DVB Logo
Home
Lead Story
တစေ့ တဆုပ် တမှုတ် တခွက်
DVB
·
September 4, 2015
တစေ့ တဆုပ် တမှုတ် တခွက်
Donate to DVB

တရက် ကျနော် အလှူတခုရောက်တဲ့အချိန်က ဧည့်သည်တွေ အတော်လေးကို စည်ကားတဲ့အချိန်လေး ဖြစ်နေပါတယ်။

ကျနော်ကလည်း ဒီ့ပြင်ဆွမ်းကျွေးတခုကို ၀င်နေရသေးတော့ အရောက်နောက်ကျပါတယ်။

အဲတော့လည်း ခါတိုင်းလို ကိုယ့်မိတ်ဆွေတွေ ရှိတဲ့နေရာကို တကူးတက လိုက်ရှာမနေနိုင်ဘဲ ကြုံတဲ့လွတ်တဲ့ နေရာမှာ ၀င်ထိုင်လိုက်ရပါတယ်။

ကျနော်နဲ့အတူ ထိုင်ဖြစ်တဲ့သူတွေက ယူနီဖောင်းလေးတွေနဲ့ဆိုတော့ ပုဂ္ဂလိကလုပ်ငန်းက ၀န်ထမ်းလေးတွေ ဖြစ်မယ်လို့ပဲ ထင်မိပါတယ်။ သူတို့အထဲက နည်းနည်းလေး သွက်လည်းသွက်တဲ့ ကလေးမလေးက ထမင်းအုပ်ထဲက ဒန်ပေါက်တွေကို သူနဲ့အတူ ပါလာတဲ့ သူငယ်ချင်းတွေရဲ့ ပန်းကန်ထဲကို လိုက်ထည့်ပေးနေပါတယ်။ ပန်းကန်ထဲကို အပြည့်အမောက်ကြီး ထည့်ပေးတာပါ။

တချို့ကလေးက "မကုန်လောက်ဘူးနော်။ လျှော့ဦး” လို့ ပြောတာတောင် သူက ခပ်တည်တည်ပါပဲ။

တကယ်တမ်းစားတော့လည်း မကုန်တဲ့သူတွေက များပါတယ်။

ဒန်ပေါက်ဆိုတာ နဂိုကတည်းက အီတဲ့အမျိုး၊ တော်ရုံလူ အများကြီး မစားနိုင်တဲ့ အစားအစာကိုးဗျ။

အဲတော့ သူတို့ ကုန်အောင်မစားခဲ့တဲ့ ဒန်ပေါက်တွေက ပန်းကန်ထဲမှာ ပိုးလိုးပက်လက်နဲ့ ကျန်နေခဲ့ပါတယ်။

စားသောက်ပြီးတော့ အအီပြေ သောက်ရအောင် ချထားပေးတဲ့ လိမ္မော်ရည် ကျပြန်တော့လည်း အရင်အတိုင်း။ ခွက်တွေထဲကို အပြည့်ထည့်ထားပြီး ကုန်အောင်မသောက်နိုင်တော့ တ၀က်တပျက်နဲ့ ခွက်တိုင်းနီးပါးလောက် ကျန်နေတာပါ။

ကျနော့်မှာ အလှူရှင်အစား ကြားထဲက နှမြောနေမိပါတယ်။ နောက်နေ့မနက် ရုံးရောက်တော့ ရေသောက်မယ်လုပ်တော့ ရေအေးစက် အောက်ခံခွက်ထဲမှာ ရေတွေ ပြည့်နေတော့ အမြင်မတော်လို့ ယူသွန်ပေးလိုက်ပါတယ်။

ခဏနေတော့ ကောင်လေးတယောက် ရေလာသောက်ပါလေရော။ ခွက်အပြည့်ကြီး ရေတွေထည့်၊ တ၀က်ကျော်ကျော်လောက် သောက်ပြီး အောက်ခံခွက်ထဲကို ပက်ကနဲ သွန်ထည့်လိုက်ပါတယ်။

ကျနော့်အဖွားနဲ့သာ အဲဒီကောင် အတူများနေရင် ဒီလိုလုပ်လို့ကတော့ ကောင်းကောင်း အဆဲခံရ၊ အခေါက်ခံရမှာ သေချာပါတယ်။

