DVB Logo
Home
Lead Story
ဘန်ကောက် ဗုံးပေါက် ဗုံးခွဲ ဘယ်သူတွေလဲ၊ ဘာတွေဖြစ်လာဦးမလဲ (၂)
DVB
·
September 7, 2015
ဘန်ကောက် ဗုံးပေါက် ဗုံးခွဲ ဘယ်သူတွေလဲ၊ ဘာတွေဖြစ်လာဦးမလဲ (၂)
Donate to DVB

ပြီးခဲ့တဲ့နှစ်ပတ်က ကျနော့ရေးသားတင်ပြခဲ့တဲ့ ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ် ဘုရားကျောင်းဗုံး ဖောက်ခွဲမှုနဲ့ ပတ်သက်တဲ့ဆောင်းပါးကို “ဘန်ကောက် ဗုံးပေါက် ဗုံးခွဲ ဘယ်သူတွေလဲ၊ဘာတွေဖြစ် လာအုံးမလဲ” ဆိုတဲ့ ခေါင်းစဉ်တပ်ပေးခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ အဲဒီ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး လက်သည်တရားခံ ကို ဖမ်းဆီးရမိရေး ထိုင်းပုလိပ်အဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ပတ်သက်ပြီး နောက်ထပ်သိလာရတဲ့ သတင်းအချက်အလက်တွေနဲ့ ဖြစ်တန်ရာခြေရှိတဲ့ သုံးသပ်ကောက်ချက်ဆွဲမှုတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

