DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးများ အပြိုင်အဆိုင်စတင်
DVB
·
September 8, 2015
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးများ အပြိုင်အဆိုင်စတင်
1 / 8
Donate to DVB

နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ရက်ပေါင်း ၆၀ ကြာ မဲဆွယ်စည်းရုံး စုဝေးဟောပြောမှုတွေ ဒီကနေ့မနက် တရားဝင် စတင်နေပြီဖြစ်ပါတယ်။

မန္တလေးမြိုမှာတော့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ကားတွေဆိုင်ကယ်တွေအပြင် အလှပြယာဉ်တွေနဲ့ပါ မြို့တွင်း အပြိုင်အဆိုင်စည်းရုံးလှည့်လည်နေကြပါတယ်။

ပြင်ဦးလွင်ကနေ ၀င်ရောက် ရွေးကောက်ခံမယ့် မန္တလေးတိုင်း ၀န်ကြီးချုပ်လည်းဖြစ်   ကြံ့ခိုင်ရေးပါတီ တိုင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရဲမြင့်က မဲဆန္ဒရှင်တွေအနေနဲ့ ပါတီကိုရော တကယ်ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်တွေကိုပါကြည့်ဖို့လိုတယ်လို့မီဒီယာတွေကိုပြောပါတယ်။

“အခုနိုင်ငံရေးအသိတွေ တအားဖြစ်လာကြပြီဆိုတော့ ကိုယ့်နိုင်ငံ ကိုယ့်ဒေသကောင်းအောင် ဘယ်လိုဆောင်ရွက်ကြမလဲ၊ ဖော်ဆောင်ကြမလဲဆိုတာလည်း တွက်လာကြပြီ။ ဒါ့ကြောင့်မို့လို့ ဒီလိုဆောင်ရွက်နိုင်မယ့်ပါတီ၊ လူပုဂ္ဂိုလ်ကိုရွေးဖို့ လိုပါတယ်။ ကျနော်တို့ တတွေ ပါတီဆိုတာလည်း လူပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတာပါ။  အကုန်လုံး တကယ်ကို အရည် အချင်းရှိရှိလူတွေနဲ့ ဖွဲ့စည်းထားပြီးလုပ်ကြရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ တတွေက ပါတီကော တကယ်ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်တွေကိုပါကြည့်ဖို့ လိုပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပါတီအမှတ်သင်္ကေတဖြစ်တဲ့ ရွှေရောင်ခွပ်ဒေါင်းနဲ့ ကြယ်ဖြူပုံသဏ္ဍာန်ပြင်ဆင်ထားတဲ့ အလှပြယာဉ်နဲ့ ဒီကနေ့မနက်ကတည်းက မြို့တွင်း စတင် လှည့်လည်စည်းရုံးနေပါတယ်။

အန်အယ်လ်ဒီ မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက “ ကော်ရှင်ခွင့်ပြုချက်တင်ပြီးမှ ကျနော်တို့ လုပ်တာပါ။ မန္တလေးကမဲဆန္ဒရှင်တွေရဲ့ အားပေးတုံ့ပြန်မှုကတော့ အရင်အတိုင်းပါဘဲ။ အားရပါတယ်။ ကျနော်တို့  ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ်ပြောင်းလဲဖို့ အန်အယ်လ်ဒီကို မဲပေးစို့ဆိုတာကို ဂီတနဲ့ အနုပညာနဲ့ လှည့်လည်ပြီးစည်းရုံးတာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုယ်စားလှယ်လောင်း ၇၅၀ ကျော် ၀င်ပြိုင်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကတော့ ရန်ကုန်မှာ ဒီကနေ့ စတင်ပြီး ဟောပြောစည်းရုံးမဲဆွယ်မှုတွေ စတင်လိုက်ပါတယ်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက “ရန်ကုန်မှာ ဒီနေ့ဆိုရင် လမ်းမတော်နဲ့ လသာမှာ လမ်းမတော် ၄ လမ်းမှာ ဆိုင်းဘုတ်တင်ရင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရပ်မိရပ်ဖတွေ မနက်ပိုင်းက စလိုက်ပါပြီ။ ကျနော်တို့ အဓိကကတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အရှိန်မသေဘဲနဲ့ ဆက်လက်ဆောင်ရွက်သွားရေးဆိုတဲ့ဟာ အဓိကပါပဲ ”လို့ ပြောပါတယ်။

