DVB Logo
Home
Lead Story
ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်း
DVB
·
September 11, 2015
ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်း
Donate to DVB

၁၉၈၈ အရေးအခင်းကို ဖြစ်ပေါ်စေခဲ့တဲ့ အဓိကအချက်တခုက မြန်မာနိုင်ငံဟာ အယ်လ်ဒီစီ ခေါ်တဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ စာရင်းဝင်ခဲ့တာပါ။ သတင်းစာတွေ၊ တီဗွီနဲ့ ရေဒီယိုတွေ၊ မိန့်ခွန်းတွေ၊ အစီရင်ခံစာတွေ အားလုံးထဲမှာ အားလုံးဟာ တိုးတက်အောင်မြင်နေတယ်လို့ပဲ ကြားသိဖတ်ရှုနေခဲ့တဲ့ လူထုကြီးဟာ အယ်လ်ဒီစီသတင်း သိရတာနဲ့ မေးခွန်းတခု မေးပါတော့တယ်။ တို့တိုင်းပြည် သယံဇာတတွေ  ပေါကြွယ်လှတယ်ဆိုပြီး ချမ်းသာလှ ချမ်းသာလှနဲ့ ဘာလို့ လူမွဲဖြစ်ရသလဲ။ စီမံကိန်းတွေလည်း အောင်မြင်နေတယ်ဆို။ ပတ္တမြားတွေ၊ ကျောက်စိမ်းတွေ၊ ရွှေတွေ ဘယ်ရောက်သွားသလဲ။

အဲတော့ ကျနော့်ရဲ့ ၁၉၉ဝ ရွေးကောက်ပွဲ မဲဆွယ်စကားမှာ အဲဒီအဖြေကို ထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဦးနေဝင်းဟာ ရွှေကိုအာမခံထားတဲ့ နယ်ပယ်ကနေထွက်ပြီး အာမခံထားတဲ့ ရွှေတွေကို ပြန်ထုတ်ယူတယ်။ နဝတ အာဏာသိမ်းတော့ အရန်ရွှေရော၊ ငွေရော မရှိသလောက် နည်းနေပြီ။ ဘယ်ရောက်သွားလဲ။ မဆလပါတီကလည်း အာဏာမသိမ်းခင်လေးမှာ ဗဟိုဘဏ်ကနေ ငွေသိန်းပေါင်းများစွာ ထုတ်ယူခဲ့တယ်။ ဗိုလ်ချုပ်နေဝင်း နိုင်ငံခြားကို သွားသွားပြီး မြင်းလောင်းတာ လူတိုင်းသိတယ်။ အဲတော့ တိုင်းပြည်ချမ်းသာသမျှ ဗိုလ်နေဝင်းလက်ချက်နဲ့ မွဲသွားရတာလို့ အချက်အလက်နဲ့ ထောက်ပြခဲ့ပါတယ်။

ရွှေကို တန်နဲ့ ယူနစ်ထားတော့ တန်ဆိုတာ သဘောပေါက်အောင် ကုန် ၃ တန်၊ ယာဉ် ၃ တန်ကား ဆိုရင်သိကြတာများတော့ ကားနဲ့ပြောရတယ်။ အဲဒီခေတ်မှာ ဂျပန်စစ်လျော်ကြေးနဲ့ ဝင်လာတဲ့ ဟီနိုးကားကို လူသိများတယ်။ တီအီး-အလဲဗင်းဆိုရင် စစ်ကားမှန်းသိကြတယ်။ အဲဒါကြောင့် ကုန်ဆုံးသွားတဲ့ရွှေတွေကို တီအီး-အလဲဗင်း စစ်ကားပေါ်တင်ပြီး ပြောခဲ့ပါတယ်။ တကယ်လို့သာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ကျနော်သာ ကိုယ်စားလှယ်လောင်းဖြစ်ခဲ့ရင် ဒီအချက်အလက်တွေကို မဲဆန္ဒရှင်တွေကို တင်ပြစည်းရုံးပါမယ်။

