DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေ တိုးမှုကြောင့် ပြည်မြို့ ရပ်ကွက်အချို့ရေ၀င်၊ အရေးပေါ်ရွှေ့ပြောင်း
DVB
·
September 10, 2015
ဧရာဝတီမြစ်ရေ တိုးမှုကြောင့် ပြည်မြို့ ရပ်ကွက်အချို့ရေ၀င်၊ အရေးပေါ်ရွှေ့ပြောင်း
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့က မြို့အစွန်ရပ်ကွက်တချို့ကို စက်တင်ဘာ ၉ ရက်နေ့က ဒုတိယအကြိမ် ရေစတင်ဝင်ရောက်လာလို့ ဒေသခံတချို့ ရေလွတ်ရာကို ပြောင်းရွှေ့နေရပါတယ်။

ဧရာဝတီမြစ်ရေ တိုးလာတာကြောင့် ပြည်မြို့ န၀င်းရပ်ကွက်မြောက်ပိုင်း၊ ဘောဂရပ်ကွက်၊ မာလကာကုန်း စတဲ့ရပ်ကွက်တွေက အိမ်ထောင်စု ၁၂၀ လောက် ရေလွတ်ရာ န၀င်းဝါဆို ဘုန်းကြီးကျောင်းကို အရေးပေါ် ရွှေ့ပြောင်းနေထိုင်နေခဲ့ကြရပါတယ်။

ရေက စင်တင်ဘာ ၉ ရက် မနက်ကစပြီး တဖြည်းဖြည်း ၀င်လာခဲ့လို့ အနိမ့်ပိုင်းက အိမ်တွေ န၀င်းရပ်ကွက်ထဲက န၀င်းဝါဆို ဘုန်းတော်ကြီးကို လျှောက်ထားပြီး ယာယီရွှေ့ပြောင်းနေခဲ့ကြတာ ဖြစ်ပါတယ်။

န၀င်းရပ်ကွက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်မူမူက "ဘယ်သူကမှ ကိုယ့်အိမ်ကိုပစ်ပြီး မသွားချင်ပါဘူး။ အခုက ဘယ်လိုမှနေမဖြစ်လို့ ဆရာတော်ကိုလျှောက်ပြီး ဒီမှာလာနေကြတာ။ ဘယ်သူကမှတော့ စာရင်းကောက်တာတွေ ဘတွေ မရှိသေးပါဘူး။ ဘယ်သူ့ကိုမှလည်း တင်ပြထားတာ မရှိသေးပါဘူး။ ညရေးညတာတွေ မနေရဲလို့ ဒီကိုပြောင်းလာကြတာပါ" လို့ ပြောပါတယ်။

မာလကာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ မဇွန်ပွင့်ကလည်း "စားဝတ်နေရေးလည်း အရမ်းခက်ခဲတယ်။ ကလေးတွေလည်း ဒုက္ခရောက်တယ်။ ပြောင်းဖို့ ရွှေ့ဖို့က လှေတွေဘာတွေမရှိတော့ အရမ်းဒုက္ခရောက်တယ်။ လာပေးမယ့်သူ မရှိတော့လည်း ဒုက္ခရောက်ရတယ်" လို့ ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ ရေစတက်လာကတည်းက အခြေအနေကြည့်ပြီး ရွှေ့ပြောင်းနေကြဖို့လည်း အဲဒီရပ်ကွက်တွေကို မီးသတ်ဦးစီးဌာနက လိုက်လံနှိုးဆော်ထားပါတယ်။

"ကြိုတင်ကာကွယ်မှုအနေနဲ့ အသက်ကယ်အင်္ကျီ၊ စက်လှေ၊ ကြိုး၊ တာရာဘင်တာ၊ ရဲဒင်းတွေကအစ အဆင်သင့် ပြုလုပ်ထားပါတယ်။ အရေးပေါ် လိုအပ်လာရင် အချိန်နဲ့တပြေးညီ ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။ မိုးရွာတာ၊ ရေတက်တာ၊ လေတိုက်တာတွေကအစ အချိန်နဲ့အမျှ အထက်ကိုတင်ပြပြီး လိုအပ်ချက်တွေကို ပြင်ဆင်ထားပါတယ်" လို့ မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်က ပြောပါတယ်။

ဧရာဝတီမြစ်နဲ့ န၀င်းချောင်း အနားမှာရှိတဲ့ အဲဒီရပ်ကွက်တွေက နှစ်စဉ်ရေကြီးနေကြ ဖြစ်ပြီး အခုနှစ်မှာ ရေကြီးတာကတော့ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

ပထမအခေါက် ရေကြီးတုန်းကလည်း အဲဒီရပ်ကွက်တွေမှာ ၁၀ ရက်ကျော်လောက် ရေမြုပ်ခဲ့လို့ ဒေသခံတွေ အခုထိ နာလန်ပြန်မထူနိုင်အောင် ဖြစ်နေခဲ့ရတာပါ။

အခုထပ်ပြီး ရေပြန်ကြီးလာသလို ရေမြုပ်နေတဲ့ရက် ကြာလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီခွဲ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေက ပြည်မြို့မှာ ၂၇၈၄ စင်တီမီတာမှာရှိနေပြီး စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာရောက်ဖို့ ၄ ပေခန့်အလိုမှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013