ကျနော်တို့ငယ်ငယ်က အဖွားက စည်းကမ်းအတော်လေးကြီးပါတယ်။ ထမင်းစားစား၊ ရေသောက်သောက် ကုန်နိုင်လောက်အောင်ပဲ ထည့်ရပါတယ်။ လောဘတကြီးနဲ့ မကုန်နိုင်မခမ်းနိုင် ထည့်ပြီး သွန်ပစ်တာ တွေ့လို့ကတော့ နောက်တပတ်လောက်ထိ အဖွား တိုင်းထည့်ပေးတာပဲ စားရပါတယ်။ အဆူအပူလည်း ခံရပါတယ်။

ပြီးတာနဲ့ သာလွန်မင်းတရားကြီးပုံပြင်ကို ပြောပါတော့တယ်။ ကျနော်တို့မှာ အလွတ်ရနေလည်း နားထောင်ရပါတယ်။

သာလွန်မင်းတရားကြီးအကြောင်းက တတိယတန်းတုန်းက ထင်ပါရဲ့ မြန်မာဖတ်စာအုပ် ထဲမှာ ပါပါတယ်။

လူတိုင်းလည်း ကြားဖူးသိဖူးနေမှာပါပဲ။ စနစ်ကျတဲ့၊ ထူးခြားတဲ့ မြန်မာဘုရင်တပါးလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ မြန်မာ့အလေးချိန် တင်းတောင်းစနစ်ကို တီထွင်ခဲ့သူလို့ မှတ်သားရဖူးပါတယ်။

တရက် ဘုရင်က တိုင်းခန်းလှည့်လည်တဲ့အချိန်မှာ မိန်းမတယောက်က လမ်းဘေးမှာ ထမင်းရည်တွေ ငှဲ့နေတာကို တွေ့တော့ အသုံးချလို့ရတဲ့ပစ္စည်းကို လွှင့်ပစ်ရကောင်းလားဆိုပြီး မင်းချင်းတွေကို အဲဒီမိန်းမ ခေါ်ခိုင်းပြီး ဆုံးမပါသတဲ့။ ကြံဖန်ဂုဏ်ယူလို့ ပြောရရင် တော်တော်လေးကို စေ့စပ်တဲ့ဘုရင်ပဲလို့ ပြောနိုင်ပါတယ်။

သဘာဝယုတ္တိကျ၊ မကျ တွက်ရင်တော့ သက်ဦးဆံပိုင်ဘုရင်တပါး လာနေတာကို လမ်းမမှာ ထမင်းရည် သွန်နေတယ်လို့ ရေးထားပြန်တော့ မလာခင်ကတည်းက တတွီတွီနဲ့ လမ်းတွေရှင်းနေတဲ့ ခုခေတ်နဲ့ ယှဉ်ကြည့်ပြန်တော့ အဲဒီပုံပြင်က သဘာဝမကျသလိုပါပဲ။

နေ့လယ် ထမင်းစားချိန်ရောက်တော့ ကျနော်ထမင်းစားနေတုန်း ရုံးက ကလေးမတသိုက်လည်း ထမင်းစားနေကြပါတယ်။ သူတို့စားပြီးတဲ့အချိန် ကျနော့်ရှေ့မှာရှိတဲ့ တစ်ရှူးဘူးထဲကနေပြီး လက်သုတ်ဖို့ တစ်ရှူးတွေကို လာပြီး ဆွဲထုတ်ကြပါတယ်။ တယောက်လာလည်း အရှည်ကြီး အများကြီး ဆွဲထုတ်၊ နည်းနည်းလေး ၀ါစာကမာသုတ်ပြီး လွှင့်ပစ်လိုက်ကြပါတယ်။ နောက်တယောက်က တစ်ရှူးအများကြီး ဆွဲထုတ်သွားပြီး သူတို့ ထမင်းစားထားတဲ့ခုံကို သုတ်ပါတော့တယ်။ တကယ်ဆိုရင် ရုံးမှာ လွှင့်ပစ်ရမယ့် စက္ကူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အလွယ်ရှိတဲ့ ဘူးထဲက တစ်ရှူးကိုယူပြီး သုတ်လိုက်တာပါ။ စိတ်ထဲမှာ တွေးမိတာကတော့ သူတို့အိမ်ဆိုရင်ကော ဒီလို စည်းမဲ့ကမ်းမဲ့ သုံးကြပါမလား ဆိုတာကိုပါပဲ။

