DVB Logo
Home
ရွေးကောက်ပွဲ
လူငယ်တွေရဲ့ အနာဂတ် မြှင့်တင်ရေးနဲ့ ပညာရေးအတွက် လုပ်ဆောင်မယ် - ဒေါ်ထုမေ
DVB
·
September 11, 2015
လူငယ်တွေရဲ့ အနာဂတ် မြှင့်တင်ရေးနဲ့ ပညာရေးအတွက် လုပ်ဆောင်မယ် - ဒေါ်ထုမေ
Donate to DVB

လူငယ်တွေရဲ့ဘ၀ဟာ တိုင်းပြည်အနာဂတ်ဖြစ်ပြီး ပညာရေးဟာ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ် ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ အနိုင်ရရင် လူငယ်တွေရဲ့ အနာဂတ်နဲ့ ပညာရေးမြင့်တင်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် အမ်းနဲ့ ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှာ အမျိုးသားလွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ထုမေကို ဒီဗွီဘီကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အဓိကပြိုင်ဘက်က ဘယ်သူတွေဖြစ်မလဲ။ အနိုင်ရဖို့ ဘာတွေ ပြင်ဆင်ထားလဲ။

“အဓိက ပြိုင်ဘက်ကတော့ ယူအက်စ်ဒီပီ ကြံ့ခိုင်ရေးပါတီလို့ပဲ ပြောလို့ရမှာပေါ့နော်။ ဒေါက်တာဘရွှေဆိုတော့ သိပ္ပံနဲ့ နည်းပညာ ဒု-၀န်ကြီး၊ သူက အဓိက ပြိုင်ဘက်ဖြစ်ဖို့များတယ်ရှင်။ ယူအက်စ်ဒီပီအနေနဲ့ ငွေရေးကြေးရေးရော အားကောင်းတယ်ဆိုတော့လေ။ ပြင်ဆင်မှုအနေနဲ့ကျတော့ ကိုယ့်ပါတီရဲ့ ပေါ်လစီ ပြည်သူလုထုအတွက် ဘယ်လောက်အကျိုးပြုမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဟောပြောပွဲတွေ လုပ်ဖို့ရှိတယ်။ နောက်တခုက မိတ်ဆွေဆွေးနွေးရေးတွေ လုပ်ဖို့ရှိတယ်။”

အခုလောလောဆယ် မဲဆွယ်စည်းရုံးမှုတွေ စလုပ်နေပြီလား။

“ရန်ကုန်ရောက်တော့ ဗီနိုင်းကိစ္စတွေ လာယူတာနဲ့ နယ်မြေဆင်းတော့မယ်ပေါ့။ ဒါပေမယ့် ကျမပါတီကတော့ ကျမမြို့နယ်မှာ စနေပါပြီ။”

အမ်းနဲ့ ရမ်းဗြဲက အမျိုးသားလွှတ်တော်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာဆိုတော့ ဒေသခံတွေအတွက် ဘာတွေ လုပ်ဆောင်ပေးဖို့ ရည်ရွယ်ချက်ရှိလဲ။

“ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းအရင်းကတော့ အစ်မတို့ အထူးသဖြင့် တိုင်းရင်းသားများရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ပေါ့နော်။ ဒီဖယ်ဒရယ်ကို ကျမတို့ ဦးတည်တယ်။ ဖယ်ဒရယ်စနစ်နဲ့ ဒီမိုကရေစီထွန်းကားအောင် တန်းတူညီမျှမှုတွေ ရရှိအောင် ကျမတို့ မူ ၃ ရပ်နဲ့ သွားဖို့ရှိတယ်။ ကျမရဲ့ နောက်ခံက ပညာရေးဖြစ်တော့ ဒီလူငယ်တွေ ပညာရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ဖို့ရှိတယ်။ နောက်တခုက လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါ့နော်။ ကိုယ်သာအနိုင်ရလာလို့ရှိရင် လူငယ်တွေကြားထဲမှာ ကျမတို့ အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပေါ်လစီတွေ ချမှတ်နိုင်မလဲ။ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့အတူ ပြည်နယ်၊ ပြည်မ နေရာဒေသတွေကနေပြီးတော့ ပညာရေးရော၊ အလုပ်အကိုင်အခွင့်အလမ်းရော အခုလိုမျိုး အရမ်းကြီး မကွာဟရလေအောင် ကြိုးစားသွားဖို့ရှိပါတယ်။”

