
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ညောင်ပင်လယ်ရွာကို စစ်တပ်က နိုဝင်ဘာ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ၈ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး ပရဟိတသမားတွေ ဆီကနေသိရပါတယ်။
မနက် ၁၁ နာရီကျော်လောက်မှာ မုံရွာမြို့ နမခစစ်တပ်ထဲကနေတက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စင်းနဲ့ လာရောက်ကြဲချသွားတာလို့လည်း သိရပါတယ်။
ဒေသခံတယောက်က “ကြဲချတာက ဗုံးသီး ၃ လုံး ကြဲချတာ။ လူကတော့ ၈ ဦး သေဆုံးတယ်။ ဒဏ်ရာရတာတွေလည်း များတယ်ဗျ။ ဒဏ်ရာရ ၂ ဦးဆိုရင် ဒဏ်ရာအတော်ပြင်းထန်ရသွားတာ။ အသက်အန္တရာယ်အတွက် စောင့်ကြည့် အနေအထားပဲ” လို့ ပြောပါတယ်။
ညောင်ပင်လယ်ရွာက ဒေါ်ကြူကြူအေး၊ ဦးမြင့်ဝင်း၊ ဦးဘုဏ်ဝေ၊ ဒေါ်ခင်မျိုးလှိုင်၊ မမိုးဇင်ဖြူ၊ ကိုဝင်းဘိုနဲ့ ပေါက်အင်းမြိုင်ဘက်ကနေ အလည်လာသူ နှစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး ဗုံးဒဏ်ကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တွေပါ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
ကနီမြို့နယ် ပေါက်အင်းမြိုင်ပကဖ တာဝန်ရှိသူတယောက်က “ဒီစစ်တပ်က အတော်ကို စိတ်ဓာတ် အောက်တန်းကျတာ။ ဒီရွာမှာဘာလုပ်နေလို့ ဘာသတင်းရတာလဲ။ ဘာပွဲမှမရှိဘဲကို အကြောင်းမဲ့ ဗုံးကြဲသွားတာ။ ထိခိုက်သူများနဲ့ဒဏ်ရာပြင်းထန်သူတွေကို အရေးပေါ် ကယ်ဆယ်ရေး လုပ်နေပါတယ်” လို့ ပြောပါတယ်။
ညောင်ပင်လယ်ရွာဟာ ကနီမြို့နယ်၊ တောင်ပေါက်ကျေးရွာအုပ်စုမှာတည်ရှိပြီး အိမ်ခြေ ၂၀၀ လောက် ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။











