မဲပြားရေး မဟာဗျူဟာနဲ့ ခွဲခြားရေး အာဏာ ယာစကာများ သတိပြု
DVB
·
September 9, 2015

ကံမကောင်းအကြောင်းမလှတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အဆိပ်ပင်ကြီး ပေါက်ရောက်ရှင်သန်နေတာ ၁၉၆၂ ခုနှစ်က စရေတွက်ရင် ၅၃ နှစ်တောင် ကျော်ခဲ့ပြီ။ တော်လှန်ရေးကောင်စီ၊ မဆလ၊ န၀တ၊ တစည၊ နအဖ၊ ပြည်ခိုင်ဖြိုး၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စစ်တပိုင်းအစိုးရ အစရှိတဲ့ မျက်နှာဖုံး နာမည်တွေ ဘယ်လိုပင် ပြောင်းခဲ့ပေမယ့် အတွင်းသရုပ်ကတော့ လူတစုကို တရားဥပဒေအထက်မှာနေခွင့်၊ အနိုင်ကျင့် ဗိုလ်ကျခွင့် ပေးထားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ လူတိုင်းသိကြပါတယ်။ ပြည်သူလူထုက အလိုမတူမှန်း သိလျက်နဲ့ သေနတ်ကို မိုးပေါ်ထောင်မဖောက်၊ ပြည်သူ့သွေး အကြိမ်ကြိမ်သောက်ပြီး နိုင်ငံတော် အာဏာကို ထပ်ခါထပ်ခါ လုယူခဲ့တာ မဟုတ်လား။
အခုလာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ ရက်ပေါင်း ၆၀ တောင် မလိုတော့ပါဘူး။ ဒီရွေးကောက်ပွဲကြီးဟာ တိုင်းပြည်ကို နောင် ၅ နှစ်တာ အုပ်ချုပ်မယ့် အစိုးရတရပ်ကို ရွေးချယ်ရုံသက်သက်တင် မဟုတ်ပါဘူး။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီမျက်နှာဖုံး စွပ်ထားတဲ့ စစ်ကျွန်ဘ၀ကို လက်သင့်ခံမှာလား၊ စစ်ကျွန်ဘ၀က အပြီးတိုင် လွတ်မြောက်ရာလမ်းကို ရွေးချယ်မှာလားဆိုတဲ့ ဆုံးဖြတ်ချက်ပြုရမယ့်ပွဲလည်း ဖြစ်ပါတယ်။
၁၉၉၀ ပါတီစုံရွေးကောက်ပွဲမှာတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေက တနိုင်ငံလုံး အတိုင်းအတာနဲ့ ပုံအောမဲပေးခဲ့လို့ ထွက်လာတဲ့ ရလဒ်အဖြေကို သိပြီးကတည်းက စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ကိုလိုလားတဲ့ ပြည်သူပြည်သား များများစားစား မရှိဘူးဆိုတာ ကောင်းကောင်းသိပါတယ်။
အဲ့ဒီကာလကစပြီး စစ်အာဏာရှင်တွေဟာ တစုတစည်းတည်း ပုံအောမဲပေးတဲ့ ပြည်သူတွေရဲ့ မဲတွေပြားအောင် ပြည်သူတွေကြားမှာ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် စနစ်တကျ စီမံကိန်းတွေချ ဖြိုခွဲဖို့ ကောက်ကျစ်တဲ့ အောက်ပါနည်းလမ်းအမျိုးမျိုးနဲ့ သွေးခွဲခဲ့တာ အခုဆို နှစ်ပေါင်း ၂၅ နှစ်ကျော်ပါပြီ။
(၁) သမိုင်းအမှား ဆိုက်ဒ်ဝါးနဲ့ သွေးခွဲခြင်း