လွန်ခဲ့တဲ့ နှစ် ၅ဝ အတွင်း မြန်မာနိုင်ငံမှာ ညစ်ညမ်းပိုက်ဆံ ဒေါ်လာ ၂ဝ ဘီလီယံအထိ ရှိခဲ့တယ်လို့ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ထွက်တဲ့ Thomson Reuters Foundation ကရတဲ့ သတင်းဖြစ်ပါတယ်။ ညစ်ညမ်းငွေဆိုတာ လာဘ်စားထားငွေ၊ ရာဇဝတ်မှုကရတဲ့ငွေ၊ အခွန်မပေးဘဲထားတဲ့ ငွေတွေကို သတ်မှတ်ပါတယ်။ မြေအောက်စီးပွားရေးနဲ့ ငွေမည်းကို အစိုးရကနေ ငွေဖြူလုပ်ပေးတဲ့ ငွေကြေးခဝါချတာတွေလည်း ပါတယ်။

စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီးနောက် မကြာခင်မှာ ရွေးကောက်ပွဲသစ်လုပ်တော့မယ့် မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးမှာ မလျော်နည်းနဲ့လုပ်တာ၊ မူးယစ်ဆေး၊ သစ်၊ ကျောက်မျက်ရတနာ၊ ရောင်းစရာတွေကို မှောင်ခိုတာတွေကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ အမေရိကန် အခြေစိုက် Global Financial Integrity မှာ ဖော်ပြထားပါတယ်။

စီးပွားရေးတံခါး ဖွင့်ပေးပြီးနောက် လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ တရားမဝင် ငွေကြေးစီးဆင်းမှု နှစ် ၅ဝ အတွင်းမှာ ၄ ဆ တိုးလာခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံမှာ အခွန်ငွေဆုံးရှုံးမှုဟာ အသုံးကျတဲ့ အများပြည်သူပိုင်ဆိုင်ငွေကို ဓားပြတိုက်နေတာနဲ့ တူတယ်။ ၂ဝ၁၁ အထိ နှစ်ပေါင်း ၅ဝ ကြာရှည်အောင် အထီးကျန်နေခဲ့ပြီး ကုန်သွယ်ရေးကို ထိန်းချုပ်ထားခဲ့လို့ မြန်မာ့စီးပွားရေးဟာ မြေအောက်ပုံစံကို တွန်းပို့ခံခဲ့ရတယ်။ အဲလို တရားမဝင်ငွေ စီးဆင်းမှုကြောင့် အရှေ့တောင်အာရှမှာ မြန်မာပြည်ဟာ အဆင်းရဲဆုံးနိုင်ငံတခု ဖြစ်သွားတော့တယ်။

GFI ကနေ အဲလို ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ နှစ်စဉ် ညစ်ညမ်းတဲ့ငွေ ၁ ထရီလီယံ ဒေါ်လာ ရှိမယ်လို့ ခန့်မှန်းပါတယ်။ အဲဒါကြောင့် ဆင်းရဲမွဲတေမှု ပပျောက်ရေး အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက သတိမူလာကြတယ်။ ပညာရေးနဲ့ ကျန်းမာရေးမှာ သုံးရမယ့် အခွန်လျော့နည်းတာဟာ ဖွံ့ဖြိုးဖို့ရာကို ငရဲမီးလောင်သလို အကျိုးသက်ရောက်မှု ဖြစ်စေတယ်။ မြန်မာနိုင်ငံမှာ ၁၉၆ဝ ကနေ ၂ဝ၁၃ ခုနှစ်အထိ ညစ်ညမ်းငွေစုစုပေါင်း ၁၈ ဒသမ ၇ ဘီလီယံ ရှိတယ်။ တိုင်းပြည်စီးပွားရေး ထုတ်လုပ်မှုရဲ့ ပျမ်းမျှ ၆ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ညီမျှတယ်။ အစီရင်ခံစာကာလအတွင်း ညစ်ညမ်းငွေ ၇၇ ဒသမ ၇ ဘီလီယံ ရှိခဲ့တယ်။ အဲဒါဟာ မှောင်ခိုစီးပွားရေးက အဓိကကျတဲ့ တိုင်းပြည်မျိုးမှာသာ ရှိတာမျိုးဖြစ်တယ်။