ပညာရေးနဲ့ မိသားစု နောက်ခံ အကျဉ်းနည်းနည်းလောက် ပြောပြပေးပါလား။

“၉ တန်းအထိတော့ အ.ထ.က ဇရပ်ပြင်၊ လေးတောင်၊ ရမ်းဗြဲ၊ ၁၀ တန်းကိုတော့ ရန်ကုန်မှာအောင်တယ်။ ဘွဲ့ရတာကတော့ ၂၀၀၂ BA-Philosophy။ ပြီးလို့ရှိရင်တော့ Scholar Institute ရန်ကုန် ဒါပေမယ့် ကျေးလက်ဒေသ စွမ်းအင်ဖွံ့ဖြိုးရေး (REDP) အစီအစဉ် တချို့ကိုတော့ ရခိုင်မှာ သွားလုပ်တယ်ပေါ့နော်။ Scholar Institute မှာ ၂၀၀၈ ကစပြီးတော့ ၂၀၁၄ အထိ အင်္ဂလိပ်ဆရာမပေါ့နော်။ အပတ်တိုင်းကျလို့ရှိရင်တော့ Volunteer teacher အနေနဲ့ လုပ်ခဲ့တယ်။ ၂၀၁၄ နိုဝင်ဘာကနေပြီးတော့ ၂၀၁၅ ဇွန် မတိုင်ခင်အထိတော့ Shwe Gas movement ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း လှုပ်ရှားမှုမှာ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သူ coordinator လုပ်ခဲ့ပါတယ်။ မွေးသက္ကရာဇ်က ၂၆ ဇွန်လ ၁၉၇၉ ပါ။ နောက် RSF ဖောင်ဒေးရှင်းနဲ့ ရခိုင်ပြည်နယ် အပါအ၀င် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းက အမျိုးသမီးခေါင်းဆောင်တွေရော ရန်ကုန်မှာခေါ်ပြီးတော့ အမျိုးသမီးခေါင်းဆောင်မှု သင်တန်းတွေ ပေးပါတယ်။”

ဆိုတော့ အစ်မတို့ အမ်းနဲ့ ရမ်းဗြဲဒေသမှာ လေ့လာမိသလောက် လက်ရှိ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ဘယ်လို အရေးကိစ္စတွေ အဓိကလုပ်ဖို့ လိုအပ်နေတယ် ထင်ပါသလဲ။

“အဓိက နိုင်ငံရဲ့ အရေးကြီးတာက လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးက လိုအပ်တယ်။ လမ်းလုံးဝမကောင်းဘူး။ အဲဒါကလေ ဘယ်လိုမှ အဆင်ပြေတဲ့လမ်း မဟုတ်ဘူး။ ရှိတဲ့လမ်းတောင်မှ အန္တရာယ်ဖြစ်နိုင်တဲ့လမ်းပေါ့။ နောက်တခုက နယ်မှာနေရတဲ့လူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းဖြစ်ဖြစ်၊ ပညာရေးဖြစ်ဖြစ် လျှပ်စစ်မီးမရရှိခြင်းကလည်း တကယ့်ကို အခြေခံကျတဲ့ ဆင်းရဲနွမ်းပါးမှုပေါ့နော်။ ဆိုတော့ လုံးဝအခြေခံကျတဲ့ အခြေခံအဆောက်အဦ infrastructure တခုကို အစိုးရအနေနဲ့ တည်ဆောက်မယ်ဆိုလို့ရှိရင် အခက်ခဲဆုံးက လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးပေါ့နော်။ ဒီလမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတို့ ရရှိရင်တော့ အခုနက ပညာရေးတို့ ကျန်းမာရေးတို့က တိုးတက်နိုင်တယ်ပေါ့နော်။”

ဒီလိုအပ်ချက်တွေရှိနေတဲ့ အခါကျတော့ တကယ်လို့ အစ်မအနေနဲ့ အနိုင်ရမယ်ဆိုရင် ဘာတွေလုပ်ဆောင်ပေးမှာလဲ။ ဒီဒေသအတွက်ကို။

“အဓိက လိုအပ်ချက်တွေကိုတော့ ဖြည့်ဆည်းဖို့ စဉ်းစားထားတယ်။ ဒါပေမယ့် ကျမတို့ ပါတီ အနေနဲ့ကျတော့ ကတိပေးရတာကတော့ လွယ်တယ်။ ဒါပေမယ့် ဒီကတိကိုဖော်ဆောင်ဖို့က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို ကြည့်လိုက်လို့ရှိရင် တော်တော်ကို အခက်အခဲ တွေ့နိုင်တယ်ပေါ့နော်။ ပြည်နယ်၊ ပြည်ထောင်စု၊ အမျိုးသားအဆင့်ဖြစ်စေ ဒီအဆိုကိုတင်သည့်တိုင် ၂၅ ရာခိုင်နှုန်းသည် အလိုအလျောက် ယှဉ်ပြိုင်မှုမရှိဘဲနဲ့ ၂၅ ရာခိုင်နှုန်း အထိတောင် ပါဝင်နေတယ်ဆိုတာက ကျမတို့ ပြည်သူတွေကို ကတိပေးဖို့အတွက် အခက်အခဲတခုထဲမှာ ပါတာပေါ့နော်။

