DVB Logo
Home
Lead Story
ခြင်္သေ့ကျွန်းရဲ့ ဒီမိုကရေစီ ပဲ့တင်သံ
DVB
·
September 10, 2015
ခြင်္သေ့ကျွန်းရဲ့ ဒီမိုကရေစီ ပဲ့တင်သံ
Donate to DVB

အခုတခေါက် စင်ကာပူရွေးကောက်ပွဲက ထူးခြားပါတယ်။ အာဏာရပါတီဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မဲဆန္ဒနယ်အားလုံးမှာ အတိုက်အခံတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။ အနောက်ရဲ့ လစ်ဘရယ် ဒီမိုကရေစီနဲ့ မတူတဲ့ အာရှတန်ဖိုး အယူအဆကို တွင်တွင်ပြောခဲ့တဲ့ လီကွမ်ယုအလွန် စင်ကာပူဟာ မူမှန် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လမ်းလျှောက်သင့်တော့မယ့် သဘော ဖြစ်ပါတယ်။

စင်ကာပူရဲ့ ပထမဆုံး အထွေထွေရွေးကောက်ပွဲကို ၁၉၅၉ ဇွန် ၁ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ လီကွမ်ယု ခေါင်းဆောင်တဲ့ ပြည်သူ့လှုပ်ရှားမှုပါတီ - People's Action Party (PAP)  က လွှတ်တော်နေရာ ၅၁ နေရာထဲက ၄၃ နေရာမှာ အနိုင်ရခဲ့ပါတယ်။

အဲဒီအချိန်က စင်ကာပူဟာ အင်္ဂလိပ်တွေ လက်အောက်ကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားခဲ့ပါတယ်။ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးကိစ္စကလွဲလို့ တခြား နိုင်ငံရေးရာ ကိစ္စတွေမှာ အပြည့်အ၀ စီမံခန့်ခွဲခွင့် ရရှိထားခဲ့ပါတယ်။ ဒါကြောင့် ၁၉၅၉ ဇွန် ၅ ရက်နေ့မှာ လီကွမ်ယုဟာ စင်ကာပူနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်လာပါတယ်။

၁၉၆၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှာ ကျင်းပတဲ့ လူထုဆန္ဒခံယူပွဲမှာ စင်ကာပူပြည်သူ ၇၀ ရာခိုင်နှုန်းက ၀န်ကြီးချုပ်လီရဲ့ အဆိုပြုချက်အတိုင်း မလေးရှားနဲ့ တွဲရေးဘက်က ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၉၆၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ စင်ကာပူဟာလည်း မလေးရှားနိုင်ငံရဲ့  အစိတ်အပိုင်း ဖြစ်လာပါတယ်။

ဒါပေမယ့် ပြည်ထောင်စုရဲ့ သက်တမ်းက မကြာလိုက်ပါဘူး။ ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (ယူအမ်အန်အို) က ဦးဆောင်တဲ့ မလေးရှားဗဟိုအစိုးရက စင်ကာပူမှာ နေထိုင်ကြတဲ့ တရုတ်လူများစုနဲ့ ပီအေပီပါတီရဲ့ နိုင်ငံရေးအရ အားပြိုင်လာနိုင်တာကို စိုးရိမ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ၁၉၆၄ ခုနှစ်မှာ တရုတ်နွယ်ဖွားတွေနဲ့ မလေးတွေကြားမှာ လူမျိုးရေးအဓိကရုဏ်းပေါ်ခဲ့ပြီး ၂၃ ယောက်သေဆုံး၊ ရာနဲ့ချီ ဒဏ်ရာရခဲ့ကြပါတယ်။

ဒီလိုနဲ့ ၁၉၆၅ သြဂုတ် ၇ ရက်နေ့မှာ စင်ကာပူနဲ့ မလေးရှားဟာ သီးခြားနိုင်ငံတွေ ဖြစ်သွားကြပါတယ်။ စင်ကာပူဟာ သဘာဝသယံဇာတလည်း မရှိ၊ ရေအရင်းအမြစ်လည်း မရှိ၊ ကာကွယ်ရေး စွမ်းရည်ကလည်း ပြောပလောက်အောင် အင်အားမရှိတဲ့အတွက် လီကွမ်ယုနဲ့ စင်ကာပူခေါင်းဆောင်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် လီကွမ်ယုနဲ့ ပီအေပီပါတီဟာ  ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရအောင် စည်းရုံးပြီး နှစ်ပေါင်း ၅၀ ကြာ အတွင်း အင်္ဂလိပ်ကိုလိုနီကျွန်းလေးကို ကမ္ဘာ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးဗဟိုချက် ဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

