DVB Logo
Home
Lead Story
ရွှေအင်္ကျီ ရွှေခြုံလွှာ ရွှေဖုန်းကာဘာနဲ့ ခေတ်သစ်မြန်မာ
DVB
·
September 6, 2015
ရွှေအင်္ကျီ ရွှေခြုံလွှာ ရွှေဖုန်းကာဘာနဲ့ ခေတ်သစ်မြန်မာ
1 / 2
Donate to DVB

အရင်ကျတော့ ကြွယ်ဝချမ်းသာတဲ့ မြန်မာတွေက ရွှေကို ၀တ်ဆင်ရာမှာ ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ်၊ နားဋောင်း စတဲ့ အဆင်တန်းဆာလောက်သာ ဆင်မြန်းကြတာပါ။

မြန်မာပြည်က ရွှေနိုင်ငံလို့ ဆိုရလောက်အောင်ပဲ ရွှေတွေက တိုင်းပြည်အနှံ့မှာ ထွက်နေတယ်။ စစ်အစိုးရခေတ်အဆက်ဆက်မှာ တိုင်းပြည်က ချွတ်ခြုံကျအောင် မွဲခဲ့ပေမယ့် ဒီမိုကရေစီ အရိပ်အယောင် ပြောင်းလိုက်တဲ့နောက်မှာ မြန်မာနိုင်ငံသားအချို့ကတော့ ချမ်းသာကြွယ်ဝလာကြတယ်။

စည်းစိမ်ချမ်းသာကို တိုက်တွေ၊ ကားတွေ၊ စိန်ရွှေရတနာတွေနဲ့ ဆင်မြန်းခံစားပြီးတဲ့ နောက်မှာ ဂုဏ်လုပ်စရာ လမ်းထပ်ရှာတယ်။ ယခု ခေတ်စားလာတာကတော့ ရွှေနဲ့လုပ်တဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေပါပဲ။

ဂုဏ်ချင်းပြိုင်တဲ့ ပွဲလမ်းသဘင်ကို သွားကြည့်ရင် ပွဲတက်သူမမတွေက ရွှေအင်္ကျီဝတ်မယ်၊ ရွှေခြုံလွှာခြုံမယ်၊ ရွှေပန်းပွင့်ကို ပန်မယ်၊ လက်ကိုင်ဖုန်းကို ရွှေကာဘာတပ်တယ်။

ရွှေနဲ့ပတ်သက်တဲ့ ခြုံလွှာ၊ အကျီ၊ ဖုန်းကာဘာ စတာတွေကို စတင် တီတွင်ပြီး ဈေးကွက်တင်တဲ့ အောင်သမာဓိရွှေဆိုင် မဖြူဖြူအောင်က ၂၀၀၉ ခုနှစ်မှာ သူတို့နဲ့ ရင်းနှီးတဲ့ ရွှေဝယ်နေကျ ဖောက်သည်တယောက်က သူ့အလှူမှာ ဆင်မြန်းဖို့ ခြုံလွှာကို ရွှေသားနဲ့ လုပ်ပေးပါလို့ တောင်းဆိုတာက ဒီဇာတ်လမ်းစတယ်လို့ သိရတယ်။

“အဲဒီအစ်မက လှလည်း၊ လှတော့ တောဆန်မသွားဖို့လည်း လိုသေးတယ်။ ရွှေ ဆိုတာ အများကြီး ကိုယ်ပေါ်ဆင်လိုက်ရင် အတုံးလိုက်အခဲလိုက်နဲ့ တောဆန်သွားတတ်တယ်။ ကိုယ်ကလည်း လူငယ်ဖြစ်တော့ ဖက်ရှင်ကျကျဖြစ်ချင်တယ်” လို့ မဖြူဖြူအောင် ကပြောပြတယ်။

“ရွှေခြုံလွှာက ပခုံးပေါ်မှာ အလိုက်သင့်လေးတင်နေဖို့ဆိုတာ အမြင်လွယ်ပေမယ့် လက်တွေ့မှာ တော်တော်ခက်တယ်။ လျော့မကျအောင်၊ စုလိမ်မသွားအောင်၊ အလေးချိန်ကြီးက လူပေါ်စီးမနေအောင် ၊ ၀တ်ဆင်ထားရင် အင်္ကျီတစ်ထည်လို comfort- table (သက်သောင့်သက်သာ ) ဖြစ်နေအောင် လုပ်ရတာ တော်တော်ခက်ခဲတယ်” ဆိုပြီး သူက ပြောတယ်။

ပန်းထိမ်ဆရာနဲ့ တိုင်ပင်၊ ဒီဇိုင်းတွေ အမျိုးမျိုးထုတ်ပြီး ဖန်တီးတော့ ရွှေခြုံလွှာကို အောင်သမာဓိက အောင်မြင်စွာ လုပ်နိုင်သွားတယ်။ ပွဲမှာ ဒီရွှေခြုံလွှာကိုမြင်ပြီး နောက်ထပ်မှာယူသူတွေ များလာတယ်။ ရွှေခြုံလွှာ အောင်မြင်တဲ့နောက်မှာ ရွှေအင်္ကျီကို သူတို့ ဆက်လက်တီထွင်ကြတယ်။ ခုတလောမှာ ရွှေအင်္ကျီက ဖေ့စ်ဘွတ်ခ်တခွင်မှာ ရေပန်းစားတယ်။