ခုချိန်ထိကတော့ ဘယ်သူလဲ ဘယ်အဖွဲ့ကလဲ လို့ထိုင်းအာဏာပိုင်တွေက တိတိကျကျ စွတ်စွဲ တရားစွဲဆိုတာမျိုး မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် လုံခြုံရေးကင်မရာက တွေ့ခဲ့ရတဲ့ ဗုံးပါတဲ့ ကျောပိုးအိပ်ကို ဘုရားကျောင်းမှာ ချထားခဲ့တဲ့သူဖြစ်တဲ့ တီရှပ်အ၀ါရောင်ဝတ်လူငယ်ကိုတော့ သြဂုတ်လ ၂၆ ရက်နေ့ စနေနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ဘန်ကောက်မြို့ နောန် ချုပ် ဒိစထရိတ် က တိုက်ခန်းတခုမှာ ဖမ်းဆီးရမိလိုက်ပါတယ်။ အခန်းထဲမှာ ရှာဖွေတွေ့ရှိခဲ့ရတဲ့ ပစ္စည်းတွေ ထဲမှာ ဧရာဝန် ဘုရားကျောင်းနဲ့ဆထုံ ကုတို့ဆိပ် မှာ ဖောက်ခွဲခဲ့တဲ့ ဗုံးအမျိုးအစားနဲ့တူညီတဲ့ အချင်း ၀.၅ ရှိတဲ့ ဘောလ်ဘဲရင်းတွေ ပါပါဝင်ခဲ့ပါတယ်။ အဲဒီလို သံသယ ရှိသူကို ဖမ်းမိနိုင်ခဲ့တာက သူ့ကို တနေရာက တနေရာကို ပို့ဆောင်ပေးခဲ့ရတဲ့ အငှားကား မောင်းသူရဲ့ပူးပေါင်းကူညီမှုကြောင့်ပါပဲ။ သူက သံသယရှိသူကို ရာမ၄ လမ်းပေါ်မှာရှိတဲ့ ချန်းအိစရာတာဝါ ရှေ့က တင်ခေါ်ပြီး ဖဒန်းခရမ်းခါဆမ် တူးမြောင်းတနေရာမှာ ချပေးခဲ့ရတယ်ဆိုတာကို သတိရသလို သူဟာနိုင်ငံခြား ကမ္ဘာလှည့် ခရီးသည် တယောက်နဲ့တူပြီး ကားပေါ်တက်ခါနီးမှာ နိုင်ငံခြားသားလေသံနဲ့ ‘ဟွာလန်ဖုန်’ ‘ဟွာလန်ဖုန်’ လို့ ပြောနေသံကိုသာ ကြားလိုက်ရပြီး ကားပေါ်မှာဘာစကားမှ မပြောခဲ့ဘဲ သူဟာ တယောက်ယောက်နဲ့ အက်စ်အမ်အက်စ် ရိုက် စကားပြောနေပုံရတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် သူက အဲဒီသူကားပေါ်မှာ စီးလိုက်လာတုန်းက သူ့အိတ်ဟာ ဘယ်လိုမျိုးဆိုတာကို အမှတ်မရပေမယ့် အဲဒီသူ ဘုရားကျောင်းထဲမှာလွယ်ထားတဲ့ အိတ်နဲ့ မတူတာကိုတော့ သူ အမှတ်ရတယ်လို့ ပုလိပ်အဖွဲ့ကို ပြောပြခဲ့ပါတယ်။ အငှားယာဉ်မောင်းရဲ့ ပြောပြချက်နဲ့ ကိုက်ညီလာတာက သံသယရှိသူဟာ အဲဒီနေ့က ဟွာလန်ဖုန် ဘူတာရှေ့ကနေ ရချာပရာဆွန် လမ်းဆုံနားက ဂရင်းဟရတ် ဧရာဝဏ်ဟိုတယ်အထိ တုတ်တုတ်တစီးကိုငှားစီးခဲ့တယ် ဆိုတာကို တုတ်တုတ်မောင်းသူက ထွက်ဆိုထားခဲ့တာ ရှိခဲ့တဲ့အတွက် သံသယရှိသူဟာ ဟွာလန်ဖုန် နားမှာတခြားလူ တယောက်နဲ့ အိပ်ချင်းလဲခဲ့တာ ရှင်းပါတယ်လို့ သတင်းရင်းမြစ်တခုက ကောက်ချက်ချခဲ့ပါတယ်။ အဲဒီ နောန် ချုပ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သံသယရှိသူဆီကနေ တူရကီပတ်စ်ပို့စ် အတုတွေလည်း သိမ်းဆည်းရမိခဲ့ပေမယ့် တူရကီသံရုံးက စိစစ်ပြီး အဲဒီသူဟာ တူရကီနိုင်ငံသားတယောက် မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ထိုင်း ပုလိပ်အဖွဲ့ကလည်း အဲဒီဖမ်းဆီးရမသူဟာ ဘုရားကျောင်းကို ဗုံးဖောက်ခွဲခဲ့တဲ့ သူဆိုတာ အတိအကျပြောလို့ မရသေးပဲ စစ်ဆေးမှုတွေကို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ လက်သည်တရားခံကို ရှာဖွေရာမှာ ဘာမှ ရေရေရာရာ တိုးတက်မှု ရှိမလာသေးတဲ့အတွက် သတင်းမီဒီယာ တချို့မှာ ထိုင်းပုလိပ်အဖွဲ့ရဲ့ အရည်အသွေး စွမ်းဆောင်ရည်လိုအပ်ချက် အားနည်းနေလို့ပဲဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်လာခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းလုံခြုံရေး တပ်ဖွဲ့က ကမ္ဘောဒီးယား နယ်စပ်ဒေသမှာ စစ်ဆေးရေး ဂိတ်တချို့ ချထားပြီး မကြာခင်မှာပဲ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆခွီခရိုင် ဘန်းပရိုင်မှာ ဗုံးခွဲမှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ ဒုတိယတယောက်ကို ဖမ်းဆီးမိခဲ့ပါတယ်။ ထိုင်းအာဏာသိမ်းဝန်ကြီးချုပ် ပရာယု ချန်အိုချာကတော့ အဲဒီသူဟာ ဧရာဝဏ်ဘုရားကျောင်း စီစီတီဗီကင်မရာထဲမှာ ဗုံးပါတဲ့ ကျောပိုးအိပ်ကို ချထားခဲ့တဲ့သူလို့ ယုံကြည်ရတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူက “လက်ဗွေရာတွေနဲ့ တခြားသက်သေပြစရာတွေ လိုပါသေးတယ်။ ဗုံးထောင်တဲ့သူ၊ ကြိုးကိုင်တဲ့သူနဲ့ တခြားသူတွေကို ကျနော်တို့ ရှာနေပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ပထမ သံသယ ရှိသူတယောာက်ကို ဖမ်းမိလိုက်အပြီးမှာ ဒီကိစ္စကွန်ယက်ထဲက နောက်ထပ်သံသယ ရှိစရာလူတွေ ဖမ်းမိမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ခုဖမ်းမိထားတဲ့သူတွေကတော့ ထိုင်းနိုင်ငံ နဲ့တရုတ်နိုင်ငံသားတွေ မဟုတ်ပါဘူး။ ကျနော်တို့ သူတို့ ဘယ်နိုင်ငံသားတွေဆိုတာ အတည်ပြုဖို့လိုအပ်နေပါသေးတယ်။” လို့ပြောဆိုခဲ့ပါတယ်။ ထိုင်းပုလိပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပုလိပ်ဗိုလ်ချုပ်ကြီး ပရာဝုကတော့ ဆခွီမှာ ဖမ်းမိတဲ့သူဟာ ဧရာဝဏ်ဘုရားကျောင်းကို ဗုံးထောင်တဲ့သူလို့ အတည်ပြုပြောကြားဖို့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသံသယ ရှိသူဟာ ပုလိပ်အဖွဲ့က ပုံကြမ်းဖော်ရေးဆွဲထားသူနဲ့ တထေရာတည်းနီးပါး တူနေတယ်လို့ ပြောသွားပါတယ်။

