DVB Logo
Home
Lead Story
အနီးအဝေး ငြိမ်းချမ်းရေး
DVB
·
September 8, 2015
အနီးအဝေး ငြိမ်းချမ်းရေး
Donate to DVB

သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့ကာလတွင် လှုပ်ရှားမှု အရှိဆုံးနှင့် အထူးခြားဆုံးမှာ တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း ဖြစ်ပါသည်။ ယခင်စစ်အစိုးရ ကာလကမူ ငြိမ်းအဖွဲ့များဟုဆိုကာ ခေါင်းဆောင်ပိုင်းကို အခွင့်အရေးများပေး၊ လက်နက်ကိုင်ခွင့်ပေးကာ သူတို့ကို မတိုက်လျှင် ပြီးရော သဘောဖြင့် တောင်မရောက် မြောက်မရောက် ဖြစ်ခဲ့ရပါသည်။ ငြိမ်းအဖွဲ့များ၏ ခေါင်းဆောင်များမှာ မြို့ပေါ်တွင် တိုက်နှင့်ကားနှင့် စက်ရုံများ၊ လုပ်ငန်းများထောင်ကာ ကြီးပွားနေသလောက် အောက်ခြေတပ်သားများမှာမူ ယခင်အတိုင်း ဘာအကျိုးမှ မခံစားရဘဲ နေခဲ့ကြရပါသည်။ ယခုအစိုးရအဖွဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်မှုမှာ ယခု ၂ နှစ် ကြာလာသည်အထိ စနစ်တကျ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်၏။ ထိုဆွေးနွေးကြသည်ကပင် ကောင်းသောလက္ခဏာကို ဆောင်၏။ သေနတ်ဖြင့် ဖြေရှင်းသည်ထက် ၂ ဘက်သဘောထားများ တင်ပြကာ ဆွေးနွေးကြသည်က ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အမှန်တကယ် လျှောက်ခြင်းဖြစ်ပါသည်။ သို့သော် အပစ်အခတ် မရပ်စဲခင်၊ နိုင်ငံရေးဆွေးနွေးပွဲများ မလုပ်ခင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား ယုံကြည်မှု မတည်ဆောက်နိုင်ခြင်းမှာ အားနည်းချက် ဖြစ်လေသည်။ တဘက်က စားပွဲဝိုင်းတွင် တွေ့ဆုံနေသော်လည်း တဘက်က မိမိတို့ နယ်မြေကို ကျူးကျော်လာလျှင် ပစ်ကြသည်။ အမြောက်ဖြင့် ပစ်ကြသည်။ တဘက်နှင့်တဘက် စိတ်မချ၊ ယုံကြည်မှုနည်းနေသောကြောင့် အပစ်အခတ် ရပ်စဲရေးမှာ အပြောသာရှိပြီး လက်တွေ့ ဘာမှမလုပ်နိုင်ကြပေ။ စားပွဲဝိုင်းတွင် ငြိမ်းချမ်းရေးစကား ပြောနေသလို စစ်မြေပြင်တွင် အသေအကျေ တိုက်ပွဲဝင်နေခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟု ပြောဖို့ခက်နေပါတော့သည်။

သို့သော် သမ္မတဦးသိန်းစိန်နှင့် သူ့အစိုးရအဖွဲ့မှာမူ စိတ်ရှည်လက်ရှည်ဖြင့် ပထမဆုံး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဦးတည်ဆွေးနွေးလျက် ရှိသည်မှာ မည်သူမှ ငြင်းကွယ်၍မရပေ။ ထိုသည်မှာ ကောင်းသောအရာ ဖြစ်ပါသည်။ စင်စစ်အားဖြင့် စားပွဲဝိုင်းတွင် တွေ့ဆုံနေစဉ် ကာလအတွင်း ၂ ဘက် အပစ်အခတ် လုံးဝရပ်စဲထားဖို့လို၏။ ထိုသည်မှာလည်း ၂ ဘက် ယုံကြည်မှုရှိဖို့ လိုလေသည်။ အစောကတည်းက ယုံကြည်မှု တည်ဆောက်ထားခဲ့လျှင် ၂ ဘက်တိုက်ပွဲများ ရှိလာမည် မထင်ပေ။ ထို့ပြင် ငြိမ်းချမ်းရေးကို အလောသုံးဆယ်လုပ်လိုသော အစိုးရနှင့် စစ်တပ်ကြား သဘောထားကွဲလွဲ၍လား၊ နားလည်မှုမရှိ၍လား သို့မဟုတ် သမ္မတ၏ သြဇာသည် စစ်တပ်အပေါ် လွှမ်းမိုးမှုမရှိ၍လား မသိပေ။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြားတွင် တိုက်နေသော အဖွဲ့နှင့် ဆွေးနွေးနေသော ခေါင်းဆောင်များကြား ဆက်နွယ်မှု နားလည်မှု မရှိ၍လည်း ဖြစ်နိုင်လေသည်။