ပညာသင်ကြားခွင့် ကောင်းကောင်းမရခဲ့တာရယ် ရာစုနှစ်ဝက်ကျော် နိုင်ငံရေးသားကြော အဖြတ်ခံခဲ့ရတဲ့ ပြည်သူတချို့ကို အတွေးမှား အသိမှားအောင် ဆိုက်ဒ်ဝါးလို့ ခေါ်နိုင်တဲ့ အစီအစဉ်တခုဖြစ်တဲ့ နေ့စဉ်ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာတွေကနေ သမိုင်းမှန်တွေကို ဖုံးထားပြီး သမိုင်းမှားတွေကို ထပ်ခါတလဲလဲ ထုတ်ပြန်လိမ်ညာခဲ့ကြတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားခဲ့တဲ့ ၁၉၈၈ နောက်ပိုင်း မွေးဖွားလာတဲ့ လူငယ်မျိုးဆက်သစ်တွေကို အဓိကပစ်မှတ်ထားပြီး သမိုင်းမသိတော့ “အ” ဆိုသလိုဖြစ်အောင် ယုတ်မာခဲ့ကြတာ။ ဒါပေမယ့် မျိုးဆက်သစ်လူငယ်အများစုဟာ ဘယ်လောက်ဖုံးကွယ်ထားထား အမှန်တရားကို မရမက ရှာဖွေလေ့ရှိတာ ဗိုလ်ချုပ်ကြီးတွေလည်း သိပါတယ်။ သူတို့ရှင်သန်မှုအတွက် ရနိုင်သလောက် လမ်းမှားပို့ဆောင် လူမိုက်စုဆောင်းတဲ့ သဘောပါပဲ။ နိုင်ငံရေးဦးတည်ချက် ၄ ရပ်၊ စီပွားရေးဦးတည်ချက် ၄ ရပ်၊ လူမှုရေးဦးတည်ချက် ၄ ရပ်၊ တို့တာဝန်အရေးသုံးပါးတို့၊ ပြည်သူ့သဘေားထား ဆိုတာတွေကို ထပ်ခါတလဲလဲ မြင်ရ၊ တွေ့ရ၊ ကြားရဖန်များပြီး အမှန်တရားလိုလို မသိစိတ်ထဲရောက်သွားအောင် ဆိုက်ဝါးသုံး လမ်းမှားပို့ခဲ့ကြတာ မဟုတ်လား။
(၂) ရာထူးအာဏာ ငါးမျှားစာနဲ့ သွေးခွဲခြင်း
၈၈ အာဏာသိမ်းအစိုးရ နဝတလက်ထက်မှာ ရာထူးအာဏာနဲ့မျှားပြီး သူတို့လျှောက်တဲ့ လမ်းမှားပေါ် လိုက်လာအောင် သွေးခွဲမှုတွေ ပိုပြီး ထင်ထင်ရှားရှား လုပ်ခဲ့တယ်။ ရှိတဲ့စစ်တပ်အင်အားနဲ့ မမျှအောင် မလိုအပ်ဘဲ တခါမှမရှိဘူးတဲ့ စစ်ရာထူးတွေ တီထွင်၊ စစ်ဗိုလ်ချုပ်တွေ မှိုလိုပေါက်နေအောင် ခန့်အပ်တာဟာ နိုင်ငံရေးစကားနဲ့ပြောရင်တော့ မိုက်ဖော်မိုက်ဘက် တိုးပွားလာအောင် အမှုတွဲခေါ်ခဲ့တာပါ။ အရပ်သားဝန်ထမ်းလောကကိုလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ပါဝင်မှုနဲ့ပတ်သက်လို့ မေးခွန်း ၃၃ ချက်မေးပြီး သူတို့ကိုထောက်ခံတဲ့ လူတွေကို ရာထူးတိုးပေး၊ အခွင့်အာဏာတွေ အပ်နှင်းလို့ ဝန်ထမ်းတွေကြား သွေးခွဲခဲ့တာမဟုတ်လား။
သူတို့ကို မထောက်ခံတဲ့သူတွေဆိုရင် ပညာဘယ်လောက်တတ်တတ်၊ ဘယ်လောက်ရိုးသားမှုရှိရှိ ချောင်ထိုးရင်ထိုး၊ မထိုးရင်ဖြုတ် လုပ်ချင်သလို လုပ်ခဲ့ကြတာ။ လူကောင်းသူကောင်းတွေ နေရာမပေးဘဲ၊ လူလည်လူရှုပ် ကပ်ဖားရပ်ဖား အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားတတ်တဲ့ လူမသူတော်တွေ၊ လူ့ဂျပိုး စစ်ဂျပိုးတွေကို သူတို့လိုပဲ အနိုင်ကျင့် ဗိုလ်ကျခွင့်တွေ အပြည့်ပေး၊ တိုင်းပြည်ဘဏ္ဍာ ဖောက်စားကြတာကို လျစ်လျူရှုခဲ့တော့ အောက်ခြေ လယ်သမား၊ အလုပ်သမား၊ ဆင်းရဲသား အများပြည်သူတွေဘ၀ဟာ ငရဲကျသလိုပေါ့။
