မြစ်ကြီးနား ရဲစခန်း ဗုံးကွဲ
အေးနိုင်
·
June 22, 2011

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ရဲစခန်းနဲ့ လဝကရုံးမှာ မနေ့ည သန်းခေါင်မတိုင်ခင် ဗုံးနှစ်လုံး အနည်းဆုံး ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။
မြစ်ကြီးနားမြို့ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းအနီးက အမှတ် (၁) ရဲစခန်းနားနဲ့ လဝကရုံးနားမှာ ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောဆိုပြီး အသေအပျောက် မကြားသိရဘူးလို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုကို အစိုးရတပ်တွေနဲ့ စစ်ဖြစ်နေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့က လုပ်ဆောင်ဖွယ် ရှိတယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ဒီပေါက်ကွဲမှုကို ကေအိုင်အို လုပ်ဆောင်တယ်ဆိုတဲ့ အစီရင်ခံစာတော့ တက်မလာသေးတဲ့အကြောင်း၊ ဒါပေမယ့် ကေအိုင်အို ရှေ့တန်းတပ်တွေရဲ့ လက်ချက်လည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်။
အစိုးရက အပစ်ရပ် ကချင်လွတ်လပ်ရေးတပ်မတော်ကို လုံးဝလက်နက်ချဖို့ တောင်းဆိုလို့ နှစ်ဘက်တင်းမာနေရာကနေ အခုလ ၉ ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး တရားဝင်ကျိုးပေါက်ပြီး တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဒီဖြစ်စဉ်အတွင်း အစိုးရတပ်တွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ဖို့ ကေအိုင်အိုက တံတား ဒါဇင်နဲ့ ချီပြီး မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။
ဒါကြောင့် မြစ်ကြီးနားမြို့ ဗုံးခွဲမှုနဲ့ ပတ်သက်လို့ နိုင်ငံရေး တောင်းဆိုချက် ရှိမလားလို့ မေးရာမှာ ဦးလနန်းက အခုလို ပြောပါတယ်။
“အခုဟာက ကျနော်တို့နဲ့ တိုက်နေတဲ့အတွက်ကြောင့်မို့ ဖြစ်စဉ်က ဆန်ဂန်ပို့စ်၊ တပ်ရင်း (၁၅) မှာပဲ တိုက်ပွဲက ဖြစ်တာမဟုတ်ဘူး။ နေရာတကာ ပျံ့သွားပြီလေ။ အဲခါကျတော့ စစ်ရေးဗျူဟာအရ ကျနော်တို့အတွက် အချက်အချာကျတဲ့နေရာကို ဖျက်ဆီးတဲ့အပိုင်းတွေ လုပ်တယ်။ တကယ်လို့များ ကျနော်တို့ပဲ ဗုံးကွဲတယ်ဆိုပေမယ့် လုပ်တာ အဓိကကတော့ အစိုးရတပ်နဲ့ တိုက်နေတဲ့အတွက်ကြောင့်မို့ အစိုးရယန္တရားကို သွားပြီးတော့ လုပ်တဲ့အပိုင်းတွေရှိတယ်။ လူထုကိုတော့ ထိခိုက်အောင် လုပ်တာ မရှိသေးဘူး။ အခုထိတော့ ကျနော်တို့ လုပ်တဲ့အပိုင်းမှာ လူထုတွေ တိုက်ရိုက် ကျည်ဆန်မှန် ဒဏ်ရာရတာမျိုး၊ မိုင်းကွဲပြီးတော့ ဒဏ်ရာရ သေဆုံးတာမျိုးတော့ မရှိသေးဘူး။ လုပ်လည်းမလုပ်ဘူး။ ကျနော်တို့လုပ်တာက သူ့ရဲ့ target (ပစ်မှတ်) ရှိတယ်။ စစ်ရေးအရပေါ့နော်။ နိုင်ငံရေးအရကတော့ စစ်ရေးနောက်မှလာတာပါ။ အခုဟာက စစ်ရေးအတွက်သာ ဖြစ်နေတယ်။ အဲဒီမှာ ဘယ်မှာလုပ်သင့်တယ်ဆိုတာ ရွေးချယ်မှု target ရှိတယ်။ target ထားပြီး ရည်ရွယ်ချက်ထားပြီး လုပ်တာပါ” လို့ ပြောပါတယ်။
ကေအိုင်အိုနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေကတော့ မနေ့ကနဲ့ ဒီကနေ့မနက် မရှိတော့သလောက် နီးပါးပဲလို့ ဦးလနန်းက ပြောပါတယ်။
