DVB Logo
Home
မြန်မာသတင်း
ထိပ်သီးဆွေးနွေးပွဲအကြို တိုက်ခိုက်မှုရပ်ရန် နှုတ်ဖြင့်ညွှန်ကြား
DVB
·
September 8, 2015
ထိပ်သီးဆွေးနွေးပွဲအကြို တိုက်ခိုက်မှုရပ်ရန် နှုတ်ဖြင့်ညွှန်ကြား
Donate to DVB

သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပွဲကို လေးစားသမှုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်တို့အကြား နှစ်ဖက်တိုက်ခိုက်မှုတွေ မရှိအောင် ထိန်းသိမ်းကြဖို့  နှစ်ဘက်ခေါင်းဆောင်တွေက ညွန်ကြားပါတယ်။

မနက်ဖြန် စက်တင်ဘာလ ၉ ရက်နေ့ကျရင် နိုင်ငံတ်ာအကြီးအကဲ သမ္မတ​ဦး​သိန်း​စိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီး ၅ ဖွဲ့က ထိပ်သီး ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုကို လေးစားတဲ့အနေနဲ့  နှစ်ဘက်ခါင်းဆောင်တွေက နှုတ်နဲ့ ညွန်ကြားထားတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဦးဆန်အောင်က ပြောပါတယ်။

“ဒီအခု တွေ့ဆုံမှုကို လေးစားတဲ့အနေနဲ့ အတတ်နိုင်ဆုံး ထိန်းသိမ်းကြဖို့ ကေအိုင်အိုဖက်က လည်းလည်း တရားဝင်သူကပြောထားတဲ့အတွက် အစိုးရဖက်ကလည်း ဒါကို ကေအိုင်အိုက လုပ်တော့ ဒီဖက်ကလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်မယ်ဆိုတဲ့ အနေအထားမျိုးပေါ့။”

ကေအိုင်အိုအဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့် တပ်အသွင်ကူးပြောင်းရေးကို လက်မခံတာကြောင့် တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပါတယ်။

သမ္မဦးသိန်းစိန်အစိုးရလက်ထက် ကြိုးပမ်းတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်မှာ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူ ပါဝင်ခဲ့သလို တဖက်ကလည်း  တိုက်ပွဲတွေ ဖြစ်နေတာပါ။ သြဂုတ်လ ၂၉ ရက်နေ့က  ဆွမ်ပရာဘွမ်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

ဒီလဆန်းပိုင်းမှာ တွေ့ဆုံဖို့စီစဉ်ထားတဲ့ ကေအိုင်အေနဲ့ အစိုးရတပ် ပူးတွဲပဋိပက္ခညှိနှိုင်းရေး အဖွဲ့ကလည်း  ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကြောင့် အစီအစဉ်ကို ဆိုင်းငံ့ထားပြီး  ခေါင်းဆောင်တွေ တွေ့ဆုံပြီးမှ လိုအပ်ရင် ကျင်းပမယ်လို့ ဦးဆန်အောင်က ပြောပါတယ်။

တမြန်နေ့ကတည်းက ရန်ကုန်ကိုရောက်ရှိကြတဲ့ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေဟာ ဒီကနေ့မှာတော့ နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းကို တွေ့ဆုံပြီး ကြိုတင်ပြင်ဆင်ကြမှာဖြစ်ပါတယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေက တပြည်လုံးအပစ်ရပ်စာချုပ်မှာ အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးကို လိုလားပြီး အစိုးရဘက်ကတော့ ၆ ဖွဲ့ကို လက်မခံဘဲ ဒီအထဲမှာ ကိုးကန့်တပ်ဖွဲ့ကို တူးတူးခါးခါး ငြင်းဆန်နေတာပါ။

မနက်ဖြန်ကျရင်တော့ သမ္မတနဲ့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေဟာ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးမယ့် အဖွဲ့အရေအတွက် ကိစ္စတခုကို အပြီးသတ် ညှိနှိုင်းဆုံးဖြတ် ကြဖွယ်ရှိပါတယ်။ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေနဲ့အတူ အဆင့်မြင့် ကိုယ်စားလှယ် ၃ ဦးနဲ့ အန်စီစီတီက ပုဂ္ဂိုလ်တဦးလည်း လိုက်ပါသွားပါတယ်။

ဒီထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမှုဟာ မြန်မာ့ပြည်တွင်းစစ်သမိုင်းမှာ အဆင့်မြင့်ဆုံး ခေါင်းဆောင်တွေ တွေ့ဆုံပွဲဖြစ်ပြီး အကောင်းဆုံး ရလဒ်တွေ ထွက်ရှိဖို့ အများပြည်သူတွေက မျော်လင့်နေကြပါတယ်။

ကနဦးပိုင်းတုန်းက တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ သတင်းထွက်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဖိတ်ကြားချက်အရ  အစ္စရေးနိုင်ငံကို မြန်မာ့တပ်မတော် ကြည်း၊ ရေ၊ လေ ထိပ်တန်းအရာရှိကြီးတွေနဲ့အတူ ရောက်ရှိနေပြီး အစ္စရေးသမ္မတနဲ့လည်း တွေ့ဆုံကြမှာ ဖြစ်တယ်လို့  အစ္စရေးသံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013