DVB Logo
Home
မြန်မာသတင်း
ခရစ်ယာန်ကျောင်းဝင်းတွင်း တည်တဲ့စေတီ ပြန်မဖျက်ဟု မြိုင်ကြီးငူဆရာတော်မိန့်ကြား
DVB
·
September 15, 2015
ခရစ်ယာန်ကျောင်းဝင်းတွင်း တည်တဲ့စေတီ ပြန်မဖျက်ဟု မြိုင်ကြီးငူဆရာတော်မိန့်ကြား
Donate to DVB

ကရင်ပြည်နယ် ဘားအံ့မြို့နယ် မီးဇိုင်းကျေးရွာရှိ မယ်စိထာ ကရင်နှစ်ခြင်းအသင်း တော် ခရစ်ယာန်ဘုရားကျောင်း ပရ၀ုဏ်အတွင်းမှာ ဘုရားတည်ပြီး သိမ်ဆောက်လုပ်နေတာကို ရပ်တန့်ပေးမှာ မဟုတ်ဘူးလို့ မြိုင်ကြီးငူဆရာတော် ဦးသုဇနက မိန့်ကြားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းက အကြီး အကဲတွေ၊ ကရင်အမျိုးသားစည်းလုံးရေးနှင့်ငြိမ်းချမ်းရေးကောင်စီ (KUPC) က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ မိန့်ကြားခဲ့တာဖြစ်ပါတယ်။

ဆရာတော်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ (KUPC) က သင်းအုပ်ဆရာတော် စောမက်သယူးအေးက “အခြေအနေကတော့ ဆရာတော် (မြိုင်ကြီးငူ) ကတော့ မရွှေ့နိုင်ဘူး ပြောတာပဲ။ အဲဒီစေတီကတော့ သူက သာသနာ ပြန့်ပွားရေးအတွက် ဆောက်တာပဲတဲ့။ သူက အဲဒီမှာ အာရုံရတယ်တဲ့။ အဲဒီအောက်မှာ အာသောက မင်းဘုရားကြီး တည်ခဲ့တဲ့ စေတီပုထိုးတွေ ရှိခဲ့တယ်တဲ့။”  လို့  ပြောပါတယ်။

ဆရာတော်နဲ့ မတွေ့ခင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ က ဒီစေတီတည်ဆောက်မှုကို ခေတ္တရပ် နားပေးဖို့ ကရင်အမျိုး သားစည်းလုံးရေးနှင့်ငြိမ်းချမ်းရေးကောင်စီ (KUPC) က မြိုင်ကြီးငူဆရာတော် ဦးသုဇနထံ မေတ္တာရပ် ပန်ကြားခဲ့ပါတယ်။

ဒီဘုရားတည်မှု ရပ်တန့်ပေးဖို့အတွက် ကရင်နှစ်ခြင်းခရစ်ယာန် အသင်းကလည်း အစိုးရဌာနအသီးသီးကို  တင်ပြတောင်းဆိုထားပြီး အစိုးရဖက်ကတော့ ဖြေရှင်းပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ ဖားအံ-မော်လမြိုင် ကရင်နှစ်ခြင်းခရစ်ယာန်သာသနာ နယ်ရဲ့ အတွင်းရေးမှူး ဦးစောအယ်မွီက ပြောပါတယ်။

“အစိုးရကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့မှာ ကူညီဖြေရှင်းပေးရမယ့်တာ ၀န်ရှိပါတယ်ပေါ့။ အဲတော့ အစိုးရကတာဝန်ရှိတယ်ဆိုတာကိုလည်း သူတို့ခံယူပါတယ်။ အားလုံးအဆင်ပြေအောင်ဆောင်ရွက်ပေးပါမယ်လို့လည်း နှုတ်ကတိရှိပါတယ်။”

ဒီလိုတင်ပြထားတဲ့ အချိန်အတိုင်းအတာအတွင်း စေတီတည်ပြီးသွားတဲ့အပြင် သိမ်တော်ကိုလည်း ဆက်လက်တည် ဆောက်နေပြီဖြစ်ပေမယ့် တစုံတရာဆောင်ရွက်ပေးတာ မရှိ သေးဘူးလို့လည်း ပြောပါတယ်။

အသင်းတော်ရဲ့ ပုံမှန်ပြုနေကျ ၀တ်ပြုဆုတောင်းတဲ့အခါမှာလည်း ဘုန်းတော်ကြီးကျောင်းက ဖွင့်တဲ့အသံချဲ့စက်ကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရတယ်လို့ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် သာသာနာရေးဝန်ကြီးဌာနကို မေးမြန်းရာမှာ တော့ တာဝန်ရှိသူတွေက မြိုင်ကြီးငူဆရာတော်နဲ့သွားရောက်တွေ့ဆုံခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