စင်ကာပူ အောင်မြင်ရတဲ့ အကြောင်းတွေထဲမှာ နိုင်ငံရပ်ခြားကနေ ဈေးပေါတဲ့ အလုပ်သမားတွေ၊ လုပ်ငန်းကျွမ်းကျင်မှုရှိတဲ့ သုံးနိုင်စွဲနိုင် လူတန်းစားတရပ်ကို  မွေးထုတ်ပေးနိုင်တာတွေလည်း ပါဝင်ပါတယ်။ စင်ကာပူ လူဦးရေမှာ နိုင်ငံခြားသားက ၄၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ၂၀၀၀ ခုနှစ်က ၂၅ ရာခိုင်နှုန်းပဲ ရှိခဲ့ရာကနေ တိုးလာတာ ဖြစ်ပါတယ်။ အစိုးရကတော့ လူအိုဦးရေ တိုးလာတဲ့ စင်ကာပူအတွက် နိုင်ငံခြားကနေ ပြောင်းရွှေ့လာသူတွေဟာ အဖိုးတန်တဲ့ “ဆူနာမီ ငွေလှိုင်း” အဖြစ် တင်စားပါတယ်။

ဒါပေမယ့် ၂၀၁၃ ဒီဇင်ဘာ ၈ ရက်နေ့တုန်းကတော့ စင်ကာပူမှာရှိတဲ့ ကုလားတန်းမှာ လူအုပ်စုက ကားတွေကို မီးတင်ရှို့ပြီး ရဲအဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ လိုင်းကားတစီးက နိုင်ငံခြားသား အလုပ်သမားတယောက်ကို ၀င်တိုက်ရာကနေ သေတဲ့အထိ ဖြစ်ခဲ့တာကြောင့် အဓိကရုဏ်း စတင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာ ထူးခြားတာက တိုင်းပြည် လူဦးရေမှာ အများစုက လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ မွေးဖွားခဲ့တဲ့ မျိုးဆက်တွေ ဖြစ်နေတာပါ။ လူငယ်မျိုးဆက်တွေရဲ့ စဉ်းစားပုံက မျိုးဆက်ဟောင်းတွေနဲ့ မတူပါဘူး။ လူငယ်မျိုးဆက်တွေဟာ လက်ရှိ အစိုးရကို လက်ခံနိုင်ကြပေမယ့် စင်ကာပူကို ပိုပြီး ဒီမိုကရေစီကျတဲ့နိုင်ငံအဖြစ် မြင်ချင်နေကြပါတယ်။

စင်ကာပူရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ အစိုးရ၀န်ကြီး ကေရှန်မူဂမ်းက ထောက်ခံသူတွေနဲ့ တွေ့ဆုံပြီး မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်တွေကို နားထောင်ရင်း ပီအေပီပါတီကို မဲပေးကြဖို့ စည်းရုံးပါတယ်။ ပီအေပီအတွက် မဲတွေ အရင်လို အလွယ်တကူ မရနိုင်တော့ဘူးလို့ သူက ထောက်ခံသူတွေကို သတိပေးစကား ဆိုပါတယ်။ ၂၀၁၁ ရွေးကောက်ပွဲတုန်းကလည်း အာဏာရပါတီဟာ လွှတ်တော်အမတ် ၈၇ နေရာထဲက ၈၁ နေရာကို ပီအေပီက ထိန်းထားနိုင်တယ်ဆိုပေမယ့်  မဲအရေအတွက် ၆၀ ရာခိုင်နှုန်းကျော်ပဲ ရရှိခဲ့ပါတယ်။

စင်ကာပူရဲ့ အောင်မြင်မှုကို မျိုးဆက်ဟောင်းတွေက မျက်မြင်ကိုယ်တွေ့ ဆိုပေမယ့် မျိုးဆက်သစ်တွေ အတွက်က အတိတ်ဖြစ်နေပုံပါပဲ။ ပီအေပီပါတီခေါင်းဆောင်တဲ့ အစိုးရကို နှစ်နှစ်ကာကာ မရှိကြပါဘူး။ အထူးသဖြင့် ပို့ဆောင်ရေး၊ လူဦးရေ၊ ပြည်သူ့အခွင့်အရေးလို ကိစ္စမျိုးတွေမှာ မျိုးဆက်သစ်တွေရဲ့  ဆန္ဒက အစိုးရနဲ့ ထပ်တူမကျပါဘူး။

