DVB Logo
Home
Lead Story
“မျောက်လက်ထဲ စက်သေနတ်အပ်တဲ့ မဲမျိုးမဖြစ်ပါစေနဲ့” လမ်းပြကြယ်ပါတီခေါင်းဆောင် ဦးအေးမြင့်
DVB
·
September 17, 2015
“မျောက်လက်ထဲ စက်သေနတ်အပ်တဲ့ မဲမျိုးမဖြစ်ပါစေနဲ့” လမ်းပြကြယ်ပါတီခေါင်းဆောင် ဦးအေးမြင့်
Donate to DVB

အဓမ္မလုပ်အားပေး၊ ကလေးစစ်သားအရေး၊ အလုပ်သမားနဲ့ တောင်သူလယ်သမားအရေးတွေကို ဆောင်ရွက်နေတဲ့ လမ်းပြကြယ်အဖွဲ့ဟာ  နိုင်ငံရေးပါတီ ပါတီထူထောင်မှတ်ပုံတင်ပြီး လာမယ့် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ စည်းရုံးလှုပ်ရှားနေပါတယ်။

ပါတီအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ၂ နေရာနဲ့ ပဲခူတိုင်းဒေသကြီး မှာ ၃ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်ရ တာနဲ့ ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ  ဦးအေးမြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးအေးမြင့်တို့လမ်းပြကြယ်ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတော့ လက်ရှိ ဘာတွေလုပ်ဆောင်နေပါသလဲ။

“ရွေးကောက်ပွဲဝင်ဖို့ကတော့ အန်ကယ်တို့က ပါတီကို မနေ့တနေ့ကမှထောင်တာလေ။ ဆိုတော့  အချိန်မမှီဘူး။ နောက်တကယ့်မူဝါဒက အန်ကယ်တို့က အာဏာထက်စာရင် နိုင်ငံရေး သြဇာကိုမက်တယ်။ နိုင်ငံရေး သြဇာရှိလို့ရှိရင် အာဏာသမားက ကိုယ့်အောက်ရောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လောလောဆယ် ၅ ဦး လူငယ်တွေကိုဝင်ပြိုင်ခိုင်းပါတယ်။ အသက် ၄၀ ပတ်ဝန်းကျင်ပေါ့။  ၃ ဦးကတော့ အနည်းဆုံးရနိုင်မယ်လို့ တွက်ထားပါတယ်။ ၃ ဦးလောက် ရနိုင်မယ်လို့ တွက်ထားပြီးတော့ ဒီလူငယ်တွေဟာ အတွေ့အကြုံနည်းသေးတယ်။ နည်းသေးတဲ့အတွက် အန်ကယ်တို့ကိုယ်တိုင် ဘ၀အတွေ့အကြုံ က နိုင်ငံရေးကို ငယ်ဘ၀က တည်းကလုပ်တော့ ရှေ့နောက်မစဉ်းစားဘဲနဲ့ လုပ်ခဲ့တဲ့အတွက် အမှားတွေ တွေ့လာရတယ်။ အဲဒီအမှားတွေတွေ့လာတဲ့အတွက် လူငယ်တွေကိုလည် လမ်းပွင်ပြီးတော့မှ နောင်တက် လာမယ့် လွှတ်တော်ကိုယ်စားလှယ် မဖြစ်တာတောင် အန်ကယ့် ပါတီကလူတွေက နိုင်ငံရေးကို ထိန်းကျောင်းနိုင်ပြီးတော့ တိုင်းပြည်တိုးတက်အောင် တဖြည်းဖြည်းရွေ့သွား လို့ရအောင် ၀င်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါတီထောင်လိုက်တာပါ၊”