"တကယ်တန်း လုပ်ပေးချင်တာက အခုလို ပြည်သူတွေအတွက် လမ်းပန်းဆက်သွယ်မှု မကောင်းတာကို ရခိုင်ပြည်နယ်အတွက် ဘတ်ဂျက်ရအောင် တည်ဆောက်ရေးအတွက် ပိုပြီးတော့ လိုအပ်ချက်ရှိတယ် ဆိုတာကို ဒီပြင်တိုင်းရင်းသားတွေနဲ့အတူ တိုက်ပွဲဝင်ရမှာပေါ့။ ပြောရမယ်ဆိုလို့ရှိရင် ဒီနိုင်ငံတခု ပြောင်းလဲဖို့အတွက် တကယ့်လူ့အရင်းအမြစ်က လူငယ်တွေ၊ အဲဒီလူငယ်တွေရဲ့ ပညာရေးကို လုပ်ဆောင်သွားဖို့ရှိတယ်။ တဆက်တည်းမှာပဲ လျှပ်စစ်မီးရရှိခြင်းက နေပြီးတော့ ဒီဒေသမှာ နေထိုင်ကြတဲ့ အမျိုးသား၊ အမျိုးသမီး တနိုင်တပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်နိုင်ဖို့လည်း ကြိုးစားသွားဖို့ရှိတယ်။ ပြည်ထောင်စုက ထုတ်ဝေလိုက်တဲ့ ဘတ်ဂျက်သည် ကိုယ့်ပြည်နယ်ကို ရောက်တဲ့အခါမှာ တကယ့်အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လွှတ်တော်ထဲမှာ ကိုယ်နဲ့ဘ၀တူ တိုင်းရင်းသားများနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်ဖို့ ရည်မှန်းထားပါတယ်။"

ရှေ့ဆက်ပြီးတော့ နိုင်ငံရေးသမားတဦးအနေနဲ့ အနာဂတ်ရည်မှန်းချက် ဘယ်လိုတွေရှိလဲ။

“တိုင်းပြည်အတွက် ပြောင်းလဲချင်တာကတော့ လူငယ်တွေရဲ့ ဘ၀ပေါ့နော်။ လူငယ်တွေရဲ့ဘ၀သည် တိုင်းပြည်ရဲ့ အနာဂတ်လို့ ယုံကြည်တယ်။ ပညာရေးသည် တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်လို့ ယုံကြည်တယ်။ ဆိုတော့ ကျမတို့ တလျှောက်လုံး လူငယ်တွေရဲ့ ဘ၀တွေက အဆင်မပြေခဲ့ကြဘူး။ ဆင်းရဲကြတယ်။ အဆောက်အဦတခုကို ဖြိုချလိုက်တဲ့ အခါမှာတော့ နိုင်ငံအနာဂတ် ပျက်စီးသွားတယ်။ နိုင်ငံ ဆင်းရဲမွဲတေသွားတယ်ပေါ့နော်။ ဆိုတော့ နိုင်ငံရေး ရည်မှန်းချက်ကတော့ လူငယ်တွေရဲ့ အနာဂတ် လွတ်လပ်စွာ တွေးခေါ်မှု Freedom Education ကို ရစေချင်တယ်။ နောက်တခုက တိုင်းရင်းသားများရဲ့ လိုလားချက်ဖြစ်တဲ့ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီရေးနဲ့ မတူညီတဲ့ တိုင်းရင်းသားများနဲ့အတူတူ ကျမတို့ တန်းတူညီမျှမှု အခွင့်အရေးတွေကို ကြိုးစားသွားဖို့ရှိတယ်။

"နောက်တခုက လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာခဲ့တဲ့ ကျမတို့ ပြည်တွင်းစစ်ကြီးကို ကျမတို့က လွှတ်တော်ထဲကနေပြီး တိုင်းရင်းသားများနဲ့ မဟာမိတ်လုပ်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အတူ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံဆီသို့ ဦးတည်တာပေါ့နော်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013