စုစုပေါင်း တရားမဝင်ငွေ စီးဆင်းမှုဟာ ကျန်းမာရေး အသုံးစရိတ်ရဲ့ ၁၇၂ ရာခိုင်နှုန်း ရှိတယ်။ ပညာရေး အသုံးစရိတ်ရဲ့ ၇၃ ရာခိုင်နှုန်း ရှိတယ်။ အဲဒီ ငွေစီးဆင်းမှုနှစ်ခုကနေ အစိုးရမှာ အရေးပါတဲ့ အခွန်က ရငွေ ချွတ်ခြုံကျနေတာကို ပြနေတယ်။ မြန်မာနိုင်ငံရဲ့ အခွန်ကောက်ခံရရှိမှုဟာ စီးပွားရေးထုတ်လုပ်မှုရဲ့ ၇ ရာခိုင်နှုန်းနဲ့ ကမ္ဘာမှာ အနိမ့်ဆုံးဖြစ်တယ်။

နိုင်ငံတကာစီးပွားရေး ဒဏ်ခတ်မှု ခံနေခဲ့ရတဲ့ ကုန်ပစ္စည်း ရောင်းဝယ်ရေးလည်း ရှိနေလို့ တရားမဝင် ငွေစီးဆင်းမှု ကိန်းဂဏန်းတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို လျှော့တွက်ရာ ကျပါသေးတယ်။ မြေအောက်စီးပွားရေးဟာ စစ်အစိုးရခေတ်မှာ တိုင်းပြည်စီးပွားရေး ထုတ်လုပ်မှုရဲ့ ပျမ်းမျှ ၅၅ ရာခိုင်နှုန်းရှိတာမို့ အဲဒါလည်း ကမ္ဘာမှာ အနိမ့်ဆုံးဖြစ်တယ်။ လွန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ အခွန်ငွေဆုံးရှုံးမှု ၃ဝ ရာခိုင်နှုန်း ရှိခဲ့တယ်။ အဲဒါ စိုးရိမ်စရာကောင်းတယ်။ ၂ဝ၁၃ ခုနှစ် တနှစ်တည်းမှာ စီမံခန့်ခွဲမှု အပြင်ပက ငွေကြေးစီးဆင်းမှုဟာ ၁ဝ ဘီလီယံရှိတယ်။ အဲဒါဟာ ဂျီဒီပီရဲ့ ၂ဝ ရာခိုင်နှုန်း ဖြစ်တယ်။ အဲဒါကနေ လူတဦးချင်းကနေ တိုင်းပြည်အကျိုးကို ဘေးချိတ်ပြီး၊ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အခွင့်ကောင်းယူ အသုံးချနေခဲ့တာ ဖြစ်တယ်။

GFI အကြံပြုချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ ငွေကြေးစီးဆင်းမှုကို မြင်သာထင်သာရှိစေဖို့ ကိန်းဂဏန်းကောက်ယူမှုမှာ ညီတူညီမျှမှုရှိစေဖို့ လုပ်ရမယ်။ အချိန်တူ ကမ္ဘာ့ဈေးကွက်ဈေးနှုန်းနဲ့ အညီ ဖြစ်စေအောင် ဦးတည်ရမယ်။ ကုန်သွယ်မှု စာရင်းသွင်းတာကိုလည်း အမှားယွင်း မလုပ်ဖို့လည်း ပါတယ်။

အစီရင်ခံစာကို Astrid Zweynert (အက်စ်ထရစ် ဇွေးနတ်) က ပြုစုပြီး Tim Pearce (တင်မ် ပီးယားစ်) က တည်းဖြတ်ပါတယ်။ လက်ရှိ မြန်မာအစိုးရက ဒီအစီရင်ခံစာအပေါ် တစုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

ညစ်ညမ်းငွေ နည်းလာစေဖို့ရာ ညစ်ညမ်းအစိုးရ မရှိမှသာ ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013