ဒီရွေးကောက်ပွဲမှာ အန်ကယ်ဦးအေးမြင့်ကိုယ်တိုင်ရော ၀င်ရောက်ယှဉ်ပြိုင်မှာလား။

“အန်ကယ်ကိုယ်တိုင် ၀င်ရောက်ရွေးချယ်မခံပါဘူး။ ဘာကြောင့်အရွေးမခံလဲဆိုလို့ရှိရင် စံပြလည်းဖြစ် အောင် လူငယ်တွေကို လူကြီးက နေရာဖယ်ပေးတယ်။ နောင်တချိန်မှာ သက်တမ်း တူညီကြခြင်းဆိုရင် အန်ကယ်တို့က သိပ်နေရတော့မယ့် အရွယ်မဟုတ်တဲ့အတွက် လူငယ်တွေ လုပ်တဲ့ ကဏ္ဍ၊ ဖြတ်ဖြတ်လပ်လပ်ရှိတဲ့ လွတ်တော်ကိုယ်စားလှယ်ဖြစ်စေချင်တယ်။ အဲဒီအတွက် ရည်ရွယ်ပြီး အန်ကယ်ကိုယ်တိုင် မရွေးဘူး။ သူတို့ကို ဦးစားပေးတယ်။ လက်ရွေးစင် တော်တဲ့လူငယ်တွေကို လွှတ်ပေးတယ်။ အန်ကယ် မရှိခဲ့ရင်လည်း  ဒီပါတီကြီးက ဆက်လက် တည်တံ့ပြီးတော့ အမြဲတမ်းပါတီကို လေးစားနေအောင် လုပ်နေတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာ။”

အရင်ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို ပါဝင်ကူညီပေးခဲ့တယ်။ အခုက ဘာကြောင့် ကိုယ်တိုင်ပါတီ သီးသန့်ထောင်ရတာလဲ။

“အန်ကယ် ၁၉၆၈-၆၉ လောက်ကတည်းက နိုင်ငံရေးကိုတတ်သလို ကိုယ်တတ် သလောက်နဲ့ ရမ်းသန်းလုပ်လာခဲ့တာ။ လမ်းမပေါ်တက်တယ်။ ဆန္ဒပြတယ်။ ကန့်ကွက်တဲ့ကိစ္စဟာ လွှတ်တော်ပြင်ပကဖြစ်ပြီးတော့ လမ်းမပေါ်တက်တဲ့ကိစ္စကတေ့ စည်းမဲ့ကမ်းမဲ့နဲ့ လူထုပဲ သွေးမြေကျတယ်။ သွေးမြေကျတဲ့လုပ်ငန်းဖြစ်တဲ့အတွက် ဒီနိုင်ငံရေးကိစ္စ လွှတ်တော် ပြင်ပကနေ စည်းနဲ့ကမ်းနဲ့ လုပ်ပြန်တော့လည်း မဖြစ်နိုင်တဲ့အတွက် လွှတ်တော်ထဲကို ၀င်ရောက်ပြီးတော့ ဖွဲ့စည်းပုံကို ကြိုက်သည်ဖြစ်၊ မကြိုက်သည်ဖြစ်စေ ပြင်လို့ရတဲ့ဟာကို ရသလောက်ပြင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါတီထောင်လိုက်တာ။ ဘယ်ပါတီနဲ့မှ ပြသနာမတက်ပါဘူး။ အခုချိန်ထိ အန်ကယ်တို့ပါတီရဲ့ ရည်ရွယ်ချက်က ပြည်ခိုင်ဖြိုးပါတီဆိုရင်လည်းတွဲမယ်။ အန်အယ်လ်ဒီလည်း လက်တွဲမယ်။ဝိုင်းကူပေးမယ်။ အဲလို ရည်ရွယ်ချက်နဲ့လုပ်တဲ့ အတွက် အန်ကယ့်ပါတီက အားလုံးကို တူတူလက်တွဲပြီးလုပ်တယ်။ အမုန်းမရှိပါဘူး။ အန်ဒီအက်ဖ်ကို ကူညီတာအခုဆိုရင် အန်ဒီအက်ဖ်ဟာ ပါတီအင်အား တောက်တင်းတဲပါတီဖြစ်သွားပြီ။ အန်ဒီအက်ဖ်ကလည်း အန်ကယ် ယုံကြည်စိတ်ချရတဲ့ အဆင့်ကို ရောက်သွားပြီ။ ပါတီကြီးတခုလိုဖြစ်တဲ့အတွက် အန်ကယ် လမ်းပြကြယ်ပါတီကို စပြီး ထောင်လိုက်တာကတော့ အခုနက ရည်ရွယ်ချက်ပါပဲ။ လူငယ်တွေကို လွှတ်တော်ထဲ ရောက်အောင် ပို့မယ်။ သင်ပေးမယ်။”