ထားပါတော့။ ဘယ်လိုပဲပြောပြာ အသုံးချနိုင်တဲ့ပစ္စည်းကို အသုံးမချဘဲ လွှင့်ပစ်တာ၊ ကိုယ်တကယ် မသုံးစွဲနိုင် မစားနိုင်ပါဘဲနဲ့ အကောင်းကို အပျက်ဖြစ်အောင် စည်းမဲ့ကမ်းမဲ့ လုပ်တာတွေ မြင်ရတော့ တကယ်နှမြောမိသလို ဒီလူတွေကို ပြောချင်လိုက်တာ ပါးစပ်ကို ယားနေတာပါပဲ။ သူများကိုသာ ပြောနေတာ ကျနော်ကိုယ်တိုင်လည်း ဒီလို အလဟဿ ဖြစ်အောင် လုပ်ခဲ့ဖူးတာပါပဲ။

လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က အဖြစ်အပျက်လေး အခုထိ မမေ့သေးပါဘူး။ ကျနော် ငယ်စဉ်ကာလ သင်တန်းတခု သွားတက်တုန်းက ဆိုပါစို့။ အဲဒီတုန်းက ကျနော်တို့ ထမင်းစားခန်းထဲမှာ အရှည်လိုက်ကြီး ခင်းထားတဲ့ ခုံတန်းလျားကြီးပေါ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်နံပါတ်အတိုင်း ထိုင်စားကြရတာပါ။ ထမင်းကတော့ သင်တန်းတွေမှာ ကျွေးနေကျပုံစံအတိုင်း စတီးပုံစံခွက်နဲ့ကျွေးတာပါ။ သင်တန်းဆိုတော့ အသီးအရွက်ကြော်၊ အသားနည်းနည်း၊ ပဲဟင်းနဲ့ ငပိအစိမ်းသုတ်ပေါ့။ ပဲဟင်းရယ်၊ ထမင်းရယ်၊ ငပိသုတ်ရယ်က လိုရင် ထပ်ယူလို့ ရပါတယ်။ ထမင်းစားဆောင်ထဲမှာ ခုံတွေကို အရှေ့အနောက်တန်းလို့ ဘယ်ဘက်တတန်း ညာဘက်တတန်း ခင်းထားပါတယ်။ အနောက်ဘက်အစွန်ဆုံးမှာ ထမင်းတောင်းရယ်၊ ပဲဟင်းဒန်အိုးရယ်၊ ငပိသုတ်ဇလုံရယ် ရှိပါတယ်။

ကျနော်က အပျင်းထူတော့ ထမင်းကုန်တယ်ဆိုရင် ထမယူဘဲ ထမင်းသွားထည့်တဲ့လူကို လူကြုံမှာတတ်ပါတယ်။ တရက် ထမင်းစားနေရင်း ဧရာဝတီတိုင်းဘက်က လာတက်တဲ့ ကိုအောင်စည်ကို ထမင်းယူခဲ့ဖို့ မှာလိုက်ပါတယ်။ ဖြစ်ချင်တော့ ဘေးနားက သူ့အရင် ထမင်းသွားယူတဲ့ ကိုငွေကလည်း ကျနော့်အတွက် မမှာဘဲ ထည့်လာပါတယ်။ ကိုငွေက ယူလာတာ ကျနော့်ပန်းကန်ထဲ ထည့်ပေးနေတဲ့အချိန် ကိုအောင်စည်ကလည်း ထမင်းတွေ ယူလာပါရော။

ကျနော့်ထဲမှာ ထမင်းတွေများနေတာ တွေ့တော့ ကိုအောင်စည်က ကျနော့်ကို "ဒီလောက်အများကြီး ကုန်ပါ့မလား” လို့မေးတော့ “မကုန်ရင်လည်း သွန်လိုက်တာပေါ့ ကိုကြီးအောင်ရာ" လို့ အလွယ်ပြောလိုက်ပါတယ်။

