DVB Logo
Home
Lead Story
အမျိုးသားတိုးတက်ရေးပါတီ ကော့မှူးအမတ်လောင်း ဒေါ်ယုယုခိုင် နှင့် ဒီဗွီဘီ မေးမြန်းချက်
DVB
·
September 15, 2015
အမျိုးသားတိုးတက်ရေးပါတီ ကော့မှူးအမတ်လောင်း ဒေါ်ယုယုခိုင် နှင့် ဒီဗွီဘီ မေးမြန်းချက်
1 / 2
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှာ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူယှဉ်ပြိုင်အရွေးချယ်ခံမယ့် အမျိုးသားတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ယုယုခိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်ယုယုခိုင်အနေနဲ့ ကုမ္ပဏီမှာ စီးပွားရေးလုပ်နေရာကနေ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ဘာကြောင့် ၀င်ရောက်ယှဉ်ပြိုင်တာပါလဲ။

“ကိုယ့်နိုင်ငံကို လူတိုင်းပေါ့နော် အကုန်လုံးက တိုင်းပြည်ကို တိုးတက်စေချင်ကြတယ်။  အပြောင်းအလဲလည်း လိုလားကြတယ်။ အဲဒီထဲမှာ ကျမလည်း တယောက်အပါအ၀င်ပေါ့။ ကိုယ့်တိုင်းပြည် ပညာရေးကို အကောင်းဆုံး ဖြစ်စေချင်တယ်။ ပညာရေး ပြုပြင်ပြောင်းလဲဖို့အတွက် ဆိုပြီး အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ထွက်လာတယ်။ အဲဒါကို စိတ်ဝင်စားတဲ့ အခါကျတော့ အသေးစိတ်လေ့လာတယ်။ အဲဒီမှာ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းက တကယ်တမ်း ပြောင်းလဲတိုးတက်ဖို့ ဆိုတာထက်ကို  ပရမ်းပတာ ဖြစ်စေနိုင်တဲ့ တချို့အချက်တွေကို သွားတွေ့ရတယ်။ အဲဒါကြောင့် အမျိုးသားရေးတာဝန်တရပ် အနေနဲ့ ကျမတို့ ကန့်ကွက်စာပို့တယ်။ နောက် အမျိုးသားလွှတ်တော်မှာ ကြားနာပွဲတွေ ဆင့်ခေါ်တဲ့အခါ တက်ရောက်ပြီး ကန့်ကွက်ခဲ့တယ်။ အဲဒီမှာ  တိုင်းပြည်အတွက် တကယ်တမ်း ထိထိရောက်ရောက် အလုပ်လုပ်ချင်တယ်ဆိုရင် ပြောရေးဆိုခွင့်ရှိဖို့ နေရာတခုရဖို့ လိုအပ်တယ်ဆိုတာ သိလာတယ်ပေါ့။ အဲဒါက ရွေးကောက်ပွဲဝင်ဖို့ တွန်းအားဖြစ်စေတဲ့ အချက်တခုပေါ့။”

လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်လာဖို့၊ လွှတ်တော်နိုင်ငံရေးသမားတဦး ဖြစ်လာဖို့ အတွက် ဘာတွေ ကြိုတင် ပြင်ဆင်ထားပါသလဲ။

“လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက် ဖြစ်လာဖို့ ဘာတွေပြင်ဆင်ထားလဲ ဆိုတော့ ဒီအတွက် လိုအပ်တဲ့ အရည်အချင်းက အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီးသားလေ၊ နိုင်ငံသားဖြစ်ရမယ်၊  မိဘနှစ်ပါး နိုင်ငံသားဖြစ်ရမယ်၊ စသဖြင့်ပေါ့ သတ်မှတ်ထားတဲ့ဟာ အဲဒါတွေနဲ့တော့ အားလုံးပြည့်စုံတယ်ပေါ့နော်။ နောက် ကျမတို့က ကိုယ်ပိုင်လုပ်ငန်းလည်း လုပ်ခဲ့တယ်။ တောက်လျှောက်လုပ်ခဲ့တာ ၁၉၉၂ ခုနှစ် ဆယ်တန်းဖြေပြီးကတည်းက အခုဆိုရင် လုပ်သက်က ၂၃ နှစ်ရှိပြီ။ ၂၀၀၇ မှာ နိုင်ငံခြားကုမ္ပဏီတခုရဲ့ ရုံးခွဲမန်နေဂျာအဖြစ် အုပ်ချုပ်ခဲ့တယ်။ အခုဆိုရင် ကိုယ်ပိုင်လုပ်ငန်းလုပ်နေပြီပေါ့ ၂၀၁၃ ကနေစပြီး။  ဆိုတော့ အဲဒါတွေဟာ ကျမအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့မယ်ဆိုရင် ကျမတို့ရဲ့ စီမံခန့်ခွဲမှု ပညာတွေကို အသုံးချပြီးတော့ လုပ်နိုင်တဲ့ အနေအထားတွေ အများကြီးရှိတယ်။  နောက်တခုက ဥပဒေပြုရေးပေါ့နော် လွှတ်တော်အမတ်တဦးရဲ့ အဓိကတာဝန်ပေါ့၊ အဲဒီဥပဒေပြုရေး အတွက် ဆိုရင်လည်း ကျမတို့က ဥပဒေတွေကို လေ့လာတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း လေ့လာတယ်။ နောက် တခြားလိုအပ်တဲ့ဥပဒေတွေ Business Law တက်တယ်။ တခြား Civil Law တို့ ဘာတို့နဲ့ ပတ်သက်တဲ့ဟာကျတော့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ လိုအပ်တဲ့ ဥပဒေတွေကို တင်ပြဖို့ လုပ်သွားမှာပါ။ ပညာရေးနဲ့ဆိုင်တဲ့ ဟာဆိုလည်း ပညာရေးနဲ့  ပတ်သက်တဲ့ ပညာရှင်တွေကို ချဉ်းကပ်ပြီးတော့ လုပ်သွားမှာပါ။”

ဒေါ်ယုယုခိုင်ရဲ့ မွေးရပ်ဇာတိက ရန်ကုန် တာမွေလို့ သိရပါတယ်။ ဒီရွေးကောက်ပွဲမှာ ကျတော့ ဘာကြောင့် ကော့မှူးမြို့နယ်ကနေ  ၀င်ပြိုင်ဖို့ ရွေးချယ်ဖြစ်တာလဲ။

“ကျမက ငယ်ငယ်တုန်းက တွံတေး၊ ကော့မှူးဘက်မှာ အမျိုးတွေ ရှိတယ်ပေါ့နော်။  သူတို့ဆီကို ခဏခဏ ရောက်တယ်။  နှစ်စဉ်နှစ်တိုင်း ၀ါဆိုလပြည့်နေ့တိုင်းမှာ သွားတယ်။ သွားရင် ပန်းခူးထွက်တယ်၊  တနေ့လုံးထွက်တယ်။   ပြီးရင် ပန်းခူးတယ်၊ ခူးပြီးသွားရင် ရောက်တဲ့ဘုရားမှာ ကပ်တယ်။ မြစ်တွေချောင်းတွေ ကျော်ပြီးသွားရတာ အဲဒါ ငယ်ငယ်တုန်းကဘ၀တွေ တကယ်လုံးဝ မမေ့နိုင်ဘူးပေါ့။ နောက်ပိုင်း ကျောင်းတက် အလုပ်တွေဝင်တော့  မရောက်ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်က ပြန်ရောက်တဲ့အချိန်မှာ ဘာမှ သိပ်ပြီး ပြောင်းလဲတယ်ဆိုတာ မတွေ့ရဘူးလေ။ မတွေ့တဲ့အခါကျတော့ ရန်ကုန်နဲ့လည်း နီးနီးလေးနဲ့ ဘာကြောင့် မတိုးတက်ရတာလဲ ဆိုတဲ့ဟာကို လေ့လာကြည့်တဲ့ အခါကျတော့ ထုံးစံအတိုင်းပေါ့ ပညာရေးကို လိုလားတယ်၊ ဒါပေမယ့် သင်မပေးနိုင်ဘူးပေါ့။ မိဘတွေ စီးပွားရေး မကောင်းတဲ့ အခါကျတော့ ကလေးတွေကို မူလတန်းပြီးရင် ဆက်မထားနိုင်တာတို့ ဘာတို့ အဲဒါမျိုးတွေ တွေ့ရတယ်။ အဲတော့ ဒီဒေသကို တကယ် ဖွံ့ဖြိုးတိုးတက်စေချင်တဲ့စိတ်နဲ့ပေါ့ အဲဒါကြောင့် ဒီနယ်မြေကို ရွေးဖြစ်တာပါ။”