တာဝန်ကျ အရာရှိတဦးက “ကျနော်တို့လူကြီးတွေ သွားပြီးတော့ ဆရာတော်ကို သွားလျှောက်တယ်။ အဲဒီအဆင့်ပဲ သိတယ်။ အဲဒီကနေပြီး ဘယ်လိုအဖြေရလဲဆိုတာ မသိသေးဘူး။ ”လို့ ပြောပါတယ်။

ဆရာတော်ဟာ မယ်စိထာကရင်နှစ်ခြင်း အသင်းတော်က တာဝန်ရှိ သူတွေ၊ သင်းအုပ်ဆရာတွေကို အကြောင်းကြားခြင်းမရှိဘဲ  “မယ်စိထာကရင်နှစ်ခြင်း အသင်းတော်” ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့ကစလို့ စေတီတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။

စေတီကို ဆရာတော် ဦးသုဇန ကိုယ်တော်တိုင် ကြွချီလာပြီး ပန္နက်ရိုက်ခဲ့တယ်လို့ဆိုပါတယ်။

မယ်စိထကရင်နှစ်ခြင်း အသင်းတော်ဟာ ၁၉၁၉ ခုနှစ်ကတည်းက တည်ရှိလာတဲ့ ဘုရားကျောင်းဝင်းဖြစ်ပြီး လက်ရှိ ဘုရားကျောင်းနဲ့ပါဆိုရင် ဘုရားကျောင်း ဆောင် ၃ ကျောင်းမြောက် ပြုပြင်မွမ်းမံခဲ့တာဖြစ်ပါတယ်။

ကျေးလက်တောရွာတွေဖြစ်တဲ့အတွက် မြေဂရမ်မရှိပေမယ့် မြေစာရင်းပုံစံ (၁၀၅) တော့ရှိတယ် လို့လည်း အသင်းတော်တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ်လောက်တုန်းကလည်း မြိုင်ကြီးငူတဖက်ကမ်း အုန်းတောရွာက ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ ဒီလိုပုံစံနဲ့ စေတီတည်ခဲ့ဖူးပြီး နောက်ပိုင်းမှာ ဘုရားကျောင်းကို ဖြိုခဲ့ရတဲ့ အဖြစ်အပျက်ရှိခဲ့ဖူးတယ်လို့လည်း အမည်မဖော်လိုတဲ့ အုန်းတောရွာ သားတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အဆိုပါဒေသတ၀ိုက်က တခြားဘာသာတွေရဲ့မြေနေရာမှာ ဆရာတော်က အာရုံရရင် ရသလို သာသနာအတွက်ဆိုပြီး စေတီပုထိုးတည်ဆောက်မှုတွေ လုပ်ဆောင်တာတွေရှိ တယ်လို့လည်း ပြောပါတယ်။

ဆရာတော်ဦးသုဇနရဲ့ ဒကာဟောင်း အမည်မဖော်လိုသူ နိုင်ငံရေးပါတီဝင်တဦးကလည်း ဘုန်းကြီးက ခရစ်ယာန်ကျောင်းမှာ ဘုရားသွားတည်ခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်တယောက် အနေနဲ့ မျက်နှာပူတယ်လို့ ပြောပါတယ်။

“ကျနော်တို့ အဲဒီကိစ္စသိလည်း သိတယ် တွေ့လည်းတွေ့တယ်။ အင်မတန်မှလည်း မျက်နှာပူစရာလည်း ကောင်းတယ်။ ကျနော်တို့ကလည်း အဲဒါ ပြောဖို့ကလည်း မပြောရဲဘူးပေါ့ဗျာ။ မပြောရဲဘူးဆိုတာက ကျနော်တို့က ပါတီလုပ်ငန်းလုပ်တယ်ဆို တော့ ဘာသာရေးနဲ့ဘာနဲ့ ရောစပ်ပြီး တိုက်ခိုက်လာမှာကိုလည်း စိုးရိမ်တယ်။ အဲဒါကြောင့် ကျနော်တို့က ရေငုံနှုတ်ပိတ်ပြီးတော့ နေတယ်ဗျာ။”

ဘားအံမြို့ သုမေဓာရာမ ကြားတောရကျောင်းတိုက်က ဆရာတော် ဦးစန္ဒ၀ရ ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြိုင်ကြီးငူဆရာတော် ဦးသုဇနနဲ့ ဒီကိစ္စပေါ် သွားရောက်တွေ့ဆုံခဲ့သူဖြစ်ပြီး  ဒီကိစ္စအပေါ်ညှိနှိုင်းဆောင်ရွက်စေချင်တယ်လို့မိန့်ပါတယ်။

“အားလုံးကတော့ နားလည်ပေးလိုက်ရင်တော့ ပိုပြီးတော့ လွယ်ကူတာပေါ့လေ။ အခုနနားလည်

ပေးနိုင်တဲ့အဆင့်ကလည်း ညှိနှိုင်းရမှာပေါ့။ ပြသနာတခုဖြစ်လာပြီဆိုတော့လည်း  အဆင်ပြေ ဆုံးဖြစ်အောင်တော့ ကိုင်တွယ်ရမှာပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013