အဲလိုပြောတော့ ကိုအောင်စည်က မျက်နှာပျက်သွားပြီး “ငပေါက်ရာ မင်းက ထမင်းမငတ်ဘူးတော့ ထမင်းတလုပ်တဆုပ် စားရဖို့ ခက်ခဲတာ မင်းဘယ်သိမလဲ” လို့ ပြောပြီး သူယူလာတဲ့ ထမင်းတွေကို သူ မကုန် ကုန်အောင် စားပါတော့တယ်။

ထမင်းစားပြီး လမ်းလျှောက်ထွက်တဲ့အချိန်မှာ ကိုအောင်စည်က သူ့ဘ၀ထဲက ထမင်းနဲ့ ပတ်သက်တဲ့ ဘ၀တပိုင်းတစကို ပြောပြပါတယ်။

သူတို့အိမ်က လယ်ယာအလုပ်နဲ့ အသက်မွေးတော့ ငယ်ငယ်ကတည်းက အားတာနဲ့ မိဘကို ကူခဲ့ရပါသတဲ့။ မိဘခိုင်းလို့သာ လုပ်ရတယ် ဒီအလုပ်တွေကို သူ့အနေနဲ့ မလုပ်ချင်ပါဘူးတဲ့။ ဒီလို ကိုယ်တိုင် လုပ်ကိုင်ခဲ့ရတော့ အတော်လေးကို ပင်ပင်ပန်းပန်းလုပ်မှ စပါးတဆုပ် ဆန်တထုပ်ရတယ်ဆိုတာကို သိနေပါတယ်။

ဒီတော့လည်း ထမင်းကို အလဟဿ  သွန်ပစ်ရင် အင်မတန် စိတ်တိုပါသတဲ့။ ငွေနဲ့ လွယ်လွယ်ကူကူ ၀ယ်လို့ရသူတွေက တန်ဖိုးမထားပေမယ့် ပင်ပင်ပန်းပန်းလုပ်မှ ထမင်းတဆုပ် ဖြစ်လာနိုင်တာကို သိနေတဲ့ သူ့အဖို့တော့ လွှင့်မပစ်ရက်ပါဘူးတဲ့။

ဖြစ်ချင်တော့ သူ ၉ တန်းအရောက် သူ့ရည်းစားနဲ့ ချိန်းအတွေ့မှာ အပြန် မိုးချုပ်တော့ မပြန်ရဲဘူးပြောတာနဲ့ ခိုးပြေး၊ ငယ်ငယ်ရွယ်ရွယ် မရည်ရွယ်ဘဲ အိမ်ထောင်သည်ဖြစ်တဲ့အချိန် နှစ်ဘက်မိဘက မိုက်လုံးကြီးတဲ့ကောင်တွေဆိုပြီး နောင်ကြဉ်အောင် ပစ်ထားကြပါသတဲ့။ အဲဒီအချိန် လင်မယားနှစ်ယောက် "သင်အူ" အခစားနဲ့ခုတ်တာ တရက် ၃ ကျပ်ပဲ ရပါသတဲ့။ အဲတော့ မနက်မိုးလင်းရင် ညကကျန်တဲ့ ထမင်းကြမ်းခဲကို ထန်းလျက်နဲ့စား၊ နေ့လယ်စာကတော့ အလုပ်ရှင်က ချပေးတဲ့ ရေနွေးကြမ်းနဲ့ မရွေးနှစ်ခုနဲ့ မျှောချ။

ညနေ အလုပ်ကပြန်မှ ထမင်းချက်စား၊ ဒါတောင် မနက်အတွက် ကျန်အောင်လို့ ချန်စားရပါသတဲ့။ သူ့မိန်းမလုပ်တဲ့သူ မျက်ရည်စို့တာမြင်ရင် သူ့မှာ အတော်ဝမ်းနည်းပါသတဲ့။ ဒါပေမယ့်လည်း ကိုယ်မိုက်တာ ကိုယ်ခံရုံပဲဆိုပြီး ကြိတ်မှိတ်လို့ ဘ၀ကို ရုန်းကန်ခဲ့ရပါသတဲ့။