ခု ကိုယ်စားလှယ်လောင်းတွေ စတင်မဲဆွယ်ခွင့်ရပြီဆိုတော့ ၀င်ပြိုင်မယ့်  ကော့မှူးမဲဆန္ဒနယ်ကို သွားပြီး မဲဆွယ်နေပြီလား၊ ဘယ်လိုပုံစံနဲ့ စည်းရုံးမဲဆွယ်နေပါသလဲ။

“ဟိုမှာ ကျမရဲ့အဖွဲ့တွေရှိတယ်။ သူတို့တွေက ရွာတွေဝင်နေတယ်။ ရွာတွေကိုဝင်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို သိနိုင်အောင် သူတို့ရဲ့အသံကို နားထောင်တယ်။ ပြီးရင် ဒီဘက်က အမြင်နဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ စဉ်းစားတယ်။ ကျမတို့က တကိုယ်တည်း စလုပ်တာလေ။ ကျမတို့မှာ ဘာနောက်ခံအင်အားမှ မရှိတဲ့အခါကျတော့ သူတို့ကို ဘာတွေလုပ်ပေးမယ် ညာတွေလုပ်ပေးမယ်ဆိုတဲ့ ကတိမျိုးကို ပေးလို့တော့မရဘူး။ ဒါပေမယ့် ဒီဒေသဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုတယ်။ အဲဒါဆိုရင် စီးပွားရေးတိုးတက်ဖို့အတွက် ဘာလုပ်ပေးနိုင်မလဲ စဉ်းစားပြီးတော့ ဒါလေးတွေတော့မြင်တယ်၊ ဒီလိုလုပ်လို့ ရနိုင်တယ်ဆိုပြီး ရှင်းပြတယ်။ အဲလိုပုံစံမျိုးနဲ့ စည်းရုံးတယ်။ နောက် ရွာတွေကို ရောက်အောင်သွားတယ်။ အားလုံးပေါင်း ၁၂၇ ရွာပေါ့။ ကျေးရွာအုပ်စု ၅၅၊ ရပ်ကွက်က ၇ ရပ်ကွက်ဆိုတော့ အားလုံးပေါင်း ၆၂ ခုရှိတာပေါ့။ ဖြစ်နိုင်ရင် အကုန်လုံးကို ရောက်အောင်သွားမယ်။ အဲလို ရည်ရွယ်ထားပါတယ်။”

လက်ရှိ လေ့လာသိထားသလောက် ကော့မှူးမြို့နယ်က ပြည်သူအတွက် အလိုအပ်ဆုံးအရာဟာ ဘာဖြစ်မလဲ။ သူတို့အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေဆီက အဓိက ဘာတွေ မျှော်လင့်ထားတယ် ထင်ပါသလဲ။

