DVB Logo
Home
Lead Story
“ပြည်သူတွေအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမယ်” - ဒေါ်ဇင်နီနီဝင်း
DVB
·
September 10, 2015
“ပြည်သူတွေအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမယ်” - ဒေါ်ဇင်နီနီဝင်း
1 / 4
Donate to DVB

လာမယ့် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ မကွေးတိုင်း ဒေသကြီးလွှတ်တော်အတွက် ပခုက္ကူမဲဆန္ဒနယ် အမှတ် ၂ မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ် အသက် ၂၆ နှစ်အရွယ် ဒေါ်ဇင်နီနီဝင်း ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်အရွေးခံမယ့် ဒေါ်ဇင်နီနီဝင်းကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်ဇင်နီနီဝင်းအနေနဲ့ ပခုက္ကူမှာ  ဘာကြောင့်  ၀င်ပြိုင်တာပါလဲ။  ကိုယ်တိုင်ရွေးချယ် တာလား။ ဒါမှမဟုတ် ပါတီဝင်ရွေးခံဖို့ တာဝန်ပေးခံရတာလား။

“ငယ်လည်းငယ်သေးတယ်။ ဥပဒေ အကြောင်းအရာ လေ့လာဖို့ ရှိတယ်ဆိုတဲ့ အခါကျတော့ ဒီတိုင်းမှာ အတွေ့အကြုံလည်း လိုချင်လို့ပါ။ အဓိက ဖွံ့ဖြိုးရေး လုပ်ငန်းမှာလည်း ရွာတွေဘက်ကို ပိုပြီးသဘောကျတယ်ပေါ့နော်။ ဆိုတော့ ဒီတိုင်းမှာ အရွေးခံဖြစ်ပါတယ်။” “ဟိုပါတီရဲ့ မူဝါဒအတိုင်းပေါ့။ မြို့နယ်ကနေတိုင်း၊ တိုင်းကနေပြီးတော့ ဗဟို အဲလို အဆင့်အဆင့်အရွေးချယ်ခံတာပါ။ ”

ပါတီက ဘာကြောင့် ရွေးတယ်လို့ ထင်ပါသလဲ။

“ပါတီ ခေါင်းဆောင်ရဲ့မူထဲမှာလည်း ပါတယ်လေ။ အမျိုးသမီးဖြစ်ရမယ်။ လူငယ်ဖြစ်ရမယ်။ တိုင်းရင်းသူဦးစားပေးမယ်။ အဲဒီအချက်နဲ့လည်း ကိုက်ညီမယ်လို့ထင်ပါတယ်။”

အခုက မဲဆွယ်စည်းရုံးမှုတွေစပြီးဆိုတော့ မဲဆန္ဒရှင်တွေကို ဘယ်လို ပုံစံနဲ့ စည်းရုံး မဲဆွယ်နေပါသလဲ။

“လူကိုမကြည့်ဘဲ ပါတီကိုပဲ မဲပေးတဲ့ကိစ္စပေါ့နော်။ ပါတီရဲ့ ခေါင်းဆောင်ကလည်း ပြောခဲ့တဲ့အတွက် ဒီအချက်ပေါ်မှာပဲ မူတည်ပြီးတော့ပြောတယ်။ နောက် ဘာကြောင့် အန်အယ်လ်ဒီကို မဲပေးသင့်လဲဆိုတာတွေကို ပြောပြီး မဲဆွယ်စည်းရုံးတာပါ။ ”

ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေထဲမှာ အထူးသဖြင့် အာဏာရကြံ့ခိုင်ရေးပါတီ အမတ်လောင်းကို အနိုင်ယူဖို့ ဘယ်လို ပြင်ဆင်ထားပါသလဲ။

“သူ့ကိုအနိုင်ရဖို့ကတော့ အန်အယ်လ်ဒီ အောင်နိုင်ရေးက ပြည်သူတွေရဲ့ အောင်နိုင်ရေးလို့ ခံယူထားတဲ့အတွက် ဟောပြောစည်းရုံးရေးတွေလုပ်တယ်။ တောကြိုတောင်ကြားသွားပြီး စတစ်ကာကမ်ပိန်းတွေလုပ်တယ်ပေါ့။ အဲဒီလို ပြင်ဆင်ထားပါတယ်။ လူပုဂ္ဂိုလ်ဆိုတာထက် ပါတီကို ပိုပြီးကြည့်မယ်ထင်တယ်။ ပြည်သူကလည်း သူတို့ရဲ့ လူအပ်ချက်က ဘယ်ပါတီက ဦးဆောင်ပြီးတော့ သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မလဲဆိုတာ သိတဲ့အတွက် အရမ်းကြီး အထွေထွေထူးထူးစည်းရုံးစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော ပြည်သူက ပိုပြီး သိတယ်။ သူတို့ရဲ့ လိုအပ်ချက်ကို ဘယ်သူက ပိုပြီးအကောင်းဆုံးဖြစ်တယ်ဆိုတော့ သူတို့ပိုသိတယ်။ ”

