DVB Logo
Home
မြန်မာသတင်း
ကရင်ပါတီများ ရွေးကောက်ပွဲအတွက် စတင် မဲဆွယ်စည်းရုံးနေ
DVB
·
September 14, 2015
ကရင်ပါတီများ ရွေးကောက်ပွဲအတွက် စတင် မဲဆွယ်စည်းရုံးနေ
Donate to DVB

ကရင်တိုင်းရင်းသားကိုယ်စားပြု ပါတီကြီးတခုဖြစ်တဲ့ ကရင်ပြည်သူ့ပါတီဟာ တိုင်းနဲ့ပြည်နယ် ၇ ခုက မဲဆန္ဒနယ် ၁၁၈ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် မဲဆွယ်စည်းရုံးမှုတွေ စတင် လုပ်ဆောင်နေပါပြီ။

အထူးသဖြင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့ ပါတီစည်းရုံးလှုပ်ရှားမှုတွေ သူ့ဒေသနဲ့သူ လုပ်ဆောင်နေတယ်လို့ ကရင်ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ စောစေးဝါးက ပြောပါတယ်။

“အခုတော့ ကိုယ့်တဦးချင်း လက်ကမ်းစာစောင်တွေ လိုက်ဝေနေပြီ။ တချို့နေရာတွေကျတော့လည်း တဦးချင်းရဲ့ ဆိုင်းဘုတ်တွေ ထောင်နေပြီ။ တချို့ပုဂ္ဂိုလ်တွေက ဘာတွေလုပ်လဲဆိုရင် ပိုစတာအငယ်လေးတွေ ကပ်နေပြီ။ နောက် မော်တော်ဆိုင်ကယ်၊ ဆိုင်ကယ်ဦးထုပ်တွေမှာလည်း စတစ်ကာတွေ ကပ်ထားတယ်။ အဲလိုမျိုး ပြည်သူတွေ သိအောင်လုပ်ဆောင်နေပါတယ်။”

ကရင်ပြည်သူ့ပါတီအနေနဲ့ လွှတ်တော်မှာ အနိုင်ရရင် တရားဥပဒေစိုးမိုးရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲဖို့ကိစ္စအပြင် အလုပ်သမား၊ လယ်သမား အရေးတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း စောစေးဝါးက ပြောပါတယ်။

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီကတော့ ကရင်ပြည်နယ် ၇ မြို့နယ်လုံး၊ မွန်ပြည်နယ် ကျိုက်မရောနဲ့ ပေါင်မြို့အပြင် ရန်ကုန်တိုင်းဒေသကြီး တာမွေမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ပါတီဒု-ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကတော့ လက်ရှိမှာလည်း စည်းရုံးလှုံ့ဆော်မှုတွေကို စတင်နေပြီလို့ ပြောပါတယ်။

“အခုက လူထုကို ခေါ်ပြီးတော့ စုဝေးတယ်။ ပြီးတော့ အဲမှာ ကိုယ့်ပါတီအကြောင်း ဆွေးနွေးတာပေါ့။ နောက်ပြီးတော့ လက်ကမ်းစာစောင်တို့ ဘာတို့ ဝေပေးတယ်။ ပြီးရင် ဗီနိုင်းတို့ ပိုစတာတို့ ထောင်တယ်ပေါ့ဗျာ။ မော်တော်ကားနဲ့ လှည့်လည်တာတော့ မရှိသေးဘူး။”

ဖလုံ-စဝေါ်ပါတီဟာ ကရင်အမျိုးသားကို အခြေခံတဲ့ပါတီ ဖြစ်တာကြောင့် ရွေးကောက်ပွဲ အနိုင်ရရင် ကရင်အမျိုးသားအတွက် အတတ်နိုင်ဆုံး၊ အကောင်းဆုံး လုပ်ဆောင်မှာဖြစ်သလို ကရင်ပြည်နယ်အတွက်လည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း မန်းအောင်ပြည်စိုးက ပြောပါတယ်။

ဖလုံ-စဝေါ်ပါတီ အနေနဲ့ မဲဆန္ဒနယ် ၄၄ ခုမှာ ပြည်သူ့လွှတ်တော် ၇ နေရာ၊ အမျိုးသားလွှတ်တော်က ၁၃ နေရာ၊ ပြည်နယ်လွှတ်တော် ၁၇ နေရာနဲ့ တိုင်းရင်းသားလွှတ်တော် ၄ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မှာပါ။

လက်ရှိမှာတော့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ အနေနဲ့ အဓိက အင်အားကြီးပါတီ ၃ ခုကို ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“အဓိက ဒို့အနေအထားအရက ပြည်ခိုင်ဖြိုးနဲ့ အန်အယ်လ်ဒီအပြင်ကို မဘသကို အကြောင်းပြုပြီးတော့ ပေါ်လာတဲ့ အမျိုးသားတိုးတက်ရေးပါတီဆိုတာ အဲဒီပါတီနဲ့ပါ။ ၃ ပါတီနဲ့ အဓိကပြိုင်ရမလို ဖြစ်နေပြီ။ သူတို့ကို အနိုင်ရဖို့ တပါတီချင်း ဆိုတာထက်ကို ကျနော်တို့က ကိုယ့်ဟာနဲ့ကိုယ် ရုန်းနေတာပဲ။ တိုက်ခိုက်ဖို့ ဘာဖို့တော့ မရှိဘူး၊ ကိုယ့်ဟာနဲ့ကိုယ်တော့ ရုန်းသွားပြုသွား ပြောဆိုသွားတာပဲ ရှိတာပေါ့။ တမင်တကာ အစီအစဉ်ချပြီး သူတို့အနိုင်ရအောင်လုပ်မယ် ဘာညာတော့ မရှိပါဘူး။”

ဖလုံ-စဝေါ်ပါတီဟာ ကရင်ပြည်နယ် အခြေစိုက်ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ၀င်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်နေရာတချို့ ရထားတဲ့ပါတီလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013