DVB Logo
Home
မြန်မာသတင်း
လူသတ်မှုတွင်သုံးသည့် ပေါက်တူးရှိ ဒီအန်အေနှင့် မြန်မာ၂ ဦး ဒီအန်အေ ကွဲပြား
DVB
·
September 11, 2015
လူသတ်မှုတွင်သုံးသည့် ပေါက်တူးရှိ ဒီအန်အေနှင့် မြန်မာ၂ ဦး ဒီအန်အေ ကွဲပြား
Donate to DVB

ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) လူသတ်မှုမှာ အသုံးပြုတဲ့ ပေါက်တူးမှာ တွေ့ရှိတဲ့ ဒီအန်အေ (မျိုးရိုးဗီဇ) ဟာ လက်ရှိ တရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံသား လူငယ် ၂ ဦး ကိုဇော်လင်းနဲ့ ကိုဝေဖြိုး (ကိုဝင်းဇော်ထွန်း) တို့ရဲ့ ဒီအန်အေနဲ့ လုံးဝမကိုက်ညီဘူးလို့ ထိုင်းနိုင်ငံ မှုခင်းသိပံ္ပဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာပွန်ထစ်က ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးမှာ ဒီကနေ့မနက် ထွက်ဆိုပါတယ်။

မနှစ် စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းမှာ ဗြိတိသျှလူငယ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီးက မုဒိမ်းကျင့်ခံရပါတယ်။

ဒီလူသတ်မုဒိမ်းမှုမှာ ပေါက်တူးနဲ့ သတ်တယ်လို့ တရားလိုပြသက်သေတွေဘက်က ထွက်ဆိုထားပြီး သတ်တဲ့ပေါက်တူးရိုးမှာ ဒီအန်အေနဲ့ လက်ဗွေရာ မတွေ့ဘူးလို့ ထွက်ဆိုထားတာပါ။

ဒါကြောင့် ထိုင်းနိုင်ငံမှာသာမက နိုင်ငံတကာကပါ လေးစားတဲ့ မှုခင်းသိပံ္ပပညာရှင်က ပေါက်တူးကို ထပ်မံစစ်ဆေးခဲ့ပြီးနောက် ဒီကနေ့ တရားရုံးမှာ တက်ရောက်ပြီး (၁) ပေါက်တူးရိုးမှာ ဒီအန်အေတွေ့တယ်။ (၂) ယောက်ျား ၂ ယောက် ဒီအန်အေဖြစ်တယ်။ (၃) ပေါက်တူးရိုးက တွေ့တဲ့ ဒီအန်အေဟာ လူသတ်မုဒိမ်းမှုနဲ့ တရားစွဲခံ လူငယ် ၂ ဦးရဲ့ ဒီအန်အေနဲ့ မတူဘူး၊ ကိုက်ညီမှုမရှိဘူးလို့ ထွက်ဆိုသွားတာပါ။

ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့ရဲ့ တခြားစစ်ဆေးချက်တွေမှာလည်း အားနည်းချက်တွေ ရှိတယ်ဆိုတာကို သူက ထွက်ဆိုခဲ့ပါတယ်။

မှုခင်းဆေးသိပံ္ပကျွမ်းကျင်သူ ဒေါက်တာပွန်ထစ်ရဲ့ ထွက်ဆိုချက်ကို ဒီကနေ့တရားခွင်မှာ တက်ရောက်တဲ့ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်ဥက္ကဋ္ဌ ဦးစိန်ဌေးက “ဒီပေါက်တူးနဲ့ ဒီကလေး ၂ ယောက်နဲ့ ပတ်သက်မှုရှိတယ်လို့ ပြလို့မရဘူး။ ပေါက်တူးကို ပြန်စစ်တယ်ပေါ့နော်။ ဒေါက်တာပွန်ထစ်တို့ဌာနကို ပို့ပြီးတော့ ပြန်စစ်တယ်။ ပထမ ရဲတွေစစ်တုန်းက ဒီပေါက်တူးအရိုးမှာ ဒီအန်အေ မတွေ့ဘူး။ လက်ဗွေရာလည်း မတွေ့ဘူး၊ ဒီအန်အေလည်း မတွေ့ဘူး။ အခု ဒေါက်တာပွန်ထစ်တို့ဆီမှာ ကျနော်တို့ ပို့ပြီးတော့ ပြန်စစ်တဲ့အခါကျတော့ ယော်ကျားလေးနှစ်ယောက်ရဲ့ ဒီအန်အေကို တွေ့တယ် ပေါက်တူးအရိုးမှာ။ အဲဒီမှာ ၂ ယောက်မှာ တယောက်က ကျတော့ ပြည့်ပြည့်စုံစုံပါတယ်။ တယောက်ရဲ့ဒီအန်အေကတော့ ပြည့်ပြည့်စုံစုံမပါဘူး။ ဒါပေမယ့် ယောက်ကျားလေးဖြစ်တယ်ဆိုတာ ပြောနိုင်တယ်ပေါ့နော်။ နောက်ပြီး အဲဒီပေါက်တူးရိုးမှာရှိတဲ့ ဒီအန်အေက ဒီကလေးနှစ်ယောက်ရဲ့ ဒီအန်အေနဲ့ Match (ကိုက်ညီမှု) မရှိဘူး။ လုံးဝကွဲလွဲတယ်။ ဒီပေါက်တူးနဲ့ ဒီကလေးနှစ်ယောက်နဲ့ ပတ်သက်မှုရှိတယ်လို့ ပြလို့မရဘူး” လို့ပြောပါတယ်။

