DVB Logo
Home
Lead Story
အစိုးရအတွက် စာမေးပွဲနှစ်ရပ်
DVB
·
September 18, 2015
အစိုးရအတွက် စာမေးပွဲနှစ်ရပ်
Donate to DVB

ယခုဆိုလျှင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ တက်လာတာ လေးနှစ်ခွဲမျှ ရှိခဲ့ပြီ။ နောက်ထပ် သက်တမ်း ၆ လမျှ ကျန်ရှိသေးသော်လည်း နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၊ ထိုရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ်၊ ထို့နောက် ပေါ်ပေါက်လာမည့် လွှတ်တော်သစ်နှင့်၊ သမ္မတ (သစ်) ရွေးချယ်မှု၊ အစိုးရအဖွဲ့သစ် ဖွဲ့စည်းမှု၊ ၎င်းသို့ အာဏာလွှဲပြောင်းမှု စသည်များကြောင့် လာမည့် ၆ လအတွင်း လက်ရှိ အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများထက် အထက်တွင် ဖော်ပြခဲ့သော နိုင်ငံရေးဖြစ်စဉ် ဖြစ်ရပ်များက အများပြည်သူကြားတွင် ပို၍ ထင်ရှားပေါ်လွင်နေမည် ဖြစ်သည်။

သို့သော် သည်ကြားထဲကပင် အစိုးရအဖွဲ့အတွက် အရေးကြီးသော လုပ်ငန်းတာဝန်ကြီးနှစ်ရပ်ကား တည်ရှိနေပေသေး၏။

တစ်နည်းပြောသော် သမ္မတ ဦးသိန်းစိန်အစိုးရ ၂၀၁၁-၁၆ ၏ စွမ်းဆောင်မှု အရည်အသွေးကို အကဲဖြတ် မှတ်တမ်းတင်မည့် စာမေးပွဲကြီးနှစ်ရပ် ဖြစ်သည်။

၁။ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့်၊

၂။ ၂၀၁၅ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲ။

ပြီးခဲ့သည့် လေးနှစ်ကျော်ကာလကို ပြန်ကြည့်ရသော် သမ္မတဦးသိန်းစိန် အစိုးရ တက်လာခါစက ကြေညာပြောဆိုမှု၊ လုပ်ကိုင် ဆောင်ရွက်မှုများသည် အများပြည်သူအတွက် မျှော်လင့်စရာများ ဖြစ်ခဲ့သည်ဟု ဆိုနိုင်၏။

သမ္မတ၏ ကနဦး မိန့်ခွန်းတစ်ခုတွင် “ဒီကနေ့ကစပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် စတင်ခဲ့ပြီ” ဟု ကြေညာပြောဆိုလိုက်သည့်အခါ များစွာ မယုံကြည်ကြသော်လည်း တကယ်ဟုတ်ခဲ့သော် ၀မ်းသာစရာဟု ရှုမြင်ကြသည်။

ထို့နောက် “ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်” “သန့်ရှင်းသော အစိုးရ” ဟူသော အသုံးအနှုန်းများ၊ “ပြည်သူလူထု ဆန္ဒသဘောထားကို အလေးထားရပါမယ်” “နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ဟန့်တား ပိတ်ပင်သကဲ့သို့ မဖြစ်စေဘဲ” “စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားဖို့” “ပြည်သူတွေက စနစ်တစ်ခု ကောင်း မကောင်း ဆုံးဖြတ်ရာမှာ သူတို့ရဲ့ နေ့စဉ် လူမှုဘ၀အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်တယ် ဆိုတာနဲ့ပဲ တိုင်းတာမှာ ဖြစ်ပါတယ်” စသည့် ပြောဆိုချက်များ၊ ထို့နောက် မြစ်ဆုံစီမံကိန်းကို အများပြည်သူ မလိုလားသဖြင့် မိမိ သမ္မတသက်တမ်းအတွင်း ဆိုင်းငံ့ထားမည် ဟူသော ကြေညာချက်၊ စသည်များကြောင့် အများပြည်သူက အစိုးရ၏ အသွင်ကူးပြောင်းရေး အစီအစဉ်ကို တစ်စ တစ်စ ယုံကြည်မှု ရှိလာခဲ့သည်။

တနည်းပြောသော် အဖွင့်နိဒါန်း ကောင်းခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော်၊ နောက်ပိုင်း နှစ်များမှာတော့ အပြောအတိုင်း မလိုက်နိုင်သည့် အနေအထားများ၊ သို့မဟုတ် ကြေညာထားသည့် သဘောထားနှင့် လက်တွေ့ ဆောင်ရွက်မှုတို့ မညီညွတ်မှုများ တစ်နေ့တခြား တိုးပွားဖြစ်ပေါ် လာသည်။