တကယ်လို့ အရွေးချယ်ခံရရင်  ပခုက္ကူဒေသ မဲဆန္ဒရှင်တွေအတွက် ဘယ်လို ကဏ္ဍတွေမှာ အဓိက ဦးစားပေး လုပ်ဆောင်ပေးမှာလဲ။  ပခုက္ကူက ပြည်သူတွေအတွက် ဘာတွေ လုပ်ဆောင်ပေးနိုင်မယ်လို့ ထင်ပါသလဲ။

“အဲဒါကတော့ အခု ရွာတွေသွားတယ်။ ရွာတရွာချင်းရဲ့ လိုအပ်ချက်တွေပေါ့ အဲဒါတွေ အကုန်လုံးကို ပြန်ပြီးမှတ်တယ်။ မှတ်ပြီးတဲ့အခါကျတော့ ဒီရွာတွေမှာ ဘယ်သူတွေကို ဆက်သွယ်ရမယ်ဆိုတာကိုလဲ မှတ်ထားတယ်။ အရွေးချယ်ခံခဲ့ရလို့ရှိရင် ရွာရဲ့ လိုအပ်ချက်တွေကို ပြောပြပေးဖို့ပါ။ အဓိက ဒေသချင်း တခုနဲ့တခုက လိုအပ်ချက်တွေ မတူဘူး။ သူတို့ရဲ့ လိုအပ်ချက်တွေအပေါ်မှာ မူတည်ပြီးတော့ တတ်နိုင်တဲ့ဘက်က အကောင်းဆုံး လုပ်ဆောင်သွားမယ်။ ”

ပခုက္ကူဒေသမှာ လေ့လာမိသလောက် လက်ရှိ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ဘယ်လို အရေးကိစ္စတွေက  အဓိက လိုအပ်နေတယ်ထင်ပါသလဲ။

“အခုကတော့ လမ်းပန်းဆက်သွယ်ရေးပေါ့။ တိုင်းဒေသကြီး ၂ က အရမ်းခေါင်တဲ့ ရွာတွေလည်း ပါတယ်ပေါ့နော်။ အဲတော့ သူတို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ နောက်တခု ကတော့ ပညာရေး အဲဒါပဲ တကယ်ပိုပြီးတော့ လိုအပ်ပါတယ်။ ”

အမျိုးသမီးတယောက်ဖြစ်တယ်၊ လူငယ်လည်းဖြစ်တယ်ဆိုတော့ အမျိုးသမီးတွေနဲ့ လူငယ်တွေ အတွက်ကော ဘာတွေ လုပ်ဆောင်ပေးဖို့ရှိလဲ။

“အဓိကကတော့ အမျိုးသမီးတွေ  အခုလက်ရှိဖြစ်နေတာက အိမ်တွင်းအကြမ်းဖက်မှု ပေါ့နော်။ ပြီးတော့ ကလေးသူငယ်တွေအတွက်ကို ပိုပြီးအထူးလုပ်ဆောင်ပေးမယ်လို့ စိတ်ကူးထားတယ်။”

ပညာရေးနဲ့ မိသားစု နောက်ခံ အကျဉ်းနည်းနည်းလောက် ပြောပြပေးပါလား။

“မိသားစုကတော့ အဖေကတော့ ဦးဇော်ဝင်းပေါ့။ အမေကတော့ ဒေါ်မူဆင့်ပေါ့။ ၁၁ ဖေဖော်ဝါရီ ၁၉၈၉ မှာ မွေးခဲ့ပါတယ်။ ကျောင်းကတော့ BA –Chinese နဲ့ ပြီးခဲ့ပါတယ်။ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှ တရုတ်ဘာသာနဲ့ ပြီးခဲ့တာ။  ပြီးတော့ LCCI - London Chamber of Commerce & Industry - lever 3 တက်ခဲ့တယ်ပေါ့။ ”

အဖွဲ့ချုပ် ဗဟိုလူငယ်မှာ ပါဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အရင်က နိုင်ငံရေးမှာ ပါဝင် ပတ်သတ်ခဲ့တဲ့ အတွေ့အကြုံ တွေ ပြောပြပါလား။