အတိုက်အခံ ပါတီတခုဖြစ်တဲ့ အလုပ်သမားပါတီကလည်း စင်ကာပူစီးပွားရေး ကျဆင်းမှု၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ မညီမျှတာ၊ နိုင်ငံခြားသား အလုပ်သမားတွေ ၀င်ရောက်မှုနှုန်း မြင့်မားတာ၊ နေထိုင်စရိတ်တွေ မြင့်မားမှုလိုမျိုး အပြစ်အနာဆာတွေကို မီးမောင်းထိုးပြရင်း လူထုကို စည်းရုံးပါတယ်။ ဒါကြောင့် ၁၉၆၅ နောက်ပိုင်းမှာ မွေးဖွားကြတဲ့ မျိုးဆက်သစ်တွေက မဲဆန္ဒရှင်စာရင်းမှာ အများစု ဖြစ်နေတာဟာ ပီအေပီအတွက် အဓိက စိန်ခေါ်မှု ဖြစ်လာပါတယ်။

ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်အမတ်လောင်း စာရင်းတွေကို ကြည့်ရင်ပဲ ပီအေပီက မဲဆန္ဒနယ် ၈၉ ခု စလုံးမှာ တခြား ပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ စင်ကာပူ နှစ် ၅၀ သမိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။

ဘဏ္ဍာရေးလုပ်ငန်းတခုမှာ အလုပ်လုပ်တဲ့ အသက် ၄၀ ကျော်အရွယ် မစ်တိုးက အစိုးရကို ထိန်းကြောင်းနိုင်ဖို့ အတိုက်အခံကို မဲပေးမယ်လို့ ပြောပါတယ်။ အာဏာရပါတီက လုပ်ဆောင်ချက်တွေ နှစ်ပေါင်းများစွာ ကောင်းခဲ့တာ မှန်ပေမယ့် အစိုးရကို ထိန်းကြောင်းဖို့ အတိုက်အခံ လိုတယ်လို့ သူက ယူဆပါတယ်။

“ကမ္ဘာပေါ်မှာ သူတို့သာလျှင် အတော်ဆုံး၊ အကောင်းဆုံး ဆိုပြီးတော့ အထင်မရောက်စေချင်ဘူး။ ဒါကြောင့် နောက်ကို ခြေတလှမ်း ဆုတ်ပြီးတော့ တခြားတဘက်က ရှုထောင့်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုတာပေါ့” လို့ ဆိုပါတယ်။

အာဏာရပါတီကလည်း ၂၀၁၁ ရွေးကောက်ပွဲ နောက်ပိုင်းမှာ နိုင်ငံခြား အလုပ်သမားတွေ ၀င်ရောက်မှုကို ထိန်းချုပ်ခဲ့ပြီး အိမ်ခြံမြေ ဈေးကွက်ကို ထိန်းချုပ်တဲ့ အစီအမံတွေနဲ့ လူအိုတွေအတွက် အစိုးရအထောက်အပံ့နဲ့ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ မူဝါဒတွေကို ဂရုတစိုက် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်  အခု ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်ဟာ စင်ကာပူ စီးပွားရေး နှေးကွေးချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ဝန်ကြီးချုပ် လီရှန်လွန်းက “မဲဆန္ဒနယ်တိုင်းမှာ ယှဉ်ပြိုင်ကြတဲ့ကိစ္စက အံ့သြစရာ မဟုတ်ပါဘူး။ အကြိတ်အနယ်လည်း ရှိမှာပဲ။ ဒီလို ဖြစ်မယ်ဆိုတာလည်း ကြိုတင် မျှော်လင့်ထားတယ်။ ပြည်သူတွေ၊ မဲဆန္ဒရှင်တွေကိုတော့ ကျနော်တို့ပါတီရဲ့ သတင်းစကားတွေကို အရောက်ပို့သွားမှာပဲ” လို့ ဆိုပါတယ်။

အခုတခေါက်မှာလည်း ပီအေပီပါတီအတွက် အာဏာပြန်ရဖို့ သေချာသလောက် ရှိပါတယ်။ မတ် ၂၃ ရက်နေ့တုန်းကပဲ လီကွမ်ယု ကွယ်လွန်ခဲ့တာဖြစ်လို့ မဲဆန္ဒတွေရဲ့ စိတ်ထဲမှာ သူနဲ့ သူ့ပါတီအပေါ် သတိတရ ရှိနေချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် တချို့မြို့နယ်တွေမှာ မဲအရေအတွက် ထောင်ဂဏန်း အနည်းငယ်လောက် ဘက်ပြောင်းသွားရင် ပီအေပီအတွက် လွှတ်တော်မှာ အများစု နေရာရဖို့ မရေမရာ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် စင်ကာပူ စီမံခန့်ခွဲရေး တက္ကသိုလ် တွဲဘက်ပါမောက္ခ အူဂျင်းတန်းက ဒီတခေါက် ရွေးကောက်ပွဲဟာ စင်ကာပူကို တပါတီကြီးစိုးတဲ့ စနစ်ကနေ အသွေးအရောင်စုံ နိုင်ငံရေးစနစ်ဆီကို ပို့ပေးမယ့် ခြေလှမ်းသစ် ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013