အခုနကပြောသလို အန်ဒီအက်ဖ်ပါတီကို ကူညီပြီးတော့အင်အားတွေလည်း အများကြီး တောင့်တင်းလာတယ်ပြောတယ် အခုက လမ်းပြကြယ်ပါတီကို ထပ်ပြီးထောင်လိုက်ခြင်းအားဖြင့် မဲပေးတဲ့နေရာမှာ မဲတွေကွဲမသွားနိုင်ဘူးလား။

“မဲပေးတဲ့နေရာမှာဒီလိုပါတီတွေ များလာရင် မဲတွေ ပြန့်သွားမယ်။ ပြန့်သွားရင် တိုင်းပြည်အတွက် မကောင်းဘူးလို့ လူတိုင်းက ပြောနေတာပါ။ သို့သော် အန်ကယ်က ဆန့်ကျင်ဘက်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ အန်အယ်ဒီပဲဖြစ်ဖြစ်၊ ပြည်ခိုင်ဖြိုးပဲ ဖြစ်ဖြစ် ပါတီကြီးတခုလုံးကို အစိုးရဖွဲ့လောက်အောင် မဲရသွားရင် အဲဒီပါတီသည် ကြာရင် အာဏာရှင် ဖြစ်သွားလိမ့်မယ်။ ပါတီကြီးအခုက အမြဲတမ်းရွေးတိုင်း သူပဲ ရနေတယ်ဆိုရင် အာဏာရှင်ဖြစ်သွားတယ်။ ဒီလို မဲကွဲသွားခြင်းအားဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့တဲ့အတွက် တိုင်းပြည်သက်သာမယ်။ ပါတီတခုထဲကို အကုန်လုံး မဲစုပြုံထည့်လိုက်ရင် အာဏာရှင်ဖြစ်မှာ သေချာတယ်။

လက်တွေ့အခုလောလောဆယ် ဖြစ်နေပုံရဲ့ အခြေအနေတွေ တွေ့နေရတယ်။  အန်ကယ်တို့ မြင်တာကတော့ ပါတီကို ကြိုက်သလောက် ထောင်၊ သူလည်း သူ့အရည်အချင်းနဲ့တက်မယ်။ ကိုယ်လည်း ကိုယ့်အရည်အချင်းနဲ့ တက်မယ်။ အခု ပြည်သူလူထုကဖြစ်နေတာ ပါတီကို ဒီလောက် မကြည့်ကြတော့ဘူး။ နိုင်ငံရေးသမားတွေကလည်း လူထုနားလည်တဲ့ နိုင်ငံရေးရှိအောင်မလုပ်နိုင်ဘူး။ ကိုယ်ထင်ရာ ကိုယ်လုပ်နေတယ်။ လူထုက အားလုံးကို စိတ်ပျက်တယ်။ အတိုက်အခံပါတီတွေကိုလည်း စိတ်ပျက်တယ်။ အစိုးရကိုလည်း စိတ်ပျက်တယ်။

