DVB Logo
Home
မြန်မာသတင်း
ကယားပါတီများ ရွေးကောက်ပွဲအတွက် စတင် မဲဆွယ်စည်းရုံး
DVB
·
September 16, 2015
ကယားပါတီများ ရွေးကောက်ပွဲအတွက် စတင် မဲဆွယ်စည်းရုံး
Donate to DVB

ကယားပြည်နယ်အခြေစိုက် ပါတီတခုဖြစ်တဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီဟာ လာမယ့် ရွေးကောက်ပွဲမှာ ကယားပြည်နယ် ၇ မြို့နယ်ထဲက ၆ မြို့နယ်မှာ မဲဆန္ဒနယ် ၂၆ နေရာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်နေပါပြီ။

မြို့ပေါ်မှာ အဓိက လုပ်ဆောင်တာမဟုတ်ဘဲ ကျေးလက်ဒေသတွေကို အဓိကထား မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေတယ်လို့ ပါတီဥက္ကဋ္ဌ ဦးဖိုးရယ်က ပြောပါတယ်။

“ကျနော်တို့ကျတော့ ဒီလို အခမ်းအနား ကြီးကြီးကျယ်ကျယ်တော့ မလုပ်နိုင်ဘူးလေ။ ဒီလိုပဲ ကျေးရွာ တရွာပြီးတရွာ သွားပြီးတော့မှ လူထုနဲ့တွေ့ဆုံတယ်ပေါ့။ တခါတလေဆိုရင်လည်း ညအိပ်ညတာ ခေါ်စုပြီး အဲလိုပဲ ဆွေးနွေးတယ်လေ။ တောကလူတွေဆိုတော့ နေ့လယ်နေ့ခင်းတွေဆိုရင် အများအားဖြင့် မအားကြဘူးလေ။ မြို့ပေါ်မှာကျတော့ ကျနော်တို့ အတတ်နိုင်ဆုံးတော့ တအိမ်တက်ဆင်း အဲလိုလုပ်ကြတာပေါ့။”

လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီအနေနဲ့ ကယားပြည်နယ်မှာ ပြည်သူလူထုက ရွေးကောက်တဲ့ ပြည်နယ်အစိုးရတရပ် ပေါ်ပေါက်ဖို့ ရည်ရွယ်ပြီး ကိုင်ပိုင်ပြဋ္ဌာန်းခွင့် တန်းတူညီတူရှိမှုကို အဓိက ရည်ရွယ်မဲဆွယ်တာလို့လည်း ပြောပါတယ်။

“ပြည်ထောင်စုအစိုးရနဲ့  နောက်ကျရင် ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုအဆင့်အထိ ရောက်အောင်ပေါ့။ အုပ်ချုပ်ရေးပိုင်းမှာဆိုရင်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီတူရှိမှု ရှိဖို့ အဓိက ကျနော်တို့ မူဝါဒါက အဲဒါတွေပေါ့နော်။ တတ်နိုင်သလောက်တော့ ကျနော်တို့ရဲ့ လမ်းစဉ် မူဝါဒကို လုပ်ယူရမှာ ဖြစ်ပါတယ်။”

ကယန်းအမျိုးသားပါတီလည်း ကယားပြည်နယ် ဒီမောဆို၊ လွိုင်ကော်မြို့နယ်တွေ၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်နဲ့ ကရင်ပြည်နယ် သံတောင်မြို့နယ်မှာ ၁၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက ပြောပါတယ်။

မဲဆွယ်စည်းရုံးခွင့်ရတဲ့  ၈ ရက်နေ့ကတည်းက စပြီး မဲဆွယ်စည်းရုံးနေပြီလို့  ဒီမောဆိုမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးနန်းရီက ပြောပါတယ်။

“ကျနော်တို့ ရပ်ကွက်ကျေးရွာအလိုက် ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းကို သွားတာပေါ့နော်။ ကျနော်တို့ ဒီမောဆိုမြို့နယ်မှာဆိုရင်  ကျေးရွာအုပ်စုက ၁၆ အုပ်စုရှိတယ်။ ကျေးရွာက ၁၀၀ ကျော် ဆိုတော့ ကျနော်က နေ့လယ်ဆိုရင်တရွာ၊ ညပိုင်းဆိုရင် တရွာပေါ့။ တရက်ကို ၂ ရွာပေါ့။ ၂ လအတွင်း သွားနိုင်အောင် ကျနော်တို့ အစီအစဉ် ဆွဲထားပါတယ်။”