သူက “ညနေ ၄ နာရီ လောက်ကမှ အဲဒီသူကို မေးမြန်းစစ်ဆေးဖို့ဘန်ကောက်ကို ဖမ်းဆီးခေါ်ဆောင် သွားတာဆိုတော့ ခုနေမှာ တခုခုပြောဖို့ စောလွန်းပါသေးတယ်”လို့ ပြောဆိုခဲ့ ပါတယ်။ အဲဒီ ဒုတိယ သံသယရှိသူကိုလည်း စစ်တပ်က စစ်ဆေးနေပြီး သူဘယ်သူဆိုတာ ပြောနိုင်မယ့် သက်သေတွေရှာရဦးမှာ ဖြစ်ပါတယ်။ လောလောဆယ်မှတော့ သူ့ကို ထိုင်းနိုင်ငံထဲကို ခွင့်ပြုချက်မပါဘဲ ၀င်ရောက်ခဲ့မှုနဲ့ တရားစွဲထားပါတယ်။ ဘူရဖာ အထူးတပ်ဖွဲ့ တပ်မှူးဗိုလ်မှူးချုပ် ဆရီဆတ်ပွန်ပရာဆစ်က တော့အဲဒီဒုတိယ သံသယရှိသူကို ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ကနေ မီတာ ၅၀၀ အကွာ မှာ ပုံမှန်မဟုတ်တဲ့ လမ်းကနေ ခရီးသွားနေတုန်း ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ သူက လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည် နဲ့နေကာမျက်မှန်နက်တပ်ထားပြီး ကျောပိုးအိပ်တအိပ် လွယ်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မင်ဘူရီ ခရိုင်တရားရုံးက ပုလိပ်အဖွဲ့ရဲ့ ပုံကြမ်းတွေပေါ်မှာ အခြေခံပြီး နောက်ထပ် တူရကီလူမျိုးတွေဖြစ်တဲ့ အလီဂျိုရန်း၊ အာမက် လဘိုဆွန်ဂလန်နဲ့ အမည်မသိ တယောက်ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ဒုတိယသံသယရှိသူရဲ့ ထွက်ဆိုချက်အရ ဆခွီခရိုင် လူဝင်မှုကြီးကြပ်ရေး ပုလိပ်အဖွဲ့ရဲ့ တပ်ဖွဲ့မှူးပုလိပ်ဗိုလ်မှူးကြီး ပိုင်ရက် ဖတ်ချရွန် အပါအ၀င် အကြီးတန်းအရာရှိ ၆ ယောက်ကို ချက်ချင်းနေရာပြောင်းရွှေ့ ပစ်လိုက်ပါတယ်။ ဆက်ပြီး စုံစမ်းအရေးယူတာကိုလည်း သူတို့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

သူတို့လိုပဲ နောန် ချုပ် နဲ့မင်ဘူရီ ပုလိပ်တပ်ဖွဲ့စခန်းတွေက ပုလိပ်တပ်ဖွဲ့မှူးတွေ အပါအ၀င် အရာရှိ ၁၆ ယောက်ကိုလည်း တာဝန် ပျက်ကွက်မှု နဲ့နေရာပြောင်းရွှေ့လိုက်ပြီးဖြစ်ပါတယ်။ ခုချိန်ထိ ဘန်ကောက် ဧရာဝန် ဘုရားကျောင်းဗုံးဖောက်ခွဲမှု နဲ့ပတ်သက်ပြီး သံသယ ရှိသူ ၈ ယောက်ကို ဖမ်းဝရမ်း ထုတ်ထားခဲ့ပြီးဖြစ်ပါတယ်။