နောက်တချက်က ရွေးကောက်ပွဲမှာ အခုလိုနီးလာရင် လမ်းလေးခင်းပေးလိုက်၊ ပစ္စည်းလေးပေးလိုက်၊ ကုသိုလ်ရေးတွေလုပ်လိုက်၊ ဘုန်းကြီးကျောင်း ဆောက်ပေးလိုက်နဲ့ အခုသွားကြည့်တော့ ဒို့ရွာကို ဘယ်လောက်လုပ်မှာလဲတို့။ သူတို့ဖြစ်စေချင်တဲ့ ရည်ရွယ်ချက် ဦးနှောက်နဲ့ ရွေးတော့မှာ။ ဒီလွှတ်တော် ကိုယ်စားလှယ်သည်မိမိနယ်မြေသားဖြစ်ရမယ်။ အချိန်မရွေးတွေ့ရမယ့်လူဖြစ်ရမယ်။ သူတို့နယ်မြေအတွက် ဘယ်လောက်ကောင်းအောင် လုပ်တယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးမယ်ဆိုတော လူထုကသိတယ်။ အဲလိုရွေးမှ ဖြစ်တဲ့အတွက် အန်ကယ်ဖြစ်ချင်တဲ့ ညွန့်ပေါင်းအစိုးရပဲ ဖြစ်မယ်လို့ ယူဆတယ်။ ဒီတကြိမ်မဖြစ်ရင် နောက်တကြိမ်နောက်တကြိမ်ဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအရဆိုရင် ပြည်ခိုင်ဖြိုးဟာ လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးရရင် ဟိုက တပ်မတော် ကိုယ်စားလှယ်အစိတ်သားနဲ့ပေါင်းပြီလေ။ အစိုးရဖွဲ့လို့ရတယ်။ အန်အယ်လ်ဒီဆိုရင် ၃၆၆ ဦးရမှ အစိုးရဖွဲ့နိုင်မယ်။ အဲတော့ တောက်လျှောက်ပြည်ခိုင်ဖြိုးပဲဖြစ်တော့မယ်။ ပြည်ခိုင်ဖြိုးနဲ့ အန်အယ်ဒီ လည်း ပြိုင်နေတယ်။ ရောက်တဲ့နေရာမှာ စောင်းနေကြတယ်။ ချိတ်နေကြတယ်။ အဲတော့ လူထုက အမြင်ကတ်သွားရော။  အဲဒီတော့ ကြားပါတီရွေးရင်ရတော့ အကုန်လုံးက ညွန့်ပေါင်းဖွဲ့ရတယ်။ ညွန့်ပေါင်းအစိုးရဖြစ်ရင် အာဏာကို တယောက်ထဲ ဆုတ်ကိုင်လို့ မရတဲ့ အတွက် ကျန်တဲ့ပါတီတွေနဲ့လည်း တည့်အောင်ပေါင်းတယ်။ ပြည်ခိုင်ဖြိုးလည်း လက်တွဲပြီး သွားတာပဲကောင်းတယ်။”

ဆိုတော့  အန်ကယ်တို့ လမ်းပြကြယ် ပါတီရဲ့ မူဝါဒက ဘာလဲ။ မဲဆန္ဒရှင်ပြည်သူတွေကို  ဒီဗွီဘီက တဆင့် ဘယ်လိုသတင်းစကားပါးချင်လဲ။

“အန်ကယ်က တခုပဲ ပြောမယ်လေ။ မူကတော့ ထမင်းငတ်တဲ့ဖက်က ကျည်ဆန်မကြောက်ဘူး။ အဲဒီအတွက် ထမင်းငတ်သွားရင် အားလုံးတော်လှန်ခြင်းကိုခံရမှာ သတိထားဖို့တော့ အဲဒါ အဓိကဆောင်ပုဒ်ပဲ။” “လူထုကို မက်ဆေ့ခ်ျ ပးချင်တာကတော့ မဲရွေးတဲ့နေရာမှာ ကိုယ်ပေးလိုက်တဲ့သူသည် မျောက်လက်ထဲ စက်သေနတ်အပ်တဲ့ မဲမျိုးမဖြစ်ပါစေနဲ့လို့ သတိထားပြီး ဦးနှောက်နဲ့ ဆင်ခြင်ပေးပါလို့ ပြောချင်တယ်။ ”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013