မည်သို့ပင်ဖြစ်စေ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းခဲ့မှုမှာ အတော်ပင် အကောင်အထည် ပေါ်လာပြီဟု ဆိုရပေမည်။ လက်နက်ကိုင်အဖွဲ့အချင်းချင်း သဘောထားတခုချ၊ အစိုးရနှင့် သဘောထားချင်းညှိ၊ မတူသည်ကို ဆက်ဆွေးနွေးနှင့် ထိုင်းနိုင်ငံထိပင် သွားရောက်ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ ရွှေလီအထိပင် သွားဆွေးနွေးခဲ့ကြလေသည်။ ၂ ဘက်စလုံး အထူးသဖြင့် အစိုးရဘက်မှ ယခင် စစ်အစိုးရကာလကလို စိတ်မရှည် သည်းမခံခြင်းမလုပ်ဘဲ စိတ်ရှည်ရှည်ဖြင့် ဆွေးနွေးနေသည်မှာလည်း အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားသည်ဆိုသော လက္ခဏာကို ပြသလိုက်ခြင်းဖြစ်သည်။ ယခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် မဖြစ်မနေ အပစ်အခတ်ရပ်စဲရေးစာချုပ် အန်စီအေ ရေးထိုးဖို့ အတော်လေး နီးစပ်လာပြီဟု ဆိုရမည်။ သို့သော် နောက်ဆုံးအဖုအထစ်ဖြစ်နေသော ကိစ္စမှာ ယူအန်အက်ဖ်စီ ခေါ် တိုင်းရင်းသား မဟာမိတ်အဖွဲ့အားလုံး လက်မှတ်ရေးထိုးရေးဖြစ်သည်။ အားလုံးသဘောတူမှ အန်စီအေကို လက်မှတ်ရေးထိုးမည်ဟု ဆိုခဲ့သော်လည်း ကြာလာသောအခါ တဖွဲ့ချင်းထိုးမည်ဟု ဆိုသည်။ ဥပမာ- ကေအန်ယူလိုအဖွဲ့ဖြစ်၏။ ကေအိုင်အေကမူ အားလုံးလက်မှတ်ရေးထိုးမည်ဟု ဆိုသည်။ လက်နက်ကိုင်အဖွဲ့တို့၏ ထိပ်သီးများနှင့် အစိုးရဘက်မှ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံကာ လက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ အစိုးရက ယခင် သဘောတူထားသော ၁၅ ဖွဲ့နှင့်သာ လက်မှတ်ရေးထိုးမည်။ ယခု တိုက်ခိုက်နေသော အဖွဲ့များနှင့် လက်မှတ်မထိုးဟု ဆို၏။ ကိုးကန့်တပ်ဖွဲ့၊ တအာင်းတပ်၊ အေအေခေါ် ရက္ခိုင်တပ်တို့နှင့် မထိုးနိုင်ဟု ကြေညာသွားပြန်သည်။ ထို့အတူ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံရာတွင် ထို ၃ ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မလုပ်နိုင်၊ ထို ၃ ဖွဲ့စလုံး လက်နက်စွန့်မှသာလျှင် အပစ်အခတ်ရပ်စဲခြင်း၊ လက်မှတ်ရေးထိုးမည်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်နိုင်မည်ဟု ဆိုပါသည်။ ဆိုလိုသည်မှာ ထို ၃  ဖွဲ့ လက်နက်ချရမည်။ ထိုမှသာလျှင် ငြိမ်းချမ်းရေးစကားပြော၍ ရမည်ဆိုသည့် သဘောပင်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မျက်နှာချင်းဆိုင် ထိုင်ကြကတည်းက ထိုအဖွဲ့အသီးသီးတွင် လက်နက်များ ရှိကြပါသည်။ ကေအိုင်အေဆိုလျှင် စစ်တပ်က လေတပ်အကူအညီပင်ယူ၍ တိုက်ခိုက်ရသော အဖွဲ့ဖြစ်သည်။ ဒုက္ခသည်များမှာ တရုတ်ပြည်ဘက်ပြေးကာ ဒုက္ခသည်များအဖြစ် ရှောင်တိမ်း နေထိုင်နေကြရသည်။ ယခုအထိလည်း လက်နက်ကိုင်စွဲထားတုန်းပင်။ သို့သော် သူတို့ကို လက်နက်စွန့်မှဟု ရာဇသံ မပေးခဲ့ပေ။ ထို ၃ ဖွဲ့မှာ ယခုမှ ထတိုက်သော လက်နက်ကိုင် အဖွဲ့သစ်များ ဖြစ်နေ၍လားမသိပေ။ ကိုးကန့်နှင့် ဖြစ်ပွားလာရသည်မှာ ဘာမှမကြာသေးပေ။ အမှတ်မထင် တပ်မတော်ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် တပ်မတော်မှ အတော်များများ ကျသွား၏။ လေတပ်ကိုသုံးကာ တိုက်ခိုက်ခဲ့ခြင်းကြောင့်လည်း တဘက် တရုတ်နိုင်ငံနှင့် ပြဿ   နာ ဖြစ်ခဲ့ရသည်။ တပ်မတော်ဘက်မှ ကြည့်လျှင်လည်း နာစရာဖြစ်၏။ သို့သော် ထို ၃ ဖွဲ့ကိုသာ လက်နက်စွန့်ခိုင်းပြီး ကျန်အဖွဲ့များကို မစွန့်ခိုင်းသည်မှာ လက်နက်ကိုင်သူပုန်အဖွဲ့သစ်များနှင့် အဖွဲ့ဟောင်းများဟု ခွဲခြားလေသလားမသိပေ။ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ကြည့်လျှင်လည်း ထိုသို့ခွဲခြားသည်မှာ သဘာဝမကျဟု ထင်ကြလေသည်။ ကာကွယ်ရေးဦးစီးချုပ်က မည်သည့်သတ်မှတ်ချက်၊ မည်သည့်သဘောထားနှင့် ပြောလိုက်သည်ကို ရှင်းရှင်းလင်းလင်း မသိကြပေ။

မည်သို့ပင်ဖြစ်စေ မကြာခင် လက်နက်ကိုင်အဖွဲ့များဘက်မှ ခေါင်းဆောင်များ၊ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံကာ လက်မှတ်ရေးထိုးကြပေတော့မည်။ လုံးဝလက်မှတ်မထိုးဘဲ ပျက်သွားစရာတော့ မရှိပေ။ တစိတ်တပိုင်း လက်မှတ်ရေးထိုးခြင်းနှင့် တဖွဲ့ချင်း လက်မှတ်ရေးထိုးခြင်းသာ ကွာပေလိမ့်မည်။ အဖွဲ့ ၃ ဖွဲ့နှင့် ပတ်သက်၍ကား ဘယ်လောက်လိုက်လျောပြီး ဘယ်လောက်တင်းမာမည်ကိုကား မပြောတတ်ပေ။ ထိုကာလ လွန်မြောက်ပြီးနောက် လအနည်းငယ်အကြာတွင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ကြပေမည်။ ထိုသည်မှာ နှစ်နှင့်ချီကာ ကြာနိုင်၏။ တပ်မတော်က တင်ပြထားသော ငြိမ်းချမ်းရေးမူ ၆ ချက်မှာ ပြဿ နာ ဖြစ်လာနိုင်သည်။ တည်ဆဲဥပဒေနာခံရေးနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံ လက်ခံရေးတို့မှာ တိုင်းရင်းသားတို့ ဘယ်လိုမှ လက်ခံနိုင်မည် မဟုတ်ပေ။ ထို့ပြင် ဖက်ဒရယ်တပ်မတော် တည်ထောင်ရေးမှာလည်း စစ်တပ်နှင့် တိုင်းရင်းသားများ ရေရှည်ဆွေးနွေးရပေမည်။ နယ်မြေပြဿ  နာ၊ လက်နက်အပ်ရေး ပြဿ နာတို့မှာလည်း ကြားဝင်ကာ တာဝန်ခံမည့်သူရှိမှ အဆင်ပြေပေလိမ့်မည်။ နီပေါတွင် လက်နက်အပ်ရေးမှာ ပြဿ  နာ ဖြစ်ခဲ့၏။ နောက်ဆုံး ကုလသမဂ္ဂက ကြားဝင်၊ မော်ဝါဒီများက လက်နက်အပ်သည်။ မော်ဝါဒီများကို တပ်မတော်ထဲ ဝင်ခွင့်ပေးကာ မော်ဝါဒီများ၏ ပါတီမှာလည်း နိုင်ငံရေးလောကထဲ ရောက်ရှိခဲ့သည်။ ထိုပြဿ    နာမှာ သဘောထားကြီးကြီးထားမှသာလျှင် ဖြစ်မည်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်များက ယုံကြည်မှု နည်းနေခြင်းဖြစ်သည်။ ထိုသို့နည်းရခြင်းမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ မပြင်ခြင်းက အဓိကကျ၏။ ထို့ကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံ မပြင်သရွေ့ ငြိမ်းချမ်းရေးမှာ လိုက်လေဝေးလေ ဖြစ်နေပေဦးမည်။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013