DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ထိပ်သီးခေါင်းဆောင်များ ရန်ကုန်ရောက်
DVB
·
September 7, 2015
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ထိပ်သီးခေါင်းဆောင်များ ရန်ကုန်ရောက်
1 / 4
Donate to DVB

တပြည်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ထဲက လက်ကျန်တချက်ကို နိုင်ငံတော် အကြီးအကဲ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး လုံးဝအပြီးသတ်ညှိနှိုင်းဆွေးနွေးကြမယ့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင် ၅ ဦးဟာ ရန်ကုန်မြို့ကို ရောက်ရှိပါတယ်။

ဒီခရီးစဉ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က အဆင့်မြင့်ဆုံး ညှိနှိုင်းရေးအဖွဲ့အဆင့်ဖြစ်ပြီး နိုင်ငံတော်ဘက်ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ သမ္မတနဲ့ တွေ့ဆုံကြမယ့်အစီအစဉ်ဖြစ်တာကြောင့် ဒီခရီးစဉ် အောင်မြင်ရင် အောင်မြင်သလောက် အန်စီအေစာချုပ် လက်မှတ်ရေးထိုးရေးကိစ္စ နီးစပ်မှာ ဖြစ်ပါတယ်။

ထိပ်သီးခေါင်းဆောင် ၅ ဦးဟာ ရန်ကုန်လေဆိပ်၊ နယ်စပ်စတဲ့ လမ်းကြောင်းအသီးသီးကနေ ရန်ကုန်မြို့ကို စက်တင်ဘာ ၆ ရက်နေ့က ရောက်ရှိခဲ့ကြတာပါ။ ဒီထိပ်သီး ၅ ဦးနဲ့အတူ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင် ၃ ဦးနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့ဝင် ၁ ဦးတို့လည်းပါရှိပါတယ်။

တိုင်းရင်းသားထိပ်သီးငါးဦးကတော့ ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး၊ ကေအိုင်အို ဒုတိယဥက္ကဌ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ အက်စ်အက်စ်ပီပီနာယက ဗိုလ်ချုပ်ကြီးဆေထင်၊ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ခူးရ်အေဘယ်တွိတို့ ဖြစ်ပါတယ်။

အဆင့်မြင့်ကိုယ်စားလှယ်တွေကတော့ နော်စီဖိုးရာစိန်၊ ဒေါက်တာလားဂျာနဲ့ ပူးဇင်ကျုံး တို့ဖြစ်ပြီး အန်စီစီတီ ခေါင်းဆောင် (၂) ပဒိုစောကွယ်ထူးဝင်းလည်း ပါဝင်ပါတယ်။

ဒီတိုင်းရင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ ရန်ကုန်မှာ တွေ့သင့်တွေ့ထိုက်သူတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ မနက်ဖန်မနက်မှာတော့ အစိုးရ ဘက်က အစီအစဉ်နဲ့ နေပြည်တော်ကို သွားရောက်ကြမှာဖြစ်ပြီး ဦးအောင်မင်းနဲ့ ညှိနှိုင်းကြမှာဖြစ်တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောပါတယ်။

မနက်ဖန် နေလည်မှာတော့ နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းကို တွေ့ဆုံပြီး အကြိုညှိနှိုင်းကြဖွယ်ရှိတယ်လို့ သူက ပြောပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေဟာ သမ္မတနဲ့ တွေ့ဆုံဖို့ သေချာပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၅ ရက်နေ့ကတည်းက အစ္စရေးနိုင်ငံကို ခရီးထွက်နေတာမို့ တွေ့၊ မတွေ့ မသေချာပါဘူး။

ဦးလှမောင်ရွှေက “ကျနော်တို့သိတာကတော့ ၉ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတနဲ့ တွေ့တာကတော့ confirm (သေချာတယ်) ရှိပါတယ်။ ကျန်တဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တာ ကတော့ ခရီးသွားတဲ့အချိန်တို့ ကျန်တဲ့ဟာတွေကတော့ သမ္မတရုံးကပဲ စီစဉ်မှာ ဖြစ်တယ်ဗျ” လို့ ပြောပါတယ်။

ဒီနေ့လည်မှာ ၀န်ကြီးဦးအောင်မင်းက တွေ့ဆုံကြမယ့်အစီအစဉ်အားလုံးကို တိုင်းရင်းသားတွေကို ရှင်းပြမယ်လို့ ဆိုပါတယ်။

နှစ်ဘက်ကိုယ်စားလှယ်တွေ လပေါင်းများစွာ ညှိနှိုင်းခဲ့ကြပြီးနောက် ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားမှာ ပါဝင်လက်မှတ်ထိုးမယ့် တိုင်းရင်းသားအဖွဲ့ အရေအတွက်က လွဲလို့ အန်စီအေစာချုပ်ပါအချက်တွေ အကုန်လုံးကို သဘောတူခဲ့ကြပါတယ်။ ဒီခရီးစဉ်မှာ ကျန်ရှိအချက်ကို တွေ့ဆုံညှိနှိုင်းကြမှာပါ။

သြဂုတ်လနှောင်းပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာကျင်းပတဲ့ တိုင်းရင်းသားထိပ်သီးအစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင် ကြီး ၅ ကြီးအဖွဲ့ကို တွေ့ဆုံညှိနှိုင်းဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ နီးပါး ကာလမှာ တိုင်းပြည်ချွတ်ခြုံကျခဲ့ရပြီး လက်ရှိမှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013