စာနယ်ဇင်းများအား လွတ်လပ်ခွင့်ပေးသည့် အနေဖြင့် စာပေစိစစ်ရေးအဖွဲ့၏ လုပ်ငန်းများကို ၂၀၁၂ သြဂုတ်လတွင် ရပ်ဆိုင်းလိုက်သော်လည်း ၎င်းနောက်ပိုင်းတွင် စာနယ်ဇင်းသမားတို့ အရေးယူ အပြစ်ပေးခံရမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

အများပြည်သူအား ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်း လှည့်လည်ခွင့်များ ပေးသည်ဆိုသော်လည်း ယင်းအတွက် ဖမ်းဆီးအရေးယူမှု၊ တရားစွဲဆိုမှုများစွာ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်ဆဲ ဖြစ်ရာ မူလ အခွင့်အရေးများဟူသည် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာသာ ရှိပြီး လက်တွေ့ခံစားရခြင်း မရှိ ဖြစ်နေသည်။

စီးပွားရေးနယ်ပယ်တွင် အရင်းရှင် ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ချယ်လှယ်တာမျိုး မဖြစ်ရအောင် ထိန်းကျောင်း တည့်မတ်ပေးရေး၊ တောင်သူလယ်သမား အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေး၊ စသည်များကို မူဝါဒအဖြစ် ကြေညာ ပြောဆိုခဲ့သော်လည်း ယနေ့ထိ ခရိုနီ စီးပွားရေးစနစ် တည်တံ့နေသကဲ့သို့ တောင်သူလယ်သမားတို့ မြေယာဆုံးရှုံးနေရသည့် အရေးကိစ္စများကိုလည်း ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

ထို့ပြင် ၂၀၁၂၊ ၂၀၁၃ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်နှင့် မိတ်္ထီလာမြို့တို့တွင် ပေါ်ပေါက်ခဲ့သည့် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများနှင့် မပြီးဆုံးနိုင်သေးသည့် နောက်ဆက်တွဲ အရေးကိစ္စများသည် အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ပြသရာ ရောက်ခဲ့သည်။

တစ်ဖန် အသွင်ကူးပြောင်းရေး အစီအစဉ်အရ ပေါ်ပေါက်လာသည့် လွှတ်တော်နှင့် အစိုးရအကြား အပြန်အလှန် ထိန်းကျောင်းသည့်စနစ် ဟူသည်လည်း အစ ပထမတွင် ဟုတ်သယောင် ရှိသော်လည်း တကယ် လက်တွေ့၌ အစိုးရပိုင်းက ပြောဆိုသည့် “နိုင်ငံရေး စိတ်ရှည်သည်းခံမှု” “နိုင်ငံရေး ယဉ်ကျေးမှုသစ်” ဟူသည်တို့ကို တကယ်လက်တွေ့ မကျင့်သုံးနိုင်ကြသဖြင့် မဏ္ဍိုင်နှစ်ခု (အချင်းချင်း) ကြား ပွတ်တိုက်မှု ပြင်းထန်ကာ အငြင်းပွားမှုများကို ကြားနာ ဆုံးဖြတ်ပေးရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး နုတ်ထွက်သွားရခြင်း၊ ပူပူနွေးနွေး မပြေသေးသည့် ကာလကမူ လွှတ်တော်အကြီးအကဲအား ပါတီဥက္ကဋ္ဌ နေရာမှ အင်အားသုံး ဖယ်ရှားခြင်း၊ စသည့် ပဲ့ရွဲ့မှုများနှင့် ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အပြုအမူများ ပေါ်ပေါက်ခဲ့သည်။

ချုပ်ပြောသော် အစိုးရအနေနှင့် နိဒါန်းအစတွင် ကောင်းသယောင် ရှိခဲ့သော်လည်း အလယ်ပိုင်းတွင်ကား စွမ်းဆောင်ရည် ပီပီသသ မပြနိုင်သကဲ့သို့ ၎င်းအပေါ် ထားရှိသည့် အများပြည်သူ၏ မျှော်လင့်မှုများလည်း လျော့ပါး ကျဆင်းသွားခဲ့သည်ဟု ဆိုချင်သည်။

သို့သော် မိမိ၏ ဆောင်ရွက်မှု မှတ်တမ်းကို ပြန်လည် ပြုပြင်ရန်အတွက် နိဂုံးပိုင်းတွင် ဆောင်ရွက်နိုင်သည့် အရာနှစ်ခု ရှိနေသည်။

ယင်းက အထက်တွင် ဖော်ပြခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ရွေးကောက်ပွဲဖြစ်သည်။ ယင်းနှစ်ခုကို အောင်မြင်စွာ ဆောင်ရွက်နိုင်သော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ၂၀၁၁-၂၀၁၆ အစိုးရအနေဖြင့် အကူးအပြောင်း သမိုင်းတွင် ကောင်းစွာ မှတ်တမ်းတင်ခြင်း ခံရနိုင်သည်။

