DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့်မတွေ့မီ တိုင်းရင်းသားများ လိုလားချက် ထုတ်ပြန်
DVB
·
September 9, 2015
သမ္မတနှင့်မတွေ့မီ တိုင်းရင်းသားများ လိုလားချက် ထုတ်ပြန်
Donate to DVB

တပြည်လုံး အပစ်ရပ်လက်မှတ်ထိုးတဲ့အခါ အဓိကကျတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပါဝင်နိုင်ရေးဟာ မြန်မာနိုင်ငံရဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) က စက်တင်ဘာ ၈ ရက်နေ့က သဘောထား ထုတ်ပြန်ပါတယ်။

အဖွဲ့အားလုံး ပါဝင်နိုင်ရေးဟာ တပ်မတော် ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသားလူမျိုးတွေအကြား ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ အရေးကြီးတယ်လို့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ မတွေ့မီ  ထုတ်ပြန်တာပါ။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင် ကိုယ်စားလှယ်အဖွဲ့ထဲမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ) နာယက ဗိုလ်ချုပ်ကြီးဆေထင်၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ) ဥက္ကဋ္ဌ နိုင်ထောမွန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်နဲ့  တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) အဖွဲ့ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာလဂျာနဲ့ ပူးဇင်ကျုံးတို့ ပါဝင်ပါတယ်။

နှစ်ဘက်အကြား အဆင့်မြင့်ဆုံး ခေါင်းဆောင်တွေရဲ့ ဒီတွေ့ဆုံညှိနှိုင်းမှု အောင်မြင်ရင် လက်မှတ်ထိုးရေးကိစ္စ လမ်းပွင့်စေမှာပါ။

တိုင်းရင်းသားနယ်မြေတွေမှာ စစ်ဆင်ရေးနယ်မြေတွေ ထပ်နေမှု၊ လူမျိုးစုတွေ ရောနှောနေသလို အဖွဲ့တဖွဲ့နဲ့တဖွဲ့အကြား စစ်ရေးဆက်ဆံမှုနဲ့ ယဉ်ကျေးမှုတွေ နှီးနွယ်နေတာကြောင့် စာချုပ်လက်မှတ်ထိုးတဲ့အခါ ဘယ်အဖွဲ့ကိုမှ ချန်မထားခဲ့ဖို့ တိုက်တွန်းပါတယ်။

နှစ်ဘက်အကြားမှာ လက်မှတ်ထိုးအဖွဲ့ အရေအတွက်ကလွဲလို့ အန်စီအေပါ ကျန်အချက်တွေအကုန်လုံး သဘောတူထားပြီး ဖြစ်ပါတယ်။

ဝန်ကြီးဦးအောင်မင်း အဆိုအရ သမ္မတနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံပွဲအပြီးမှာ လက်မှတ်ရေးထိုးကြမယ့်ရက် ကြေညာနိုင်မယ်လို့ သိရပါတယ်။

တိုင်းရင်းသားတွေဘက်က အန်စီအေမှာ အဖွဲ့အားလုံး ပါဝင်ရေးကို လိုလားပြီး အစိုးရဘက်ကတော့ ပလောင် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ရက္ခိုင့်တပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး၊ ၀အမျိုးသားအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားကောင်စီ ၆ ဖွဲ့ကို ချန်ထားချင်နေတာပါ။

ထိပ်သီးခေါင်းဆောင်တွေက ဒီအချက်ကို ထပ်မံအသားပေး ဖော်ပြခဲ့ပြီး အခရာကျတဲ့အုပ်စုတွေကို ဖယ်ကျဉ်ထားတဲ့ ဘယ်အပစ်အခတ်ရပ်စဲရေး စာချုပ်မှလည်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ခြေလှမ်းတွေ ဆောင်ကြဉ်းနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သမ္မတနဲ့တွေ့ဆုံဖို့ ကျိန်းသေပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံခြားခရီးစဉ် သွားရောက်နေတာကြောင့် တွေ့ဆုံနိုင်ခြင်းရှိမရှိ မသဲကွဲပါဘူး။

ပြည်တွင်းစစ်ကြောင့် ထိုင်းနဲ့ တရုတ်နယ်စပ်တကြောမှာ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ခိုလှုံနေကြဆဲဖြစ်သလို စစ်စရိတ်ထောင်းလို့ တိုင်းပြည်ချွတ်ခြုံကျ ဆင်းရဲနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013