“ကျမ တော်တော်လေးအံ့သြတာက သူတို့က ပညာရေးကို တော်တော်လေး အလေးထားတယ်။ အဲဒီမှာ ဆရာတော်တွေရဲ့ သြ၀ါဒကြောင့် ပါချင်ပါမှာပေါ့။ ပညာရေးကောင်းရင် သူတို့ တိုးတက်မယ်လို့ ယူဆထားတယ်။ ဒါပေမယ့် တိုးတက်မယ်လို့ ယူဆထားတဲ့ ပညာရေးကို သူတို့မှာ ဆုံးခန်းတိုင်အောင် မသင်ရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အဓိက ဘာကြောင့်လဲဆိုတော့ စီးပွားရေးမကောင်းလို့။ ဘာလို့ မကောင်းလဲဆိုတော့ လက်ရှိ သူတို့ ဘာလုပ်စားနေလဲဆိုတော့ လယ်လုပ်တဲ့လူရှိတယ်၊ ခြံလုပ်တဲ့လူရှိတယ်၊ တချို့ ကွမ်းစိုက်တဲ့လူရှိတယ်၊ မြေတွေခြံတွေ မရှိတဲ့သူတွေကတော့ ကောက်စိုက်ပျိုးနှုတ်တယ်။  နောက်တခု ဘာအခက်အခဲတွေ့လဲဆိုတော့ လယ်က တသီးပဲ စိုက်လို့ရတဲ့ အခါကျတော့  အဲဒါပြီးသွားရင် နောက်ထပ် အလုပ်မရှိတဲ့စပ်ကြား သူတို့မှာ ထိုင်စားရတဲ့ဟာ များသွားရော။  ၁ လခွဲလောက် အလုပ်လုပ်ပြီးရင် ၃ လလောက် ထိုင်စားရတဲ့ပုံစံမျိုးတွေ ဖြစ်ကြတယ်။ အဲတော့ စီးပွားရေးမကောင်းဘူးပေါ့။ သူတို့ကတော့ ပညာရေးကိုပဲတောင်းတယ်။ တချို့ကတော့ မီး ဘာညာပေါ့ လျှပ်စစ်မီးလိုချင်တာတို့ ဘာတို့ ရှိတယ်။"

ကော့မှူးမြို့နယ်မှာလက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် အတိုက်အခံပါတီ ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြိုင်ဘက်တယောက် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

“အန်တီ့ကိုတော့ ကျမက ဗိုလ်ချုပ်ရဲ့ သမီးတယောက်အနေနဲ့ လေးစား အားကျတယ်ပေါ့လေ။ သူလည်း တိုင်းပြည်ကို ကောင်းစေချင်တဲ့အတွက်ကြောင့်မို့လို့  သူလည်း လုပ်နေတယ်။ ကျမတို့ကလည်း တိုင်းပြည်ကို ကောင်းစေချင်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့လည်း လုပ်တယ်၊ လုပ်နည်းလုပ်ဟန်ကတော့ တူချင်မှတူမယ်ပေါ့လေ။ သူလည်း တိုင်းပြည်ကိုချစ်သလို ကျမတို့လည်း ချစ်တယ်။ သူလုပ်တဲ့နည်းလမ်းနဲ့ ကျမတို့လုပ်တဲ့နည်းလမ်း တူချင်မှတူမှာဆိုတော့ အဲဒီအတွက်တော့ ကျမတို့မှာ ဘာမှ ပြောစရာတော့မရှိဘူး။”

ကော့မှူးမှာ ဒေါ်အောင်ဆန်းစုကြည်ရှိမယ်၊ နောက် အာဏာရ ကြံ့ခိုင်ရေးပါတီက နယ်ခံ ဦးကျော်ဇင်ဟိန်းရှိမယ်၊ နောက် ခေတ်သစ်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ရီရီစံနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဦးညီညီဝင်းတို့လည်း ရှိတယ်ဆိုတော့  ဒီမဲဆန္ဒနယ်မှာ အနိုင်ရဖို့ ဘယ်လောက်ခက်ခဲမယ်ထင်ပါသလဲ။