အဆိုပါ ကိစ္စရပ်နှစ်ခုလုံးပင် တိုင်းပြည်အတွက် ရေရှည်အကျိုးကို ကြည့်ကာ စိတ်ကောင်းစေတနာဖြင့် ဆောင်ရွက်ပေးရမည့် အရာများ ဖြစ်မည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ခဲ့သော် တိုင်းပြည်အား ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် ပြည်တွင်းစစ် ဘေးဒဏ်မှ ကယ်တင်နိုင်လိမ့်မည်။ ယခု လောလောဆယ်တွင် နိုင်ငံတွင်း စစ်မက်ရင်ဆိုင် တိုက်ခိုက်နေသည့် လက်နက်ကိုင် အင်အားစု အားလုံးနီးပါး ပါဝင်သည့် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်တစ်ရပ် လက်မှတ်ထိုးနိုင်ရန် ကြိုးပမ်းလျက် ရှိပြီး မကြာမီ ဖြစ်မြောက်မည့် အလားအလာလည်း ရှိနေသည်။ သို့သော် အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ရုံဖြင့် မပြီး။ ထာဝရ ငြိမ်းချမ်းရေး ရရှိမည့် အနေအထားများကို ညှိနှိုင်း တည်ဆောက်နိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ဖို့ လိုသေးသည်။ အဆိုပါ ဆွေးနွေးပွဲမျိုးသည် နေ့ချင်းညချင်း ပြီးရိုးထုံးစံ မရှိ။ နောက်လာမည့် အစိုးရသက်တမ်း တစ်ခုစာမကလည်း ကြာမြင့်နိုင်၏။

သို့သော် လက်ရှိ အစိုးရအနေဖြင့် ယခု ကျန်ရှိနေသေးသည့် လပိုင်းများအတွင်း တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် အပစ်ရပ် လက်မှတ်ထိုးနိုင်ရုံသက်သက် မဟုတ်ဘဲ တန်းတူညီမျှရေးတွင် အခြေခံသည့် လူမျိုးစု တိုင်းရင်းသားတို့၏ နိုင်ငံရေး ရည်မှန်းချက်များကို သိမှတ် နားလည်ကာ ရှင်းလင်း ပီသသော ကတိက၀တ်များ ထုတ်ပြန်ပေးနိုင်မည်ဆိုက စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ကြိုးပမ်းအားထုတ်ခဲ့သူများ၊ ငြိမ်းချမ်းရေးအတွက် အခြေခံကောင်းများ ချမှတ်ပေးနိုင်ခဲ့သူများအဖြစ် အသိအမှတ်ပြုခြင်း ခံရနိုင်သည်။

အလားတူ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် ၂၀၁၁ မတ် ၃၀ မိန့်ခွန်းတွင် “ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့်အာဏာကို တရားနည်းလမ်းကျစွာဖြင့် ရယူကြမယ်ဆိုရင် လူသာဓုခေါ် နတ်သာဓုခေါ်ကြမှာ” ဖြစ်သည့်အကြောင်း ပြောဆိုခဲ့သကဲ့သို့ နောက်ပိုင်းနှစ်များ အတွင်းလည်း “လာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီမိုကရေစီ နည်းလမ်းကျ ပေါ်ပေါက်လာမယ့် အစိုးရသစ်အတွက် အခြေခံကောင်းတွေ ဖန်တီးပေးနေ” ကြောင်းလည်း အကြိမ်ကြိမ် ပြောကြားခဲ့တာ ရှိပါသည်။

သမ္မတအစိုးရအနေဖြင့် အဆိုပါ စကားများအတိုင်း ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပနိုင်အောင် ထိန်းသိမ်း စောင့်ရှောက်ပေးပြီး မိမိတို့ အနိုင်ရခဲ့သော် မိမိတို့ ဆက်လက် ဆောင်ရွက်မည်၊ အကယ်၍ အများပြည်သူက အခြားတစ်ပါးသော သူတို့အား ရွေးချယ်ခဲ့လျှင်လည်း ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လုပ်ပိုင်ခွင့်အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးမည်ဆိုက လူရော နတ်ပါ သာဓု ခေါ်ကြမည် ဖြစ်ကြောင်းနှင့် အထက်က စာမေးပွဲနှစ်ရပ်ကိုသာ အောင်မြင်စွာ ဖြေဆို ဖြတ်သန်းနိုင်မည်ဆိုလျှင် ၂၀၁၁-၁၆ အစိုးရအနေဖြင့် အလယ်ပိုင်းတွင် ပြဿ နာများ ရှိခဲ့သော်လည်း နိဒါန်းနှင့် နိဂုံးတွင် ကောင်းမွန်သည်ဟု မှတ်တမ်းတင်ခြင်းခံရမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ဖေမြင့်

၁၄-၉-၂၀၁၅

(မှတ်ချက်- ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၅၁၊ ဆရာဖေမြင့်ဆောင်းပါးကို ခွင့်ပြုချက်ဖြင့် ကူးယူ ဖော်ပြ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013