နှစ်ပေါင်းများစွာ အဲ့ဒီလို သွေးခွဲအုပ်ချုပ် ဘက်လိုက်အခွင့်အရေးပေး၊ အုပ်စုဖွဲ့လူမွေး အကျင့်ပျက်ခြစားနေတဲ့ ပတ်ဝန်းကျင်ကြီးရဲ့အောက်မှာ နောက်ဆုံး ခံနိုင်ရည်မရှိတဲ့ လူရိုးလူအတွေတောင် မသူတော်တွေအဖြစ် ပြောင်းလဲကုန်ရတာ၊ ဟိုလူလည်းသူခိုး၊ ဒီလူလည်းသူခိုး ဖြစ်ကုန်ပြီး မြန်မာနိုင်ငံလည်း စောရပြည်ဖြစ်ခဲ့၊ မိုးခါးရေသောက်ခဲ့ကြတာ မဟုတ်လား။ ဒီတော့မှ တို့တိုင်းပြည် အဘက်ဘက်က ယိုယွင်း ချွတ်ခြုံကျဆင်းရဲခဲ့တာ စစ်အာဏာရှင်စနစ်ကြောင့် မဟုတ်ဘူး၊ သူတို့ကြောင့်မဟုတ်ဘူး၊ ခေါင်မလုံတာကြောင့် မဟုတ်ဘူး၊ ၀န်ထမ်းတွေ ခိုးခဲ့ကြလို့၊ တနိုင်ငံလုံး အကျင့်ပျက်ခဲ့တာကြောင့်လို့ လက်ညှိုးထိုး ခဲ့တာပေါ့။
(၃) အခွင့်ထူးခံခွင့်နဲ့ သွေးခွဲခြင်း
စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ကိုယ်တိုင်လည်း အမြင့်ဆုံး အခွင့်ထူးခံတယ်။ တရားဥပဒေအထက်မှာ ဘာမဆို လုပ်ချင်တာ လုပ်ကြတယ်။ နိုင်ငံပိုင်စီးပွားရေး လုပ်ကွက်တွေကို မိသားစုပိုင်ပြုတယ်။ တိုင်းသူပြည်သားတွေရဲ့ လယ်တွေ၊ ယာတွေ ဥယျာဉ်ခြံမြေတွေ၊ ဘိုးဘွားပိုင်မြေတွေကို မြေဘုတ်ဘီလူးတွေလို မတရားယူငင် သိမ်းပိုက်ရုံမက သူတို့အပေါ် သစ္စာခံသူတွေ၊ ဒူးထောက်အညံ့ခံ ဖောက်ပြန်သူတွေကို မြေကွက်၊ တိုက်ခန်း၊ တယ်လီဖုန်း၊ ကားပါမစ်၊ သစ်ခုတ်ခွင့်ပါမစ်၊ လုပ်ပိုင်ခွင့်တွေ၊ အခွင့်ထူးခံခွင့်ပေးပြီး သူတို့ကိုဆန့်ကျင်သူတွေ၊ မတရားလုပ်တာ ခေါင်းငုံ့မခံတဲ့သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးပြီး အခွင့်ထူးခံ လူနည်းစုနဲ့ အဖိနှိပ်ခံ လူများစုကြီးကို သွေးခွဲအုပ်ချုပ်ခဲ့ကြတယ်။
(၄) ဘာသာရေး၊ လူမျိုးရေးနဲ့ သွေးခွဲခြင်း
ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ မအပ်စပ်တဲ့ ဘိုးတော်၊ မယ်တော်၊ လောကီပျော်တွေရဲ့ ယတြာ အစီအရင်တွေသာ ယုံစားခုံမင်လေ့ရှိတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ ဗမာလူမျိုးကြီး အလံကို လွှင့်ထူခဲ့တာ ၁၉၆၂ အာဏာစသိမ်းကတည်းကနေ အခုထိတိုင်ပါ။ ဖက်ဒရယ်တစ္ဆေနဲ့ ခြောက်ပြီး တိုင်းရင်းသားလူမျိုးငယ်စုတွေရဲ့ ရပိုင်ခွင့်တွေကို အသိအမှတ်မပြုဘဲ ပင်လုံ ကတိက၀တ်ကို ချိုးဖောက်ခဲ့ကြတယ်။ ပြည်သူလူထုအတွင်းမှာ စည်းလုံးညီညွတ်မှုမရှိအောင် လူနည်းစု ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံမှု၊ နှိမ့်ချမှုတွေ ကျူးလွန်ခဲ့ကြတယ်။ အလွန်ထိရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ ကြီးထွားလာအောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ပြဿ နာကို မီးခွက်ထွန်းရှာ အစဖော်ရုံတင်မက မီးလောင်ရာ လေပင့်ခဲ့ကြတယ်။