ကယန်းအမျိုးသားပါတီ အနေနဲ့ကတော့ ပင်လုံစာချုပ် ကတိက၀တ်တွေမှာပါတဲ့ တိုင်းရင်းသား အခွင့်အရေးတွေရဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဦးနန်းရီက ဒီဗွီဘီကို ပြောပါတယ်။

ဒီမောဆိုမြို့နယ်မှာဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေ စိတ်ဝင်စားမှု အရမ်းနည်းနေပြီး မဲစာရင်းတွေကို ၁၄ ရက်နေ့ကတည်းက ကပ်ထားလိုက်ပြီဖြစ်ပေမယ့် မဲစာရင်းသွားကြည့်ဖို့ ဒေသခံ အာဏာပိုင်တွေက ဆော်သြတာတွေလည်း မကြားသလောက်ဘဲလို့လည်း ပြောပါတယ်။

ကယားပြည်နယ်အခြေစိုက် နောက်ထပ်ပါတီတခုဖြစ်တဲ့ ကယားလူမျိုးစု ဒီမိုကရေစီပါတီ ကတော့ ကယားပြည်နယ် မြို့နယ် ၇ ခုလုံးက မဲဆန္ဒနယ် ၂၆ ခုမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီဥက္ကဋ္ဌ ဦးစောဒယ်နီယယ်က ပြောပါတယ်။

ပါတီရဲ့ ဆောင်ပုဒ်ကတော‘လူမှုဘ၀ရဲ့မျှော်လင့်ချက်၊ ပြောင်းလဲခြင်းနဲ့ဖော်ဆောင်ရွက်’ ဆိုတဲ့ ဆောင်ပုဒ်တင်ထားပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

“လူမှုဘ၀ရဲ့ မျှော်လင့်ချက်ဆိုရင် အနာဂတ်လူတွေရဲ့ ဆင်းရဲ့ ဒုက္ခဘ၀အမျိုးမျိုးပေါ့လေ အဲဒါကို ဘယ်လိုမျှော်လင့်ချက်ထားသလဲ၊ ဘယ်လိုဖြည့်မလဲဆိုတဲ့ဟာလေးကို အဲဒီမျှော်လင့်ချက်နဲ့ ဖော်ဆောင်တဲ့နေရာမှာ ပြောင်းလဲနိုင်မှ အဲဒီဘ၀ကို ဖော်ဆောင်လို့ရမှာပေါ့။ လက်ရှိ ဖြစ်ပျက်နေတဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးတွေကို ကျနော်တို့ ပြောင်းလဲချင်တယ်ဆိုရင် မဲတပြားနဲ့ ပြောင်းလဲလို့ရတယ်။ မဲပပေးပြီးတော့ ပြီးခဲ့တဲ့ စနစ်ဆိုးတွေကနေ ကျနော်တို့ရုန်းထွက်နိုင်ဖို့ဆိုရင် မဲနဲ့ပဲ ကျနော်တို့ လုပ်လို့ရတယ်။ အထူးသဖြင့် ကယားပြည်နယ်ဟာ ကျနော်တို့ လိုချင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ပေါ့လေ။ ခေတ်အဆက်ဆက်ကလည်း ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို တောင်းတနေတယ်။ ဖယ်ဒရယ်စနစ်ကို ပြောင်းလဲချင်တယ်ဆိုရင် ဒီမဲနဲ့ ဆုံးဖြတ်ပြီးတော့ ရွေးလို့ရှိရင် ကျနော်တို့ အကောင်အထည်ဖော်လို့ရမှာပေါ့။ ”

ဒါ့အပြင် ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့ဆိုရင်တော့ တိုင်းရင်းသား ပါတီကိုပဲ မဲ့ပေးကြဖို့နဲ့ တိုင်းရင်းသားပါတီအနိုင်ရမှသာ တိုင်းရင်းသား အခွင့်အရေးကို ရရှိနိုင်မှာဖြစ်တယ်လို့လည်းပြောပါတယ်။

ဒါ့အပြင် ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမယ်ဆိုရင်တော့ ဒေသခံပါတီကပဲ အနိုင်ရမှာဖြစ်တယ်လို့လည်း သူက ခန်းမှန်းပြောဆိုပါတယ်။
ကယားပြည်နယ်အတွင်းမှာ ပါတီ ၁၁ ခုလောက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိပြီး ဒေသခံပါတီ ၃ ပါတီ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013