ပထမ လူကတော့ ဘုရားကျောင်း မှာဗုံးပါတဲ့ ကျောပိုးအိပ်ကို ချထားခဲ့သူလို့ စီစီတီဗီကင်မရာမှာ တွေ့ရတဲ့ အ၀ါရောင်တီရှပ်ဝတ်ပါ။ သူ့ကို သြဂုတ်လ ၁၉ ရက်က ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ ဒုတိယ လူကတော့ ဆထုန်ကူတို့ဆိပ်ကနေ ဗုံးပစ်သူလို့ သံသယရှိသူ အပြာရောင်တီရှပ်ဝတ်ပါ။ သူ့ကိုတော့ သြဂုတ်လ ၂၇ ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ တတိယနဲ့ စတုတ္ထ လူတွေကတော့ ထိုင်းအမျိုးသမီး ၀ဏ္ဏ ဆွမ်ဆန်နဲ့ ပုလိပ်အဖွဲ့ရဲ့ ပုံကြမ်းအရ တခြားနိုင်ငံခြားသားတယောက် ဖြစ်ပါတယ်။

ပဉ္စမ၊ ဆဌမနဲ့သတ္တမ လူတွေကတော့ တူရကီလူမျိုး အလီဂျိုရန်း၊ အာမက် လဘိုဆွန်ဂလန်နဲ့ အမည်မသိ တယောက် ပါ။သူတို့ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