အဲဒီအခါမှာမှ မိဘလက်ထက်က တနေ့ ထမင်း ၃ နပ် စားခဲ့ရတာကို ပြန်လွမ်းမိပါသတဲ့။ နောက် ၄၊ ၅ လလောက်အကြာမှာ သူတို့လင်မယား ခြံသွားရှင်းပေးတဲ့ အိမ်ရှင်ဆရာမကြီးက ဂုံနီအိတ်လုပ်တဲ့စက်ရုံမှာ လင်မယားနှစ်ယောက်လုံးကို အလုပ်သွင်းပေးခဲ့လို့ ထမင်းနပ်မှန်တဲ့ ဘ၀ကို ပြန်ရပါသတဲ့။ အဲတော့ ထမင်းကို ကုန်လောက်ရုံမထည့်ဘဲ သွန်ပစ်ရင် လက်သီးနဲ့ ထထိုးချင်ပါသတဲ့။ ဒါကတော့ ကိုအောင်စည် ပြောပြတဲ့ ဘ၀မှတ်တမ်းလေးပေါ့။

ကျနော်ကြုံခဲ့ရတာကတော့ တနှစ် ကျောက်ပန်းတောင်းဘက်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်တဲ့အချိန်ကပါ။

အဲဒီတုန်းက အခုခေတ်လို ရေသန့်ဘူးတွေ ဘာတွေ မရှိသေးတဲ့ကာလပေါ့။ ကျောက်ပန်းတောင်းနဲ့ မိတ္ထီလာကြားဆိုတော့ ထန်းပင်နဲ့ ထန်းချက်တဲ့ ဖိုလေးတွေက ပေါမှပေါပါပဲ။ ဘေးဘက်မှာ မြင်နေရတဲ့ တောင်ကုန်းကြီးကလည်း လှမှလှ။ အညာဒေသပေမယ့် စိမ်းစိမ်းစိုစို။ သွားနေရင်းက ဗြုန်းဆို ကားက လမ်းဘေးမှာ ထိုးရပ်လိုက်ပါတယ်။ ဒရိုင်ဘာလေးက ရေတိုင်ကီ ရေခန်းသွားတာလို့ ပြောပါတယ်။ အဲဒါနဲ့ပဲ အနီးအနားက ထန်းတဲလေးတွေကို ၀င်လိုက်တော့ ဖော်ဖော်ရွေရွေနဲ့ ထန်းလျက်စားကြ ကြိုက်တတ်ရင် ထန်းရည်သောက်လို့ ပြောပါတယ်။

ကျနော်တို့က ရေနည်းနည်းလောက် ကားရေဆူနေလို့ဆိုတော့ ရေကတော့ မပေးနိုင်ဘူးတဲ့။ သုံးလို့ရတယ်ဆိုရင် ထန်းရည်သာ ထည့်မောင်းသွား၊ ပိုက်ဆံမပေးခဲ့နဲ့လို့ ပြောပါတယ်။ အဲတော့မှ ယောက်ျားလုပ်သူက ဒီနေရာက ရေရှားတဲ့အကြောင်း ၀ယ်သုံးချင်ရင်တောင်မှ လွယ်လွယ်ဝယ်မရတဲ့အကြောင်း၊ လိုချင်ရင်တော့ သွားခပ်လို့ရတဲ့နေရာ ပြမယ်ဆိုတာနဲ့ ကားထဲမှာပါတဲ့ ရေပုံးယူပြီး လိုက်သွားတော့ အတော်ဝေးဝေးသွားမှ ရေအိုင်စပ်စပ်ကလေးက ရွှံ့ရေတွေကို ခပ်ယူခဲ့ရပါတယ်။

အဲဒီတော့မှ ၀န်ကြီးပဒေသရာဇာ ရေးဖွဲ့ခဲ့တဲ့ ထန်းတက်သမားကဗျာထဲက “ပြီးလျှင် ရေမရှာ ခွေးသာကျွေးတော့သည်” ဆိုတာလေးကို သွားသတိရမိပါတယ်။