“ဘယ်လိုပြောရမလဲ ပြိုင်ပွဲတခုပဲလေ။ ဒါကတော့ အနိုင်နဲ့ အရှုံးဆိုတာ ရှိမှာပဲ။ နိုင်ဖို့မလွယ်ဘူး ဆိုတာလည်း မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် အဲဒီလိုပြောပြီးတော့ ကျမတို့ဘက်ကတော့ လုံ့လကို မလျှော့ဘူးပေါ့နော်။ ကိုယ့်ဘက်က လုပ်စရာရှိတာကိုတော့  အပြည့်အ၀ လုပ်ကိုင်သွားမှာပါ။ မဲဆန္ဒရှင်တွေအတွက် ကျမဘက်ကတော့ စီးပွားရေး ဘာလုပ်လို့ရနိုင်မလဲ ဆိုတဲ့ဟာကို မြင်တဲ့ အမြင်မျိုးတွေတော့ ရှိတယ်ပေါ့။ တကယ်လို့သာ ကိုယ့်ကို ရွေးချယ်ပေးလိုက်မယ်ဆိုရင် အဲဒီဟာကို အကောင်အထည် ဖော်နိုင်အောင်  ကြိုးစားမယ်။ အဲလိုမဟုတ်လည်း ကိုယ်တတ်နိုင်တဲ့ဟာကို ဆက်လုပ်သွားမှာပါ။ ရွေးကောက်ပွဲပြီးတာနဲ့ နိုင်နိုင်မနိုင်နိုင် ပျောက်သွားတာမျိုးလည်း မရှိပါဘူး။  ရေရှည်စီမံကိန်း ဖြစ်တဲ့အတွက် ဆက်ပြီး သွားပြီးတော့ တတ်နိုင်တဲ့ဘက်က လုပ်ပေးနေမှာပါ။”

အရင်က မြန်မာ့နိုင်ငံရေးမှာ ပါဝင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေရှိရင် ပြောပြပါလား၊ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ အတွေ့အကြုံပေါ့။

“၁၉၈၈ ရှစ်လေးလုံး အရေးအခင်းမှာ ၀င်ပါခဲ့တာပေါ့။ အထက်တန်းဆိုပေမယ့်  ၈ တန်း ဆိုတော့ တော်တော်လေး သိတတ်တဲ့ အရွယ်လည်း ရောက်နေတဲ့အခါကျတော့ ကျမတို့ ဒို့အရေး လုပ်ခဲ့တာပေါ့။ ကံတခုကောင်းချင်တာက စစ်တပ်က အာဏာသိမ်းတယ်၊ နောက် လမ်းတွေမှာ လိုက်လံရှင်းတဲ့နေ့မှာ မိဘတွေက လုံးဝ ပေးမထွက်ဘူး။ အဲဒါကြောင့် သူရဲကောင်း မဖြစ်ခဲ့ဘူးပေါ့။”

ဒေါ်ယုယုခိုင်ရဲ့ ပညာရေးနဲ့ လက်ရှိအလုပ်အကိုင် အကျဉ်း ပြောပြပေးပါလား။

“မဟာဝိဇ္ဇာ မြန်မာစာအထူးပြု၊ နောက် ဘွဲ့လွန်ဒီပလိုမာ နှစ်ခုက ရေကြောင်းဥပဒေနဲ့ စီးပွားရေးဥပဒေရယ်၊ နောက် ABE (UK) ရဲ့ Advanced Diploma in Business Administration၊ နောက် အခု မဟာဝိဇ္ဇာ စီးပွားရေးဥပဒေပညာ ဒုတိယနှစ်၊  အလုပ်အကိုင်ကတော့ အောင်မြင်ကုဋေကုဋာ ကုမ္ပဏီမှာ အုပ်ချုပ်မှုဒါရိုက်တာ။”

လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျနေတဲ့ အခြေအနေ၊  ငြိမ်းချမ်းရေး မရသေးတဲ့ ပြဿ   နာ၊ ခု သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ရေဘေးဒဏ်ခံနေရတဲ့  ပြဿ  နာတွေထဲမှာ ဘယ်အရေးကိစ္စက အဓိက ဦးစားပေး ဖြေရှင်းရမယ့် ပြဿ    နာလို့ ထင်ပါသလဲ။

