DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် မဲဆွယ်မှုများ ရပ်ထားရန် ရှမ်းပြည်တပ်မတော် သတိပေး
DVB
·
September 17, 2015
တိုက်ပွဲကြောင့် မဲဆွယ်မှုများ ရပ်ထားရန် ရှမ်းပြည်တပ်မတော် သတိပေး
Donate to DVB

အစိုးရတပ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပြီး လတ်တလော နယ်မြေတည်ငြိမ်လုံခြုံမှု မရှိတဲ့အတွက် ရှမ်းပြည်နယ်တွင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်း အဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့စွဲနဲ့ သတိပေး ကြေညာလိုက်ပါတယ်။

ခုလပိုင်းအတွင်း အစိုးရတပ်မတော်က ရှမ်းပြည်တပ်မတော်အဖွဲ့ သွားလာလှုပ်ရှားနေတဲ့ နယ်မြေထဲကို နယ်မြေရှင်းလင်းရေး အကြောင်းပြ ၀င်ရောက်လာရာက နှစ်ဘက်ထိတွေ့ ပစ်ခတ်မှုတွေ ရှိနေတဲ့အပြင် ရွာသူကြီးရော ရွာသားပါ ဖမ်းဆီးခံရတာ၊ ရွာထဲကို လက်နက်နဲ့ ပစ်ခတ်တဲ့အတွက် ရွာသားတွေ ထိခိုက်သေဆုံးရတာတွေကြောင့် ပြည်သူတွေ ဘေးကင်းလုံခြုံစေဖို့ နယ်မြေတွင်း မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေပါ ခေတ္တရပ်နားဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက “အထူးသဖြင့် ကျေးလက်ဒေသတွေမှာ လုံခြုံမှုမရှိပါဘူး။ ဒါကြောင့် ကျနော်တို့ ထိန်းချုပ်နယ်မြေနဲ့ သွားလာလှုပ်ရှားတဲ့ နယ်မြေတွေမှာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ခဏရပ်ထားဖို့ ပြောတာပါ။ နယ်မြေက အနည်းဆုံး ၁၇ နေရာလောက် ရှိပါတယ်။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ၊ နမ့်လန်၊ တောင်ပိုင်းက ကျေးသီး၊ မိုင်းကိုင်၊ လွိုင်လင်၊ ပင်လုံ၊ လဲချား၊ မိုင်းပွန်၊ နမ့်စမ်၊ ကွန်ဟိန်း၊ လင်းခေး၊ မောက်မယ်နဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ တာချီလိတ် စတာတွေ ပါပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လတ်တလော ဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အလုပ်အဖွဲ့ (ယူပီဒဗလျူစီ) ကို စာရေးအကြောင်းကြားသလို လက်ရှိ မဲဆွယ်စည်းရုံးနေတဲ့ နိုင်ငံရေးပါတီတွေရော၊ ကွင်းဆင်းဖို့ ပြင်ဆင်နေတဲ့ ပါတီတွေကိုပါ အကြောင်းကြားဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ ၂၀၁၂ ခုနှစ်ကစ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်မှာပါ ပဏာမအပစ်ခတ်ရပ် လက်မှတ်ထိုးပြီးသလို လာမယ့် အောက်တိုဘာလတွင်း တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ် လက်မှတ်ထိုးဖို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အစိုးရဘက်က ထိုးစစ်ဆင်မှုတွေမရပ်ဘဲ ဆက်လုပ်နေမယ်ဆိုရင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကိစ္စ ထိခိုက်နိုင်တယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

“အခု ကြေညာချက်ထုတ်ပြီးတဲ့နောက် အစိုးရတပ်က နောက်မဆုတ်ဘဲ ထိုးစစ်တွေ ဆက်ပြီး ဆင်လာမယ်ဆိုရင် ကျနော်တို့ တပြည်လုံး အပစ်ခတ်လက်မှတ်ရေးထိုးဖို့ ပြောထားတဲ့ကိစ္စလည်း ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ အပစ်ခတ်ရပ် လက်မှတ်ထိုးပြီး ပစ်ခတ်နေရင် ဘာအဓိပ္ပာယ်ရှိမှာလဲ။”

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကစ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းထိ ပစ်ခတ်မှု အနည်းဆုံး ၈ ကြိမ်ဖြစ်ပွားပြီး မနေ့က လွိုင်လင်ခရိုင် ခိုလမ်မြို့တောင်ဘက် ၁၀ မိုင်အကွာ ၀မ်းကောင်းဒေသတွင်း ပစ်ခတ်မှုမှာ အစိုးရတပ်က ရဟတ်ယာဉ် ၄ စီး၊ ဂျက်လေယာဉ် ၁ စီးနဲ့ ရောက်လာပြီး ဝေဟင်ပေါ်ကနေ စက်သေနတ်နဲ့ရော လက်နက်ကြီးနဲ့ပါ ပစ်ချခဲ့တယ်လို့လည်း ဗိုလ်မှူးကြီး စိုင်းလက ဆက်ပြောပါတယ်။

အခုလို ဝေဟင်ပေါ်မှ တိုက်ခိုက်မှုကြောင့် ၀မ်ကောင်းရွာသားတွေ အထိတ်တလန့်နဲ့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင် စက်တင်ဘာ ၇ ရက်နေ့ မိုင်းပွန်တိုက်ပွဲအပြီး ၁၂ ရက်နေ့က အစိုးရတပ်က ပါတက်ပ်ရွာထဲကို ပစ်ခတ်တာကြောင့် ရွာသားပေါင်း ၆ ဦး လက်နက်ကြီးထိမှန်ကာ ၁ ဦးသေဆုံး၊ ၁ ဦး ညာဘက်လက်နဲ့ ခြေပြတ်သွားတယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013