆန့်ကျင်ကန့်ကွက်ကြမှာ ဖြစ်ပေမယ့် ရေတို ပြင်ဆင်ပြောင်းလဲမှုလေးတွေ လုပ်ပြရုံနဲ့တင် ကျေနပ် ပြေအေးသွားကြတတ်သူတွေ ဖြစ်ကြတယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။

ခုရွေးကောက်ပွဲရလဒ်ဟာ ကိုယ့်ဘာသာ ကျေနပ်နေတတ်တဲ့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံအားပေးမှုအရ လက်တွေ့မကျ အသုံးမ၀င်တော့တဲ့ အုပ်ချုပ်မှုအပေါ်မှာ ပိုပြီး အားကိုးအားထား ပြုလာကြပြီး ရှည်လျားတဲ့ တိုးတက်ပြောင်းလဲမှုမဲ့ ကာလမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။ တနှစ်ထက်တနှစ် တိုးတက်ပြောင်းလဲမှုနဲ့ နိုင်ငံရေးအရ လုံခြုံမှုရှိတဲ့ ကွန်ရက်တွေ ရှိနေအောင် မလုပ်ဆောင်နိုင်ဘဲနဲ့ အမနာပ ပြောဆိုမှုတွေ၊ နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်ပေါ်လာစေပြီး အခြေအနေကို ပြင်းထန်ဆိုးဝါးလာစေနိုင်ပါတယ်။ နောက် နိုင်ငံခြားတိုင်းပြည်တခုရဲ့ ကယ်တင်မှုနဲ့သာ ကုသနိုင်မယ့် စီးပွားရေး မအီမလည် ဖြစ်မှုမျိုးကိုလည်း ကာလရှည်ကြာ ကြုံတွေ့ရစေနိုင်ပြီး မလွှဲမရှောင်သာ ပူးတွဲကြုံတွေ့လာနိုင်တာက လွတ်လပ်မှု ဆုံးရှုံးမှုပဲ ဖြစ်တယ်လို့လည်း နိုင်ငံရေး အကဲဖြတ်သူ တချို့က ဝေဖန်သုံးသပ်ထားတာတွေကိုလည်း တွေ့ရပါတယ်။ ဒီဝေဖန်အကဲဖြတ်မှုတွေဟာလည်း ဖြစ်နိုင်ခြေ တကယ်ပဲ ရှိတယ်လို့ ဆိုရပါမယ်။

တကယ်လည်း ၂၀၁၅ ခုနှစ် စင်ကာပူ အထွေထွေရွေးကောက်ပွဲ ရလဒ်ဟာ စင်ကာပူနိုင်ငံသား အများစုရဲ့ ရွေးချယ်မှုကို ထင်ဟပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစုပေါင်းရွေးချယ်မှုဟာ မှန်တယ်၊ အဲဒါကို စိန်ခေါ်အားပြိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒေါက်တာ ချီဆွန်ယွမ်ရဲ့ စကားနဲ့ လမ်းကြောင်းဟာ မှန်တယ်လို့ပဲ ပြောရမယ့် အနေအထား ဖြစ်ပါတယ်။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013