“ဟုတ်ကဲ့။ ၂၀၁၁ ဒီဇင်ဘာမှာ ဒီပါတီဝင်ခဲ့တယ်ပေါ့နော်။ ပါတီဝင်ပြီးမကြာဘူး။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ပခုက္ကူမြို့နယ်မှာ ပါခဲ့တဲ့အတွက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ စည်းရုံးရေးလုပ်ငန်းတွေကို တကယ်ကို အားသွန်ခွန်စိုက်လုပ်ခဲ့တယ်။ အဲဒီမှာလည်း စတစ်ကာ ကမ်ပိန်းတွေနဲ့ ဦးဆောင်ခဲ့တယ်ပေါ့။ ကြားဖြတ်က အတွေ့အကြုံယူခဲ့ပါတယ်။ အဲဒါ ပြီးတော့လည်း ဒီပါတီမှာ အလုပ်အမှုဆောင် ရွေးချယ်ပွဲတွေ၊ လူငယ်ရွေးချယ်ပွဲတွေပေါ။ ပါတီတွင်းလုပ်ရှားမှုတွေက ကြားဖြတ်ပြီးတဲ့နောက်ပိုင်းမှာ ဆက်တိုက်ရှိပါတယ်။ ”

နိုင်ငံရေးသမားတဦး အနေနဲ့ အနာဂတ် ရည်မှန်းချက် ဘယ်လိုရှိပါသလဲ။

“အနာဂတ်ရည်မှန်းချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒီ ၂၀၁၅ မှာ အကုန်လုံး အပြတ်အသက်နိုင်စေချင်ပြီးတော့ ပါတီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည် သွားချင်တဲ့လမ်းကိုလည်း ထောင့်တိုင်တခုအနေနဲ့ အုပ်တချပ်သဲတပွင့်ပဲဖြစ်ဖြစ် ဒီနိုင်ငံရဲ ဒီမိုကရေစီအပြောင်းအလဲမှာ ပါနိုင်တဲ့သူတယောက်ဖြစ်ချင်ပါတယ်။ အဲဒါကြောင့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီဝင်ပြီးတော့ အခုထိ ၀န်းရံပြီး တတ်နိုင်တာ လုပ်ပေးခဲ့တာပါ။”

အဲတော့ တိုင်းပြည်နဲ့ လူထုအတွက်  ဘာတွေလုပ်ပေးဖို့ ယုံကြည် မျှော်မှန်းထားပါသလဲ။

“တိုင်းပြည်နဲ့ လူထုအတွက်ကတော့ အစွမ်းကို လုပ်ပေးသွားမှာပါ။ ၀င်ခဲ့တဲ့နေ့က စပြီးတော့ အခုထိလည်း မရပ်မနား လုပ်နေတယ်။ ကိုယ်တတ်နိုင်တဲ့အပိုင်းထဲကလည်း လုပ်ခဲ့တယ်။ ပါတီဝင်တုန်းကတော့ ၂၂ နှစ်ပေါ့။ ကျောင်းပြီးခါစအရွယ်ပေါ့ သင်တန်းတွေပြီးတဲ့ အချိန်မှာ လူတွေက အဖေ့ကိုပြောကြတယ်။ ကိုယ့်သမီးကို ဘာဖြစ်လို့ ဒီပါတီထဲကို ထည့်တာလဲပေါ့နော်။ အဲဒီတုန်းက ၂၀၁၂ ရဲ့ အခြေအနေက အရမ်းကြပ်တယ်။ အဲဒီ အချိန်တုန်းက ကိုယ်က ငယ်လည်းငယ်သေးတော့ ငြိမ်နေတယ်ပေါ့။ ဘာဖြစ်လို့ ဒီလုပ်ငန်းတွေ လုပ်နေရလဲဆိုတဲ့အတွက် ခဏခဏ၀င်မိတယ်ပေါ့။ နောက်ဆုံးမှာ ကျတော့ ဒါက ကိုယ့်ရဲ့ ယုံကြည်ချက်ပေါ့။ ဒီယုံကြည်ချက် ဒီ ဒီမိုကရေစီ အပြောင်းအလဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က လုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်လည်း အဲဒီတုန်းက လုပ်ခဲ့တယ်။ အခုလည်း လုပ်နေတယ်။ နောက်လည်း ပြည်သူတွေအတွက်ဆိုရင် ဒီပါတီထဲက နေပြီးတော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန် လုပ်နိုင်သမျှ ကြိုးစားပြီး လုပ်သွားမှာပါ။”

တခြား ဘာများ ပြောချင်တာရှိဦးမလဲ။

“ဒီ ၂၀၁၅ မှာ ပါတီရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ အမှန်ကယ်ပြောင်းလဲဖို့ အန်အယ်လ်ဒီကို မဲပေးစို့ဆိုတဲ့အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တခဲနက်ထောက်ခံပြီး အားပေးကြပါလို့ပဲ ပြောချင်ပါတယ်။”

ဓာတ်ပုံ - ဒေါ်ဇင်နီနီဝင်း

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013