“သူပြောတာက ဒီပေါက်တူးက ရဲတွေပြောတုန်းက ပေါက်တူးအရိုးမှာလေ ဘာဒီအန်အေမှ မတွေ့ဘူးလို့ ထွက်ချက်ပေးထားတယ်။ ဒေါက်တာပွန်ထစ်ကပြောတာက အရာဝတ္ထုတခုက ၁၅ စက္ကန့်ကိုင်ရုံနဲ့ကို ဒီအန်အေက စစ်လို့ရပြီ။ နောက်တခု အထူးသဖြင့် ဒီပေါက်တူးနဲ့ အသုံးပြုပြီး သတ်တယ်ဆိုလို့ရှိရင် သူက အချက်ပေါင်းများစွာ ဆယ်ချက်ကျော်ကျော် အလုပ်ခံရတယ်လေ။ အလောင်းမှာ တွေ့တဲ့ဒဏ်ရာက ဆယ်ချက်ကျော်တယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ်တွေ့မှာပဲ။ နောက်ပြီး တအား အားစိုက်ပြီးတော့ သုံးရတယ်ပေါ့နော်။ အဲဒီတော့ လူရဲ့ဆဲလ်အရေပြား အစတွေ ရှိကိုရှိရမှာပေါ့။”

ဒီကနေ့ တရားခွင်မှာ ဒေါက်တာပွန်ထစ်ရဲ့ ထွက်ဆိုချက်နဲ့ပတ်သက်လို့ ဦးစိန်ဌေးက သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပါ အသေးစိတ်ရေးထားရာမှာ “ဒေါက်တာဖွန်ထစ်က မနက်၉နာရီမှာ စတင်ထွက်ချက်ပေးပါတယ်။ သူ့ရဲ့ ပညာအရည်အချင်းနဲ့ လက်ရှိအစိုးရဌာနရာထူးအကြောင်း၊ တရားမျှတရေး ၀န်ကြီးဌာနရဲ့ လက်အောက်မှုခင်းသိပ္ပံဌာနဟာ ထိုင်းမှုခင်းသိပ္ပံ ကျွမ်းကျင်ပညာရှင်တွေက စတင်တည်ထောင်ထားတာဖြစ်ကြောင်း၊ မူလတုန်းက ရဲမှုခင်းသိပ္ပံဌာန ၁ ခုတည်းရှိတာကြောင့် မှုခင်းသိပ္ပံစစ်ဆေးချက်ဟာ ယုံကြည်မှု၊ ပွင့်လင်းမှု အားနည်းတာကြောင့် ဒီဌာနကို တည်ထောင်ရကြောင်း၊ ထိုင်းရှေ့နေကောင်စီ၊ လူ့အခွင့်အရေးကော်မရှင်နဲ့၊ မှုခင်းတွေမှာ နစ်နာသူ၊ စွပ်စွဲခံရသူ စသည်တို့နဲ့ မိသားစုဝင်တွေက အကူညီတောင်းရင် စစ်ဆေးမှုတွေ ကူညီမှုတွေလုပ်ပေးကြောင်း ဆိုပါတယ်။