လူနေမှုစနစ်သစ်မှာ လက်ကိုင်ဖုန်းကို လူတိုင်းကိုင်ကြတယ်။ ဖုန်းကို အသုံးချ ပစ္စည်းတခုအဖြစ်အပြင် အဆင်တန်ဆာတခုလို သဘောထားသူတွေလည်း ရှိတယ်။ တယောက်နဲ့ တယောက်တွေ့ရင် ဘယ်လို ဖုန်းအမျိုးအစားကို ကိုင်တာလည်း အကဲခတ်တယ်။ ဖုန်းနဲ့ ဂုဏ်လုပ်သူတွေအတွက် ရွှေဖုန်းကာဘာကို ဖန်တီးပေးလိုက် ပြန်တော့ မက်မက်မောမော ကိုင်ကြပြန်တယ်။ ရွှေဖုန်းကာဘာတစ်ခုကို ရွှေသား ၃ ကျပ် သားကနေ ၃ ကျပ်သားလောက်အထိနဲ့ လုပ်ကြတယ်။

ရွှေတွေ အိနေ ၀င်းဝါထိန်နေအောင် ၀တ်ဆင်ထားရင် တောကျတယ်လို့ သတ်မှတ်ချင်စရာဖြစ်ပေမယ့် ခေတ်သစ်ရွှေသမားတွေက ဒီဇိုင်းပညာလည်း နှံ့စပ်တာမို့ ခေတ်အကြိုက် ခေတ်အလိုက် တီထွင်ဖန်တီးကြတဲ့အခါ ခေတ်သစ်မြန်မာတွေဟာ ရွှေအင်္ကျီ၊ ရွှေခြုံလွှာ၊ ရွှေဖုန်းကာဘာတွေကို ကိုင်တွယ်ဆင်မြန်းထားပေမယ့် တောမကျဘဲ အမြင်မှာ ခန့်ထည်လာတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ခေတ်လူငယ်တွေက ဒါတွေကို သည်းခြေကြိုက်ဖြစ်ကာ သုံးစွဲလာတယ်။

ပွဲကြီးလမ်းကြီးတွေတက်တဲ့အခါ ၀တ်တဲ့အ၀တ်အစားနဲ့ ဖန်စီ အဆင်တန်ဆာနဲ့က မလိုက်ဘက်တော့ ဒီဇိုင်နာတွေက စိတ်ကူးထုတ်ကြရတယ်။ ဒီလို ထုတ်ရာက ခေတ်ပေါ် ရွှေစင် အသုံးအဆောင်တွေ ပေါ်ပေါက်လာတာလည်း ဖြစ်တယ်။ အတွင်းခံ အင်္ကျီ ဘော်လီကိုင်းကြိုးတောင်မှ ရွှေနဲ့လုပ်ဝတ်တာလည်း ရှိတယ်။

မြွေမြွေချင်း သူ့ခြေ ကိုယ့်ခြေ ကြည့်စမြဲမို့ ရွှေစင်အသုံးအဆောင်တွေ ဆင်မြန်းသူက နည်းနည်းရင်ကော့နိုင်တယ်။ အချို့ဆိုရင် ရွှေထည်အဆင်တန်ဆာအမျိုးစုံ ရှိတယ်။ ဒါကို ဂုဏ်လုပ်သလို အလိုလိုနေရင်း ရွှေတွေ စုဆောင်းပြီး ဖြစ်တယ်လို့ ကျေနပ်တယ်။

2ရွှေခေတ်မှာ တတ်နိုင်တဲ့ အန်တီကြီးတွေက စိတ်ပုတီးတောင်မှ ရွှေနဲ့ လုပ်တယ်။ ဘုရားဆင်းတုကလည်း ရွှေဆင်းတု၊ ဆွမ်းတော်တင်တော့ ရွှေသပိတ်၊ ရွှေ သောက်တော်ရေခွက် နဲ့ ကြီးပွားနေတဲ့ ရွှေမြန်မာတွေလည်း ရှိပါတယ်။

ကုမ္ပဏီလူကြီးမင်းတွေကလည်း ကုမ္ပဏီတံဆိပ် ရွှေရင်ထိုးတွေ ထိုးကြ၊ မြန်မာနိုင်ငံအလံတော်ကို ရွှေအလံရင်ထိုးလုပ်ထိုးကြနဲ့ ရွှေနိုင်ငံက အဆင့်တော်တော်မြင့်နေကြတာ တွေ့ရတယ်။

မနက်စာ၊ ညစာ နပ်မှန်အောင်ကြိုးစားနေသူတွေက ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်မှာ ထားစရာ မရှိအောင် ချမ်းသာလာသူတွေက ရွှေစင်အဆင်ဆန်း တွေနဲ့ လန်းနေကြပါတယ်။

ကျော်ရင်မြင့်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013