အမျိုးဘာသာ သာသနာနဲ့ တိုင်းပြည်ကို မျက်စိမှိတ် ဘုမသိဘမသိ ချစ်တတ်တဲ့ ရိုးရိုးအအ ပြည်သူတချို့ သည်းခြေကြိုက် မျိုးစောင့်ဥပဒေ၊ တလင်တမယားစနစ် ဥပဒေ၊ ရိုဟင်ဂျာဆန့်ကျင်ရေး စတာတွေဘန်းပြပြီး တကယ်ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ အရာတွေဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ မြေသိမ်းယာသိမ်းပြဿ နာ၊ လုပ်ခပြဿ နာ၊ အကျင့်ပျက်ခြစားမှု၊ ပညာရေးဥပဒေ စတဲ့ကိစ္စတွေကို အခြေခံကျကျ မပြုပြင်ဘဲ လူမျိုးစုံ ဘာသာစုံ စုဝေးနေတဲ့ တိုင်းပြည်မှာ သွေးကွဲအောင် စနစ်တကျ လမ်းမှားပို့နေတာ ဖြစ်တယ်။ အလွန်အန္တရာယ်ကြီးတဲ့ အမျိုးသားရေး အစွန်းရောက်မှု၊ ဘာသာရေး အစွန်းရောက်မှုတွေကို မတားဆီးရုံမက ခုတုံးလုပ်ပြီး သူတို့အကျိုးအတွက် နိုင်ငံရေးမှာ အသုံးချ အမြတ်ထုတ်နေတာပါပဲ။
(၅) သံဃာထုကြား သွေးခွဲခြင်း
မဆလခေတ်ကနေ ဒီနေ့ စစ်ဘောင်းဘီချွတ် အစိုးရတိုင်အောင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ သံဃာတော်တွေကြားထဲမှာတောင် သွေးကွဲအောင် ဘွဲ့တံဆိပ်တော်ကပ်တာ၊ ကျောင်း၊ ကား၊ တယ်လီဖုန်း၊ အဆောင်အယောင်၊ အခွင့်အရေးတွေ ကပ်တာတောင် သူတို့အလို မဆန့်ကျင်တဲ့ သံဃာတော်တွေသာ ကပ်လေ့ရှိပြီး တစိုက်မတ်မတ် သွေးခွဲခဲ့ကြတာ မဟုတ်လား။ သူတို့အလိုမလိုက်တဲ့ ဆရာတော်၊ သံဃာတော်တွေဆိုရင် နည်းမျိုးစုံနဲ့ ဒုက္ခပေးတော့တာ မဟုတ်လား။ အခုလက်ရှိ အမှုရင်ဆိုင်နေရပြီး လူဝတ်လဲခံထားရတဲ့ ရေပူဆရာတော်အမှုနဲ့ မဟာသန္တိသုခကျောင်းတော်ကို ညဥ့်နက်သန်းခေါင် သူပုန်စခန်းသိမ်းသလို ၀င်သိမ်းခဲ့တဲ့ အမှုတွေဟာ ထင်ရှားတဲ့ သာဓကတွေ မဟုတ်လား။ တရားဥပဒေဆိုတာ သူတို့လိုမှ အသုံးချတဲ့ ဖိနှိပ်ရေး ကိရိယာပါ။ သူတို့အကျိုး မထိခိုက်ရင် ချောင်ထိုးထားမယ်။ ဖုံတက်နေမယ်။ သူတို့ အကျိုးအတွက်သုံးချင်ရင်တော့ မငြိလည်း ငြိအောင် ဇွတ်ဆွဲပြီး သံဃာဆိုလည်း တရားစွဲမယ်၊ လူဝတ်လဲမယ်၊ ထောင်ချမယ်။