အဲ့ဒီနောက် မှုခင်းသိပ္ပံဌာနရဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်ဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ ဆောင်ရွက်ရကြောင်း၊ နိုင်ငံတကာမှုခင်းသိပ္ပံဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အသိအမှတ်ပြု လက်မှတ်၊ FBI အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်မှု ရရှိထားကြောင်း ရှင်းပြပါတယ်။ လူသတ်မှု၊ အဓမ္မပြုကျင့်မှုတွေမှာ သက်သေခံပစ္စည်း၊ မှုခင်းဖြစ်ပွားရာနေရာတွေကို ဘယ်လိုပုံစံနဲ့ စစ်ဆေးရမယ်ဆိုတာ၊ အလောင်းကို ဘယ်လိုပုံစံစစ်ရတယ်ဆိုတာတွေ ရှင်းပြပါတယ်။

အဲ့ဒီနောက် ရှေ့နေအဖွဲ့က ဒေါက်တာဖွန်ထစ်တို့မှုခင်းဌာနကို ပေးပို့ပြီးစစ်ဆေးခဲ့တဲ့ ပေါက်တူးအကြောင်းပြောပါတယ်။ ရဲတွေရဲ့စစ်ချက်မှာ ပေါ်တူးရိုးမှာ ဒီအန်အေ မတွေ့ဘူးလို့ပြောထားတာပါ။ ဒေါက်တာဖွန်ထစ်တို့မှုခင်းသိပ္ပံမှာစစ်တော့ ယောက်ျားနှစ်ဦးရဲ့ ဒီအန်အေတွေကိုတွေ့ပါတယ်။ တဦးကတော့ ဒီအန်အေပြည့်စုံစွာတွေ့ရပြီး နောက် ၁ ဦးကတော့ မပြည့်စုံဘူးလို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီ ဒီအန်အေတွေဟာ ဇော်လင်းနဲ့ဝေဖြိုးတို့ရဲ့ ဒီအန်အေနဲ့ လုံးဝ မတူဘူးလို့ ပြောပါတယ်။

ဒေါက်တာဖွန်ထစ်က ရှင်းပြရာမှာ လူသတ်လက်နက်မှာ သတ်သူရဲ့ဒီအန်အေ ရှိကိုရှိရမှာပါ။ အရာဝတ္ထုတစ်ခုကို ၁၅စက္ကန့်ကြာအောင်ကိုင်ရုံနဲ့ ဒီအန်အေစစ်လို့ရနိုင်ပါတယ်။ ပေါက်တူးကို လူသတ်လက်နက်အဖြစ်သုံးရင် အားအင်နဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရတဲ့အတွက် ဘယ်လိုဖြစ်ဖြစ် တွေ့ကိုတွေ့ရမှာ ဖြစ်ကြောင်း၊ ပေါက်တူးနဲ့တိုက်ခိုက်တာကလည်း အချက်ပေါင်းများစွာဖြစ်လို့ တိုက်ခိုက်သူရဲ့ ဒီအန်အေ ရှိရမှာဖြစ်ကြောင်း၊ ဒါကြောင့်ပေါက်တူးရိုးက ဒီအန်အေဟာ ဘယ်သူ့ဒီအန်အေလဲဆိုတာ ရှာသင့်ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး ရဲမှုခင်းသိပ္ပံက ပို့လာတဲ့ ဇော်လင်း၊ ဝေဖြိုးတို့ရဲ့ ဒီအန်အေစစ်ချက်အဖြေကို သုံးသပ်ပြောပြသွားရာမှာ ရေးသားပုံဟာ စံချိန်စံညွှန်းနဲ့မကိုက်ညီမှုရှိကြောင်း၊ တချို့ကိန်းဂဏန်းတွေမှာ ကွဲလွဲမှုရှိကြောင်း၊ ဒါကြောင့် ရာခိုင်နှုန်းနဲ့ ပြရတာဖြစ်ကြောင်း၊ ယခု ရဲတွေက ရာခိုင်နှုန်းနဲ့ မပြထားကြောင်း၊ အဲ့လိုပြရင် ၉၉.၉၉၉၉ နဲ့ ကိုက်ညီဖို့လိုကြောင်း၊ အကယ်၍ ၉၉.၉၉၉၇ မျှကွဲလွဲချက်ရှိလျှင်ပင် ထပ်တူညီမှုရှိတယ်လို့ မပြောနိုင်ကြောင်းဆိုပါတယ်။” လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013