DVB Logo
Home
မြန်မာသတင်း
တပြည်လုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် သဘောတူကြပြီ
DVB
·
September 9, 2015
တပြည်လုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် သဘောတူကြပြီ
1 / 6
Donate to DVB

သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေဟာ နေပြည်တော်မှာ ၃ နာရီကြာဆွေးနွေးခဲ့ကြပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကြဖို့ သဘောတူညီလိုက်ကြပါတယ်။

အပစ်ရပ်လက်မှတ်ရေးထိုးဖို့ရက်ကို သမ္မတက စက်တင်ဘာ ၂၉ ရက်နေ့ကို အဆိုပြုခဲ့သလို တိုင်းရင်းသားတွေဘက်က အောက်တိုဘာလလယ်ကို ပြန်လည်အဆိုပြုပါတယ်။

နှစ်ဘက်အလုပ်အဖွဲ့ချင်း ညှိနှိုင်းပြီး လက်မှတ်ရေးထိုးမယ့်ရက် သတ်မှတ်ကြမှာဖြစ်ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဘက်က လက်မှတ်ထိုးရာမှာ အားလုံးပါဝင်ရေးနဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး အာမခံချက်ကိစ္စကို တင်ပြဆွေးနွေးပါတယ်။

တိုင်းရင်းသားတွေဘက်က အန်စီအေမှာ အဖွဲ့အားလုံး ပါဝင်ရေးကို လိုလားပြီး အစိုးရဘက်ကတော့ ပလောင် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ရက္ခိုင့်တပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး၊ ၀အမျိုးသားအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားကောင်စီ ၆ ဖွဲ့ကို ချန်ထားတဲ့ကိစ္စကို အလေးထားဆွေးနွေးကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာတော့ သမ္မတက အန်စီအေလက်မှတ်ထိုးဖို့ သြဂုတ် ၁၁ ရက်နေ့တုန်းက ဖိတ်ကြားထားတဲ့ ၁၅ ဖွဲ့အပြင် တအာင်းလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) ကိုလည်း စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ သဘောတူကြောင်းနဲ့ ကိုးကန့်အဖွဲ့ကိစ္စကိုလည်း သမ္မတကိုယ်တိုင် တိုက်ရိုက်စီစဉ်ဆောင်ရွက်နေကြောင်း ဆွေးနွေးပွဲအပြီးမှာ မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ရှင်းပါတယ်။

ဦးလှမောင်ရွှေ့က “နိုင်ငံတော်သမ္မတဘက်ကလလည်း ၁၅ ဖွဲ့ကတော့ ပြီးပြီ။ အဖွဲ့ငယ်သုံးဖွဲ့ (လားဟူ ဒီမိုကရက်တစ် အစည်းအရုံး၊ ၀အမျိုးသားအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားကောင်စီ) ကိုတော့ နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်ဖို့ ကမ်းလှမ်းတာဖြစ်တဲ့အတွက် ကျန်တဲ့ သုံးဖွဲ့ကျန်ပါတယ်။ အဲဒီထဲမှာ အမ်အန်ဒီအေအေ (ကိုးကန့်တပ်ဖွဲ့) ကိစ္စကတော့ သမ္မတနဲ့ အမ်အန်ဒီအေအေခေါင်းဆောင် ဥက္ကဋ္ဌတို့ သီးခြားစီစဉ်နေတာဖြစ်တဲ့အတွက် အစိုးရဘက်က ဖြုတ်ထားပါတယ်။ အဲဒီတော့ အေအေ (ရခိုင်တပ်မတော်) နဲ့ တီအန်အယ်လ်အေကျန်ပါတယ်။ တီအန်အယ်လ်အေကိုတော့ ဘိုင်လက်ထရယ် (တဖွဲ့ချင်းအလိုက် အပစ်ရပ်လက်မှတ်ထိုး) ပြီး အန်စီအေသွားဖို့ သဘောတူပါတယ်။ အေအေကိစ္စကျတော့ ကေအိုင်အိုဌာနချုပ်နေရာမှာရှိတဲ့အတွက် သီးခြား ဒါ ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီးတော့ နည်းလမ်းရှာဖို့ဆိုတာကို အကြောင်းပြန်တယ်။ ၀ (၀ပြည်သွေးစည်းညီညွတ်ရေးပါတီ) နဲ့ မိုင်းလားကိုလည်း အန်စီအေထိုးနိုင်ဖို့ ပြည်ထောင်စုဘက်ကလူတွေ သွားရောက်ညှိနှိုင်းဖို့ရှိပါတယ်” လို့ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင် ကိုယ်စားလှယ်အဖွဲ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ) နာယက ဗိုလ်ချုပ်ကြီးဆေထင်၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ) ဥက္ကဋ္ဌ နိုင်ထောမွန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) အဖွဲ့ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာလဂျာ၊ ပူးဇင်ကျုံးနဲ့ အန်စီစီတီအဖွဲ့ခေါင်းဆောင် ၂ ပဒိုစောကွယ်ထူးဝင်းတို့နဲ့ ဆွေးနွေးကြတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့လည်း တွေ့ဆုံဖို့ စီစဉ်နေပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အန်စီအေစာချုပ်လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ကြဖို့  နှစ်ဘက်သဘောတူညီထားကြပြီးဖြစ်ပါတယ်။

ဓာတ်ပုံ - မျိုးဇော်လင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013