လယ်တီသိမ်ကို ကာကွယ်ဖို့ အားထုတ်ခဲ့တဲ့ သံဃာတော်တွေကျတော့ ဦးပိုင်အကျိုးစီးပွား၊ သူတို့အကျိုးစီးပွားကို ထိခိုက်လာတော့ မီးလောင်ဗုံးနဲ့ ရက်ရက်စက်စက် လင်းအားကြီးအချိန် ပစ်ခတ်နှိမ်နင်းခဲ့တယ်။ ဒါပေမယ့် သူတို့အကျိုးစီးပွားရှိစေမယ့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မျက်နှာဖုံးစွပ်ပြီး သံဃာတော်တွေကြား၊ ပြည်သူတွေကြားမှာ သွေးကွဲစေရုံမက လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာစေနိုင်တဲ့ သွေးချောင်းစီးစေနိုင်တဲ့ ဘာသာခြား၊ လူမျိုးခြား အပေါ် အမုန်းတရားတွေ ကြီးထွားလာအောင် ဟောပြောလှုံ့ဆော်နေတဲ့ ဘုန်းကြီးတချို့ကို မနှိမ်နင်းတဲ့အပြင် အားပေးအားမြှောက်ပြုနေတာ လူတိုင်းမြင်နေရတယ် မဟုတ်လား။ ဒါဟာ ညီညွတ်ရေးကို ဖြိုခွဲနေတာကို သက်သေပြနေတဲ့ သာဓကတခု ဖြစ်ပါတယ်။
(၆) ကျောင်းသားထုကြား သွေးခွဲခြင်း
စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ အကြောက်ဆုံးက ပင်ကိုယ်စိတ်ရိုးသားပြီး မဟုတ်မခံစိတ်နဲ့ ရဲရင့်တဲ့ ကျောင်းသားလူငယ်တွေပါ။ တပွင့်ခြွေရင် ဆယ်ပွင့်ဝေတတ်တဲ့ ကျောင်းသားလူငယ်တွေ ဆိုတာ ခေတ်အဆက်ဆက် မတရားမှုကို တော်လှန်ရာမှာ တပ်ဦးက အမြဲပါခဲ့တာ မဟုတ်လား။ ဘယ်သူကမှ မြှောက်ပေးစရာမလိုဘူး၊ ကိုယ့်ရှေ့မှာ မတရားမှုတွေ့ရင် ဘက်လိုက်မှုကင်းကင်းနဲ့ အားနည်းတဲ့ဘက်က သတ္တိရှိရှိ ရပ်တည်တတ်တာ လူငယ်တွေ မဟုတ်လား။
စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်ကစပြီး ဒီနေ့ စစ်အစိုးရထိအောင် ကျောင်းသားထုရဲ့ ညီညွတ်မှုကို ဖြိုခွဲဖို့ အကြိမ်ကြိမ် ခြေထိုးသွေးခွဲခဲ့ကြတယ်။ ၁၉၈၈ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွေမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (မကသ) အကြား စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ သွေးခွဲဖို့ ကြိုးစားခဲ့တယ်။ မကသအဖွဲ့ကို ရန်ကုန်တက္ကသိုလ်ထဲမှာ ရုံးခန်းဖွင့်ခွင့်ပေး၊ အဆောင်အယောင်တွေပေးပြီး ကျောင်းသားအချင်းချင်း စည်းလုံးရေးပျက်ပြားအောင် လုပ်ဆောင်ခဲ့တာဖြစ်တယ်။
ကျောင်းသားတွေကြားမှာ ခလောက်ဆံဖို့ ထောက်လှမ်းရေးသူလျှိုတွေ အမြဲလွှတ်လေ့ ရှိတယ်။ လောလောဆယ် သပိတ်မှောက် ကျောင်းသားတွေ အဖမ်းခံထားရဆဲဖြစ်တဲ့ ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်ကာလမှာလည်း သတင်းယူဖို့ အချင်းချင်း အမြင်မှား သွေးကွဲအောင် ရဲစုံထောက်တွေကို ကျောင်းသားယောင် ဆောင်ခိုင်းခဲ့တာကို သတိပြုတွေ့ရှိခဲ့တဲ့ သတင်းတွေ ဖတ်ရတယ် မဟုတ်လား။
မဲပြားရေး မဟာဗျူဟာ
စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် သိရပြီးကတည်းက သူတို့ကိုထောက်ခံတဲ့ ပြည်သူဟာ ၅ ရာခိုင်နှုန်းတောင် မရှိတာကို သိခဲ့ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံမှုတွေ လျော့ကျသွားအောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အထင်မှားစေနိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ မဲပြားရေး မဟာဗျူဟာကို စီမံကိန်းချ လုပ်ခဲ့တော့တာပါပဲ။ အထက်မှာရေးသားခဲ့တဲ့ သွေးခွဲမှုမျိုးစုံထဲမှာ အဆိုးဝါးဆုံးနဲ့ အရက်စက်ဆုံး နည်းလမ်းကတော့ ဘာသာရေးကို ခုတုံးလုပ်၊ လူမျိုးရေး မုန်းတီးမှုကို အခြေခံတဲ့ နည်းလမ်းပါပဲ။
ရိုးသားပြီး နိုင်ငံရေးလှည့်ကွက်ကို နားမလည်နိုင်တဲ့ ပြည်သူတချို့ရဲ့ မဲတွေရအောင်၊ မဲပြားအောင် ရွေးကောက်ပွဲမတိုင်ခင် အလျှင်စလို မဘသ တောင်းဆိုထားတဲ့ မျိုးစောင့်ဥပဒေ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၃၁ ရက်နေ့က လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့တာ မဟုတ်လား။ အဓိကကျပြီး နိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရမယ့် ဥပဒေတွေ မြောက်မြားစွာ ရှိလျက်သားနဲ့ ဒီလို အငြင်းပွား သွေးကွဲစေရမယ့် ဥပဒေတွေ ရွေးပြီး ပြဋ္ဌာန်းတယ်ဆိုတာ လုံးဝမရိုးသားမှန်း မဲပြားစေအောင် လုပ်နေတာမှန်း ထင်ရှားလွန်းတယ်။
နောက်အရေးကြီးတဲ့အချက်က ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ပြည်သူတွေရဲ့ ဒီမိုကရေစီ ရည်မှန်းချက်ကို လိုရာမရောက်ဘဲ နှောင့်နှေးစေယ့် မဲပြားရေးစီမံကိန်းရဲ့ အစိတ်အပိုင်းတခုလို ဖြစ်လာတာကတော့ ပါတီကြီးနှစ်ခုဟာ အားကိုးလို့မရဘူးဟေ့၊ ဒီမိုကရေစီစနစ် အားကောင်းမောင်းသန်ဖြစ်လာအောင် ပါတီငယ်တွေ အားပေးကြ၊ တတိယအင်အားစု တည်ထောင်ကြဆိုတဲ့ လှုံ့ဆော်စည်းရုံးလာမှုပါ။
ဘဏ္ဍာငွေကြေး တောင့်တင်းတဲ့ သမ္မတအကြံပေး ဦးနေဇင်လတ် ဦးစီးတဲ့ အမျိုးသားတိုးတက်ရေးပါတီသစ်နဲ့ နောက်ထပ်ပေါ်လာတဲ့ တောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီ နှစ်ရပ်ပေါင်းရင် လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် အမတ်နေရာ ၆၀၀ ကျော် ၀င်ပြိုင်မယ်ဆိုတဲ့ သတင်းတပုဒ် ဖတ်ခဲ့ရတယ်။ ဘယ်လို ရည်ရွယ်ချက်မျိုးတွေပြပြီး ထောင်ထောင် မဲပြားစေတော့မှာ အသေအချာပါပဲ။