အဌမမြောက် လူကတော့ တူရကီ လူမျိုး အမ်ရာ ဒါဗူလော့လူ ဖြစ်ပြီး သူကတော့ ထိုင်းအမျိုးသမီး ၀ဏ္ဏ ဆွမ်ဆန် ရဲ့ယောင်္ကျား ဖြစ်ပြီး သူ့ကို ဗုဒ္ဓဟူးနေ့က ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီသံသယ ရှိသူ ၈ ယောက်ထဲမှာ ခုချိန်ထိ ပထမ သံသယ ရှိသူ အဒမ်ခရာဒက် နဲ့ကမ္ဘောဒီးယား နယ်စပ်မှာ ဖမ်းမိတဲ့ နိုင်ငံခြားသား ဖြစ်သူ ၂ ယောက်ကို ဖမ်းမိထားပြီးစစ်တပ်က စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ခုချိန်ထိတော့ ထိုင်းပုလိပ်အဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဘယ်အဖွဲ့က ဘယ်သူတွေလို့ အတိအကျဖော်ထုတ် အခိုင်အမာသက်သေပြနိုင်တာ မရှိသေးပါဘူး။ စုံစမ်းစစ်ဆေးဆဲ အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ကျနော့ရဲ့ ဧရာဝဏ် ဘုရားကျောင်း ဗုံးဖောက်ခွဲမှု ပထမ ဆောာင်းပါးမှာ တင်ပြထားတဲ့ ဗုံးဖောက်ခွဲမှုနဲ့ပတ်သက်တဲ့ စဉ်းစားယူဆ ပုံ ၆ မျိုးကိုအမှတ်ရ ကြမယ်ဆိုရင်တော့ ခုချိန်မှာ ပြည်တွင်းအကြောင်း တရားထက် ပြည်ပအကြောင်းတရားကြောင့်ဆိုတဲ့ ယူဆချက်ဘက်ကို အလေးသာနေတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ တရုတ်နိုင်ငံက အစ္စလမ်ဘာသာဝင် လူနည်းစုဖြစ်တဲ့ ၀ီဂါတွေနဲ့ ဆက်စပ်နေနိုင်မလားလို့လည်း စဉ်းစားစရာဖြစ်လာပါတယ်။ အဲဒီအချိန်မှာ ပြီးခဲ့တဲ့ တနင်္လာ နေ့က ထိုင်းနိုင်ငံအခြေစိုက် အိုင်အိပ်ခ်ျအက်စ် ဂျိန်း ရဲ့ လုံခြုံရေးရာလေ့လာသုံးသပ်သူ အန်ထနီ ဒေးဗစ် က တူရကီလက်ယာ ယိမ်းပြည်သူ့စစ်အုပ်စု တခုဖြစ်တဲ့ မီးခိုးရောင် ၀ံပုလွများ(Grey Wolves) အဖွဲ့က တရုတ်နိုင်ငံက ၀င်လာခဲ့တဲ့ ၀ိဂါလူမျိုး ၁၀၀ ကျော်ကို ထိုင်းအစိုးရက အတင်းအကျပ် ပြန်ပို့ခဲ့တဲ့အတွက် လက်စားခြေ တုန့်ပြန်တာလည်းဖြစ်နိုင်တယ်လို့ ပြောဆိုလာပြန်ပါတယ်။ ဒါပေမယ့် ထိုင်းပုလိပ် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပုလိပ်ဗိုလ်ချဲပ်ကြီး ပရာဝတ်ကတော့ ပုလိပ်အဖွဲ့ရဲ့ သတင်း အချက်အလက် မှတ်တမ်းတွေမှာတော့ မီးခိုးရောင်ဝံပုလွေများအဖွဲ့ဟာ ထိုင်းနိုင်ငံမှာ တခါမှ လှုပ်ရှားမှုလုပ်ခဲ့တာ မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ကမ္ဘောဒီးယား နယ်စပ်မှာဖမ်းမိတဲ့ဒုတိယ သံသယ ရှိသူရဲ့လက်ဗွေရာ နဲ့ နောန် ချုပ် တိုက်ခန်းထဲမှာ တွေ့ရတဲ့ ဗုံးလုပ်ပစ္စည်းတွေမှာ တွေ့ရတဲ့ လက်ဗွေရာတွေဟာ တူညီနေတယ်လို့ ပြောကြားခဲ့ပြီး အဲဒီသူဟာဗုံးလုပ်ပစ္စည်းတွေနဲ့တော့ တိုက်ရိုက်ပတ်သက်နေတယ်ဆိုတာကို အတည်ပြုလို့ရပြီလို့ ပရာဝတ် က ပြောကြားခဲ့ပါတယ်။ အေအက်ဖ်ပီ သတင်းဌာနရဲ့ သတင်းတခုမှာတော့ နောက်ခန့်လိုက်တဲ့ ပုလိပ်တပ်ဖွဲ့ဦးစီး ဗိုလ်ချုပ်ကြီး ချိုက်သစ် ချိုင်ရင်ဒါ က အကြီးတန်းအရာရှိ တယောက်ကတော့ ဒုတိယသံသယရှိသူဟာ စစ်ဆေးသူတွေကို စကားပြန်က တဆင့် စကားပြောခဲ့ပြီး သူက တူရကီ စကားပြောတယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တူရကီ စကား၊ ဒါမှမဟုတ် ကျယ်ပြောတဲ့ တူရကီဘာသာစကား အုပ်စုထဲက တမျိုးမျိုးပဲလား ဆိုတာတော့ ဖော်ပြပြောဆိုမှု မရှိပါဘူး။

ဖမ်းဆီးခံထားရတဲ့ ဒုတိယ သံသယရှိသူဟာ ၀ီဂါလူမျိုးလားဆိုတဲ့ မေးခွန်းကိုတော့ ချိုက်သစ်က ပတ်စ်ပို့စ်ကတော့ ၀ီဂါ ပဲ။ ဒါပေမယ့် ကျနော်တို့ အတည်ပြုချက်ယူရဦးမှာပါလို့ ဖြေကြားခဲ့ပါတယ်။

အခုချိန်ထိတော့ ထိုင်းပုလိပ်အဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အတိအကျ ဘယ်အဖွဲ့က ဘယ်သူတွေလို့ မထုတ်ပြန်သေးသလို တချို့အကြီးတန်းပုလိပ်အရာရှိတွေကလည်း ထိုင်းတချို့ လက်ချက်လည်း ဖြစ်နိုင်သေးတယ်လို့ပြောနေတာလည်းရှိပါတယ်။ မကြာမတင်မှာတော့ ကျူးလွန်သူတွေကို ဖော်ထုတ်တရားစွဲဆိုနိုင်မယ်လို့ ယူဆရပါတယ်။ ကျူးလွန်သူ စစ်စစ်ဖြစ်တယ် ဆိုတာ သေချာဖို့သာ အရေးကြီးပါတယ်။ ။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013