DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် မဲဆန္ဒနယ်အချို့ ရွေးကောက်ပွဲ ပျက်မှာ ကချင်ပါတီများ စိုးရိမ်
DVB
·
September 18, 2015
တိုက်ပွဲကြောင့် မဲဆန္ဒနယ်အချို့ ရွေးကောက်ပွဲ ပျက်မှာ ကချင်ပါတီများ စိုးရိမ်
Donate to DVB

ကချင်ပြည်နယ်အခြေစိုက် ကချင်ပြည်နယ် ဒီမိုကရေစီပါတီခေါင်းဆောင် ဦးမနာမ်တူးဂျာက ရွေးကောက်ပွဲ မတိုင်ခင်မှာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်သလို တိုက်ပွဲကြောင့် မဲဆန္ဒနယ်တချို့ ပိတ်သွားမှာကို စိုးရိမ်တယ်လို့ ပြောကြားလိုက်ပါတယ်။

“ဒီရွေးကောက်ပွဲက အဓိကကတော့ အန်ကယ်တို့က တိုက်ပွဲမပေါ်လာဖို့ပါပဲ။ အခု သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်အားလုံး ဖွင့်ပေးစေချင်တယ်။ အဲဒါကြောင့် တိုက်ပွဲမပေါ်လာဖို့ အရမ်းအရေးကြီးပါတယ်။ တိုက်ပွဲတွေ ဖြစ်ပေါ်လာတယ် ဆိုလို့ရှိရင်တော့ တချို့မဲဆန္ဒနယ်တွေ ပိတ်ပင်လိုက်ရမှာကို စိုးရိမ်တယ်။ အဲဒါတချက်ပါ။ လူတိုင်း စိုးရိမ်နေတာကတော့ သွားရေးလာရေး ပိုခက်မယ်။ နောက်ပြီး မဲရုံတချို့ ပိတ်ခံရမယ်။ မတော်ရင် မဲဆန္ဒနယ်တချို့ အပိတ်ခံရမယ်။ ဒါကို အရမ်းစိုးရိမ်တယ်။ အဲလိုဖြစ်ပြီဆိုရင်တော့ ပြည်သူတွေက နာမှာ၊ တိုင်းပြည်လည်း နစ်နာမှာပဲ။ ဒါကြောင့်လည်း မဖြစ်ပါစေနဲ့လို့ပဲ အန်ကယ်တို့က ဆုတောင်းနေတာပေါ့နော်။”

ကချင်ပြည်နယ် ဒီမိုကရေစီပါတီဟာ ကချင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်က မဲဆန္ဒနယ် ၆၆ နေရာမှာ ၅၅ နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လက်ရှိမှာ မဲဆွယ်စည်းရုံးမှုတွေ စတင်နေပါတယ်။

ပါတီအနေနဲ့ကတော့ “အပြောင်းအလဲဖြစ်ဖို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ မဲပေးစို့။  မြန်မြန်ဆန်ဆန် ပြောင်းလဲဖို့ မှန်မှန်ကန်ကန် မဲပေးစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲဆွယ်စည်းရုံးနေပါတယ်။

ပါတီအနေနဲ့ ငြိမ်းချမ်းရေးရရှိရေးနဲ့ ဒီမိုကရေစီရရှိရေး အဓိကထား လုပ်ဆောင်သွားမယ်လို့လည်း ပါတီ ဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက ပြောပါတယ်။

“အဓိကကတော့ ငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီ ထွန်းကားရေးက အဓိကပါပဲ။ ငြိမ်းချမ်းရေးရရှိမှ တိုးတက်ဖွံ့ဖြိုးမယ်။ ဒီမိုကရေစီရရှိမှ အားလုံး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေနိုင်မယ်။ အဲဒါကြောင့် တိုင်းပြည်လည်း ပိုပြီး ဖွံ့ဖြိုးမယ်၊ တိုးတက်မယ်။ ဒါကြောင့် ဒီငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးက အဓိကထားပါတယ်။”

မဲဆွယ်စည်းရုံးမှုတွေ လုပ်တဲ့နေရာမှာ များသောအားဖြင့် အဆင်ပြေ ချောမွေ့မှုတွေ ရှိပေမယ့် ပန်ဝန်မြို့နယ်က ဦးစခုန်တိမ့်ယိမ်း ထိန်းချုပ်တဲ့ နယ်မြေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလွဲရင် ကျန်တဲ့ပါတီကို ၀င်ခွင့်မပေးထားဘူးလို့ သိရကြောင်းလည်း ပြောပါတယ်။

ကချင်ပြည်နယ်အခြေစိုက် ပါတီတခုဖြစ်တဲ့ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီ ကလည်း မဲဆွယ်စည်းရုံးမှုတွေ စတင်နေပြီ ဖြစ်ပေမယ့် သူတို့ပါတီက အဖွဲ့ဝင်တွေကို အာဏာပိုင်တွေက ခြိမ်းခြောက်တဲ့ပုံစံနဲ့ လုပ်ဆောင်နေတယ်လို့ ပါတီဥက္ကဋ္ဌ ဦးစီစီနော်ဂျာက ပြောပါတယ်။

“ကျနော်တို့ရဲ့ မန်စီ ကေအန်စီဒီ ဆိုင်းဘုတ်ဖွင့်ပွဲလုပ်တယ်။ လုပ်တော့ ကျနော်တို့ရဲ့ မန်စီမြို့နယ် ဥက္ကဋ္ဌကို ကော်မရှင်က ည ၁၀ နာရီ ခေါ်ပြီးတော့ မေးမြန်းမှုတွေ လုပ်တော့ပေါ့။ မန်စီမြို့နယ်ဥက္ကဋ္ဌကို ခင်ဗျားကိုယ်တိုင်ကော နှစ်သက်ပါသလား၊ အဲလိုမျိုးတွေပေါ့ဗျာ။ တကယ်တမ်းဆိုရင် သူတို့က မေးချင်သပါ့ဆိုရင် ရုံးဖွင့်ချိန်ရှိတာပဲ၊ မနက် ၉ နာရီကနေ ညနေ ၄ နာရီ မေးလို့ရတယ်။ ဒါပေမယ့် ည  ၁၀ နာရီ အချိန်မတော်ကြီးမှာ ခေါ်မေးတာ။”

ဒါ့အပြင် ဗန်းမော်၊ မိုးမောက်၊ တနိုင်းမြို့နယ်တွေက ရုံးဖွင့်ပွဲတွေမှာလည်း ဒေသခံ အာဏာပိုင်တွေက လာရောက်စောင့်ကြည့်တာ၊ ခေါ်ယူမေးမြန်းတာတွေ လုပ်ဆောင်နေတဲ့ အတွက် လွတ်လွတ်လပ်လပ် မလုပ်ဆောင်ရဘူးလို့လည်း ဦးစီစီနော်ဂျာက ပြောပါတယ်။

နောက်ထပ်ပါတီဖြစ်တဲ့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ကလည်း ဒီကနေ့မှာတော့ မြစ်ကြီးနားမြို့ပေါ်မှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်။

မြို့ပေါ်မှာတော့ မဲဆွယ်စည်းရုံးမှုတွေ ဘာအနှောင့်အယှက်မှမရှိဘဲ လုပ်ဆောင်နိုင်တယ်လို့လည်း ပါတီဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောပါတယ်။

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်း ပါတီပေါင်း ၁၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိပြီး ပြည်နယ်အခြေစိုက် ပါတီကတော့ ၄ ပါတီ ရှိပါတယ်။

ဒီပါတီတွေကတော့ ကချင်ဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီနဲ့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013