သူတို့တတွေရဲ့ ဘ၀ကိုလည်း ပိုလည်း ခံစားလို့ ရသွားပါတယ်။ အခုခေတ်မှာ ငွေရှိရင် ဘာမဆို လွယ်လွယ်နဲ့ ၀ယ်ရတော့ လူတွေကလည်း သုံးတာ စွဲတာ ပစ္စလက်ခတ်နိုင်လာတာကို နေရာတော်တော်များများမှာ တွေ့လာရပါတယ်။

အလွယ်ကူဆုံးနေရာလေးပြောရရင် ခေါက်ဆွဲဆိုင်မှာ သွားစားရင် မုန်ညင်းချဉ်ကို ပန်းကန်လေးနဲ့ ထည့်ပေးတတ်ပါတယ်။ မကုန်ဘဲ ကျန်နေတော့လည်း သွားပေါ့၊ အမှိုက်တောင်းထဲကို။ သူများနှိုက်စားထားတာကို ဘယ်သူက ယူစားမလဲနော်။

တကယ်ပြန်တွက်ကြည့်ရင် ဒီမုန်ညင်းချဉ်လေး ဖြစ်လာအောင် လုပ်ကိုင်ရတာကလည်း နည်းပညာ အဆင့်ဆင့်နဲ့ပါ။ နောက် အသုံးပြုတဲ့ ကုန်ကြမ်းအများကြီး ရင်းနှီးပြီးမှ ဒီအချဉ်လေး ဖြစ်လာတာပါ။ စကတည်းက အများကြီးထည့်၊ မကုန်တော့ သွန်ပစ်၊ အလွန်ကို နှမြောစရာ ကောင်းလှပါတယ်။ အဲတော့ အခုလို ထည့်ပေးမယ့်အစား ပန်းကန်လုံးနဲ့ ထည့်ပေးထား၊ လိုသလောက်ယူစားရင် အလဟဿ      မဖြစ်နိုင်တော့ဘူးပေါ့။

ကျနော်တို့ဝန်းကျင်မှာ အထူးသဖြင့် မြို့ပေါ်မှာ ဘာမဆို ၀ယ်လို့ အလွယ်ရနေတော့ အားလုံးက တန်ဖိုးသိပ်မထားကြပါဘူး။ တကယ်တမ်းတော့ ကိုယ် ကုန်နိုင်ရုံလောက်သာ ထည့်သင့်၊ လိုအပ်သလောက်သာ အသုံးပြုသင့်တယ်လို့ ထင်ပါတယ်။

စည်းကမ်းတကျနဲ့ ကုန်နိုင်ရုံလောက်သာ သုံးမယ်ဆိုရင် လူများများလည်း အသုံးပြုလို့ ရသလို ငွေကလည်း ကုန်သင့်တာထက် ပိုမကုန်မှာတော့ ဧကန်ပါပဲ။ “ကုန်နိုင်ရုံထည့်၊ လိုသလောက်သုံး” ဆိုတာလေးကို လိုက်နာ စောင့်ထိန်းဖို့ဆိုတာကလည်း သိပ်မခက်ခဲတဲ့အလုပ်လို့ ယူဆပါတယ်။

ဒီလို အလဟဿ   မဖြစ်အောင် ၀ိုင်းဝန်းလို့ လုပ်မယ်ဆိုရင် တစေ့တဆုပ် တမှုတ် တခွက်ကနေ တအိတ်တပုံး ဖြစ်လာနိုင်ပါတယ်။

ကဲ အခုက စလို့ ကျနော်တို့ကိုယ်တိုင်ရော ကိုယ့်အနီးအနားမှာ ရှိနေတဲ့ မောင်တွေ၊ ညီမတွေ၊ သားသမီး၊ တူ၊ တူမတွေ၊ တပည့်တွေနဲ့ ကိုယ့်ဝန်ထမ်းတွေကို စည်းရုံးလို့ ဒီအကျင့်လေးကို မွေးမြူလိုက်ကြမယ်ဆိုရင် မကောင်းဘူးလားဗျာ။

ကိုပေါက် လက်ဆောင် အတွေးပါးပါးလေး

(စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013