“အကုန်လုံးကတော့ အရေးကြီးတာချည်းပဲ။ အရေးကြီးတဲ့ အထဲမှာမှ အရေးအကြီးဆုံးလို့၊ ပြောရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးပဲ၊ ငြိမ်းချမ်းရေးဆိုတာ တနိုင်ငံလုံး စစ်မဖြစ်တဲ့ နယ်မြေတွေ ရှိတယ်လေ။ ဒီလူတွေအနေနဲ့ တခြားဟာတွေက အရေးကြီးတယ် ဆိုပေမယ့်လည်း  တကယ်တမ်းမှာ  စစ်ဖြစ်တဲ့နယ်မြေက လူတွေရော အားလုံး အခွင့်အရေး တန်းတူရေးရဖို့ဆိုရင် ငြိမ်းချမ်းရေးက ပိုအရေးကြီးတယ်လို့ ယူဆတာပေါ့နော်။ ငြိမ်းချမ်းရေးရမှ ဒီလူတွေကလည်း တခြားခံစားခွင့်တွေ တန်းတူညီမျှရမှာလေ။ အဲဒီအတွက် ငြိမ်းချမ်းရေးက အဓိကကျတယ်လို့ ပြောချင်တယ်။ ပဋိပက္ခတွေ ဖြစ်နေမယ်ဆိုရင် တိုးတက်ဖို့ အလားအလာတွေ နောက်ကျဖို့ မြင်နေရတယ်။ မတည်မငြိမ်ဖြစ်နေတဲ့ အခါကျတော့ ဒီမှာလာပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမယ့် လူတွေကလည်း ဒီအခြေအနေတွေကို ကြည့်နေတာနဲ့ဆိုတော့ အကုန်လုံးကတော့ ဆက်စပ်နေတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးကတော့ ပထမပဲ၊ ကျန်တာကတော့ အပြိုင်လုပ်ရမှာပေါ့နော်။”

နောက်ဆုံးအနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အပေါ် ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ မဲဆန္ဒရှင်တွေကို ဒီဗွီဘီက တဆင့် ဘာပြောချင်ပါသလဲ။

“တိုင်းပြည်အတွက် မျှော်လင့်ချက်ကတော့ လူငယ်သည် နိုင်ငံတော်၏ အနာဂတ်လို့ပဲ ပြောရမှာပေါ့။ လူငယ်တွေ အနာဂတ်နိုင်ငံရေးမှာ များများပါဝင်လာနိုင်ဖို့ မျှော်မှန်းတယ်။ လူငယ်ဆိုတာ လုပ်နိုင်ကိုင်နိုင်ရှိတယ်။ ပညာကို ဆုံးခန်းတိုင်အောင် သင်ယူပြီး ကိုယ့်ကိုယ်ကိုယ် ဖြည့်တင်းပြီး သွားတဲ့အခါကျတော့ တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးကို သူတို့က အားသွန်ခွန်စိုက် လုပ်နိုင်မယ်လို့ ယူဆတယ်။ အဲဒါက ကျမရဲ့ ရည်မှန်းချက်ပေါ့။

“မဲဆန္ဒရှင်တွေကို ပြောချင်တာကတော့ လွှတ်တော်အမတ်တယောက်က သူ့ရဲ့ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မြေ ဒေသဖွံ့ဖြိုးရေးကို လုပ်ဖို့အတွက် တာဝန်ရှိတယ်ပေါ့နော်။ အဲဒီတခုတည်း တာဝန်ခံရမှာ မဟုတ်ဘဲနဲ့ ပြည်သူ့လွှတ်တော် ဖြစ်တဲ့အတွက်ကြောင့်မို့လို့  နိုင်ငံတခုလုံးနဲ့ဆိုင်တဲ့ ဥပဒေပြုရေး၊ နောက် ပြုထားတဲ့ ဥပဒေတွေ သက်ရောက်မှုရှိမရှိ စောင့်ကြည့်ဖို့ တာဝန်တွေလည်းရှိတယ်။ အဲဒီတာဝန်တွေကို လွှတ်တော်ကိုယ်စားလှယ် အသီးသီးက တာဝန်ကျေတယ်ဆိုရင် သူ့ရဲ့ သက်ဆိုင်ရာ ဒေသကလည်း ဖွံ့ဖြိုးမယ်၊ သူတယောက်တည်းတော့ လုပ်လို့ရမှာ မဟုတ်ဘူး။ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ရမှာပေါ့။ လုပ်ရင် ဒေသအလိုက် ဖွံ့ဖြိုးလာမယ်။ တိုင်းဒေသကြီး ပြည်နယ်တွေလည်း ဖွံ့ဖြိုးလာမယ်ဆိုရင် နိုင်ငံတခုလုံး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013