DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် အဖွဲ့ချုပ်က မြို့နယ် ၄ ခုတွင် စည်းရုံးရေး စတင်နိုင်
DVB
·
September 9, 2015
နေပြည်တော်တွင် အဖွဲ့ချုပ်က မြို့နယ် ၄ ခုတွင် စည်းရုံးရေး စတင်နိုင်
1 / 4
Donate to DVB

ရွေးကောက်ပွဲ မဲဆွယ်မှုတွေ စတင်နိုင်တဲ့ စက်တင်ဘာ ၈ ရက်မှာ နေပြည်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မြို့နယ် ၈ ခုအနက် ၄ခုမှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ စတင်နိုင်ခဲ့ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမဲဆနနယ်က ၀င်ပြိုင်မယ့် ဦးဖြိုးဇေယျာသော်က နေပြည်တော် ကောင်စီနယ်မြေရှိ ဇဗ္ဗူသီရိ၊ ဥတ္တရသီရိ၊ လယ်ဝေး၊ တပ်ကုန်း စတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ မဲဆွယ်မှု စတင်နိုင်ခဲ့ပြီး ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိနဲ့ ပျဉ်းမနားတို့မှာ စတင်နိုင်ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

ကော်မရှင်ထံ စုဝေးဟောပြောခွင့်တင်တာ နောက်ကျသွားတဲ့အတွက် နေပြည်တော်နယ်မြေအတွင်း တပြိုင်တည်း မစတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ အန်အယ်လ်ဒီပါတီရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ အာဏာရပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေလည်း အခုထိ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ မစသေးဘဲ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ထောင်တာလောက်ပဲ လုပ်နိုင်ကြသေးတယ်လို့လည်း သိရပါတယ်။

ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်နဲ့ လက်ပံခါးလှ ကျေးရွာ ၂ ခုမှာ မနေ့ကနဲ့ ဒီနေ့  ဒေသခံတွေကို ဟောပြောစည်းရုံးခဲ့တဲ့ ဇဗ္ဗူသီရိမဲဆန္ဒနယ်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေဖျာသော်က ၂၀၁၅ ရွေးကောက်ပွဲ အရေးကြီးပုံကို အဓိကထား ဟောပြောခဲ့တယ်လို့ ပြောပါတယ်။

“ကျနော့်အနေနဲ့တော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဘာကြောင့် အရေးကြီးတယ်၊ ဘာဖြစ်လို့ မဲပေးသင့်တယ်၊ မဲပေးတဲ့နေရာမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘာကြောင့် မဲပေးသင့်တယ်၊ အဲ့ဒါတွေကိုပဲ အဓိက ဟောပြော ဖြစ်တာပါ။”

နေပြည်တော်ကောင်စီနယ်မြေအတွင်း ၀င်ပြိုင်ကြမယ့် အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း အများစုဟာ ဒေသခံပါတီဝင်တွေဖြစ်ပြီး သူတို့နဲ့ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ်လောင်းတွေထဲမှာတော့ စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေ ပါပါတယ်။

စစ်တပ်မှာ ကြည်းရေလေညှိနှိုင်းရေးမှူးတာဝန်ထိ အဆင့်မြင့်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးလှဌေးဝင်းက ဇေယျာသီရိမှာ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်က ဇဗ္ဗူသီရိ၊ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်းက ဇဗ္ဗူသီရိ စတဲ့မြို့နယ်တွေမှာ ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက လွှတ်တော်နာယက ဦးရွှေမန်း ၀င်ပြိုင် အနိုင်ရခဲ့တဲ့ ဇေယျာသီရိမှာ ဒီတကြိမ် အဆင့်မြင့်ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း ၀င်ပြိုင်မှာ ဖြစ်ပြီး ဒီမြို့နယ်မှာ စစ်ဗိုလ်ချုပ်ကြီး အများစုနေထိုင်ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဇေယျာသီရိမှာ အဖွဲ့ချုပ်က ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်က သူ့မဲဆန္ဒနယ်မှာ တပ်မဲ ၂၀၀၀၀ လောက်ရှိတဲ့အကြောင်း ပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ အထက်ဘက်မှာ စစ်ရုံးချုပ်ရှိတယ်၊ အဲ့ဒီမှာ တပ်မဲ ၂၀၀၀၀ လောက် ရှိတယ်။ ဒီဘက်မှာတော့ မြို့နယ်က ရွာတွေ အခြေခံပြီးတည်ထားတာဆိုတော့ ရွာတွေများတယ်၊ ရွာတွေက ၄၀၀၀၀ လောက် ရှိတယ်။ ကမ်ပိန်းများများနဲ့ လှုံ့ဆော်မှု များများ လုပ်နိုင်ရင်တော့ အဆင်ပြေနိုင်ပါတယ်။”

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဇေယျာသီရိမှာ လစ်လပ်နေရာ မရှိလို့ အဖွဲ့ချုပ် ၀င်ပြိုင်ခွင့် မရခဲ့ဘဲ ကျန် နေပြည်တော်နယ်မြေ ၄ ခုမှာတော့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ အနိုင်ရခဲ့ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013