စစ်မှန်တဲ့ ဒီမိုကရေစီကို ကျင့်သုံးနိုင်တဲ့ခေတ်မှာ ပါတီသစ်တွေ ပေါ်ပေါက်လာတာ ကြိုဆိုရမှာဖြစ်ပေမယ့် အခုလို မိုးထဲရေထဲ အခြေအနေမျိုး စစ်ကျွန်ဘ၀က ရုန်းထွက်မလား၊ ဆက်နေမလားဆိုတဲ့ အဆုံးအဖြတ်ပြုရမယ့် မဲအရေအတွက် ခိုင်ခိုင်မာမာရဖို့ လိုအပ်နေတဲ့ ကာလမှာ၊ မဲပြားမခံနိုင်တဲ့ ကာလမှာတော့ ကြိုဆိုလို့ မဖြစ်ပါဘူး။
ဒီဆောင်းပါးကို နိဂုံးသပ်ရရင် လာမယ့် နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ခရီးကြမ်းရဲ့ အရေးကြီးတဲ့ မှတ်တိုင်ဖြစ်တယ်။ စစ်အာဏာရှင်တွေဟာ သူတို့အတွက် မဲများများစားစား မရနိုင်ဘူးဆိုတာ သိနေတော့ ဒီရွေးကောက်ပွဲမှာ သူတို့ မဲနိုင်ဖို့ ကြိုးစားမှာမဟုတ်ဘူး။ သူတို့ရဲ့ အဓိကရည်မှန်းချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲအပြတ်အသတ် မနိုင်အောင်၊ အစိုးရအဖွဲ့ ကျွတ်ကျွတ်လွတ်လွတ် ဖွဲ့ခွင့်မရအောင်၊ မဲပြားသွားအောင် လုပ်ဆောင်နေကြတာ သတိပြုပါ။
မြန်မာနိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်သင့်တဲ့ သမိုင်းပေးတာဝန်ကြီး တရပ်ကတော့ အဓမ္မ၀ါဒီတွေ၊ ဖိနှိပ်သူတွေ၊ အခွင့်ထူးခံတွေ၊ စစ်အာဏာရှင်တွေကို လက်မခံကြောင်း၊ ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း ပြသဖို့ မကြာမီ လာတော့မယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာဖြစ်ဖြစ် ကိုယ့်အသည်းကြားက မဲတပြားကို တခုတည်းသော ပြည်သူ့ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ်ပါတီတွေ၊ ရိုးသားစစ်မှန်တဲ့ တိုင်းရင်းသားပါတီတွေကိုသာ မဲပေးရလိမ့်မယ်။ ဒါမှသာ ပြည်သူ့အစိုးရတရပ် ပေါ်ထွန်းလာပြီး နှစ်ပေါင်း ၆၀ ကျော် ခံစားခဲ့ရတဲ့ အနိဌာရုံတွေ အားလုံးကို ချုပ်ငြိမ်းသွားစေလိမ့်မယ်။
တို့နိုင်ငံမှာ ဘယ်သောအခါမှ စစ်အာဏာရှင်စနစ် တဖန်ပြန်လည် အမြစ်ထွက် ရှင်သန်မလာစေဖို့ လက်နက်ကိုင် ဗိုလ်ကျမှုတွေကို အပြီးတိုင် ရှင်းလင်းသုတ်သင်ပစ်နိုင်အောင် စွမ်းအားကြီးမားတဲ့ မဲတပြားဟာ ပြည်သူတိုင်းက ပိုင်ဆိုင်ထားတာမို့ ထိထိရောက်ရောက် အသုံးချကြပါ။
မြန်မာပြည်သူပြည်သားတိုင်း တိုင်းပြည်အနာဂတ်အရေးနဲ့ ညီညွတ်ရေး ပျက်ပြားအောင်၊ မဲပြားအောင် လုပ်ဆောင်လာတဲ့ အန္တရာယ်၊ ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ပြီး လမ်းမှားခေါ်တဲ့ အန္တရာယ်တွေကို အဂတိကင်းစွာ သိမြင်ဆင်ခြင်နိုင်ပြီး မှန်မှန်ကန်ကန် မဲပေးနိုင်ကြပါစေ။ ခေတ်ဝန်ကိုထမ်း၊ ခေတ်လမ်းကိုဖောက် ဒီမိုကရေစီခေတ်သစ်ဆီ အတူ လျှောက်လှမ်းနိုင်ကြပါစေ။
မင်းကောင်းချစ်
စင်တင်ဘာလ (၇) ရက် ၂၀၁၅ ခုနှစ်