မွန်ပြည်နယ် အခြေစိုက်  မွန်မျိုးသားပါတီကတော့ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ကြံ့ကြာနေပြီး မဲဆွယ်စည်းရုံးမှုတွေ မစတင်နိုင်သေးဘူးလို့ပြောပါတယ်။

ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာနမှူး ဒေါက်တာ မင်းစိုးလင်း က “မော်လမြိုင်ခရိုင်ကော်မရှင်က ဘယ်နယ်မှာ ဘယ်ဒေသမှာ ဘယ်လိုစည်းရုံးခွင့်ရှိတယ် ဆိုတာ ခုထိ မထွက်သေးဘူး။ ကျနော်တို့မှာ အဲဒီအတွက် အခက်အခဲရှိနေတယ်။ ညှိနေတုန်းပဲ။ ပထမသွားချင်တဲ့ နေရာကို ကော်မရှင် အဖွဲ့ခွဲမှာ အရင်တင်ရတယ်။ တင်တဲ့အခါကျတော့ ရေးမြိုနယ်မှာ ပါတီ ၅ ပါတီ ရှိတဲ့အခါကျတော့ သွားမယ့်နေရာ သွားမယ့်အချိန် အားလုံးဟာ ပြန်ညှိအုန်းမယ်။ တိုက်ဆိုင်နေရင်ရက်ရွှေ့မယ်၊ ခွင့်ပြုရက်ယူရမယ်ဆိုတာတွေက ကျနော်တို့မှာ နည်းနည်းလေးရက်က ကြာသွားတာပေါ့။  နောက် ဗီနိုင်းပိုစတာတွေ တင်တဲ့အခါမှာ  သက်ဆိုင်ရာ စည်ပင်ကိတင်ရပါတယ်။ အဲဒါလည်း ကျနော်တို့ အချိန်နှောင်းပါတယ်။ မတင်နိုင်သေးပါဘူး”လို့ ပြောပါတယ်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းမဟာမိတ်ပါတီများအဖွဲ့ဝင် ဖက်ဒရယ်ပြည်ထောင်စု ပါတီအနေနဲ့တော့ မနက်ဖြန် ရန်ကုန်မြို့က မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ ရန်ကင်းစတဲ့ မြို့နယ်အချိုမှာ မဲဆွယ်စည်းရုံးမှုတွေ စလုပ်သွားဖို့ပြင်ဆင်နေပြီး ဖက်ဒရယ်စနစ်အကြောင်း အများပြည်သူတွေသိအောင် အဓိက ထားဟောပြောစည်းရုံးသွားမယ်လို့  ပါတီခေါင်းဆောင် ဦးစောသန်းမြင့်က ပြောပါတယ်။

ရွေးကောက်ပွဲဝင်ဖို့ ကော်မရှင်မှာ အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် တသီးပုဂ္ဂလ ၃၂၃ အပါအ၀င် နိုင်ငံရေးပါတီ ၉၂ ပါတီက အမတ်လောင်း  စုစုပေါင်း ၆၁၈၉ ထောင်ကျော်ရှိပါတယ်။

ဒီအထဲက ကိုယ်စားလှယ်လောင်း ၈၈ ဦး ရွေးကောက်ပွဲ ဥပဒေနဲ့ မကိုက်ညီလို့ ပယ်ချခံထားရပြီး အယူခံပြန်ဝင်သူတွေထဲက တချို့ကို ပြန်လည် ခွင့်ပြုထားသလို  ၅၀ ကျော်ကိုတော့ စိစစ်နေ ဆဲပဲလို့ ရွေးကောက်ပွဲကော်မရှင်က ဒီဗွီဘီကိုပြောထားပါတယ်။

နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေအနေနဲ့လည်း ပါတီမူဝါဒတွေ စည်းရုံးဟောပြောချက် တွေကို နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယို၊ လွှတ်တော်ရုပ်သံလိုင်းနဲ့ ရွှေ FM တို့ကနေတဆင့် ဒီကနေ့ ည က စတင်ပြီး ပါတီတစ်ခုကို ၁၅ မိနစ်ကြာ ထုတ်လွှင့်ဖို့ ရှိနေပါတယ်။

ဒီကနေ့ည အစိုးရရုပ်သံနဲ့ ရေဒီယိုတွေကနေ စတင်ဟောပြောမယ့် နိုင်ငံရေးပါတီ တွေကတော့ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ လားဟူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီတွေဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးခွင့် ကာလ ကို စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ  ရက်ပေါင်း ၆၀ ခွင့်ပြုထားတာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013