DVB Logo
Home
မြန်မာသတင်း
အမြဲတမ်း စာနယ်ဇင်းကောင်စီ ၂ လအတွင်း ဖွဲ့မည်
DVB
·
September 3, 2015
အမြဲတမ်း စာနယ်ဇင်းကောင်စီ ၂ လအတွင်း ဖွဲ့မည်
Donate to DVB

အမြဲတမ်း စာနယ်ဇင်းကောင်စီ ဖွဲ့နိုင်ဖို့အတွက် ကောင်စီရွေးချယ်တင်မြှောက်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲတခု ရန်ကုန်မှာလုပ်ခဲ့ပြီး ကောင်စီကို ၂ လအတွင်း ဖွဲ့နိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်း ခေါင်းဆောင်တဲ့ ကောင်စီရွေးချယ်တင်မြှောက်ရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၂၉ ဦးပါ အမြဲတမ်းစာနယ်ဇင်းကောင်စီ ဖွဲ့စည်းမယ့်အကြောင်း အသိပေး ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲတက်ခဲ့တဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က ကောင်စီအဖွဲ့ ရွေးချယ်မယ့် အစီအစဉ်ကို ခုလို ပြောပါတယ်။

“ဘယ်လို ရွေးမှာလဲဆိုတော့ သတင်းသမားတွေရယ်၊ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ နောက် တတ်သိပညာရှင်တို့၊ ရှေ့နေတို့ ပြီးတော့ ပုံနှိပ်ထုတ်ဝေသူတွေ၊ နောက် လွှတ်တော်နှစ်ရပ်နဲ့ သမ္မတရုံးကိုယ်စားပြု တယောက်စီ ၃ ယောက်ပေါ့၊ အားလုံးပေါင်း ၂၉ ယောက်။”

ကောင်စီဝင် ၂၉ ဦးကို သတင်းသမားက ၁၄ ဦး၊ သမ္မတရုံးနဲ့ လွှတ်တော်နှစ်ရပ်က ၃ ဦး၊ ရှေ့နေ၊ တတ်သိပညာရှင်နဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေအုပ်စုက ၁၂ ဦးနဲ့ ဖွဲ့စည်းမယ်လို့ ပြောပါတယ်။

သတင်းမီဒီယာဆိုင်ရာ အဖွဲ့အစည်းတွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ အဖွဲ့အစည်းတွေက ဆိုင်ရာအဖွဲ့အစည်းအလိုက် ကိုယ်စားလှယ် ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

အဖွဲ့အစည်းဝင် အနည်းဆုံး ၁၀၀ ရှိပြီး အဖွဲ့သက်တမ်း အနည်းဆုံး ၁ နှစ်ရှိတဲ့ အဖွဲ့တွေက အဖွဲ့တွင်း ကိုယ်စားလှယ်ကို ၁ လအတွင်း ရွေးချယ်ပြီး ရွေးကောက်တင်မြှောက်ရေးအဖွဲ့ကို တင်ပြကြရမှာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၀၀ မရှိတဲ့ အဖွဲ့တွေက တသီးပုဂ္ဂလအနေနဲ့ စာရင်းတင်နိုင်ပြီး သတင်းလုပ်သက် ၁၀ နှစ်ရှိဖို့ လိုတယ်ဆိုတဲ့ ကန့်သတ်ချက်တော့ ရှိပါတယ်။

ရွေးကောက်တင်မြှောက်ရေးအဖွဲ့က သတင်းအဖွဲ့အစည်းတွေနဲ့ တသီးပုဂ္ဂလတို့က တလအတွင်း တင်သွင်းလာတဲ့ ကိုယ်စားလှယ်စာရင်းကို ကြေညာပြီး ၂၉ ဦးထက် ကျော်လွန်များပြားနေရင် ရွေးကောက်ပွဲလုပ်ပြီး ရွေးချယ်မှာ ဖြစ်ပါတယ်။

အမြဲတမ်းစာနယ်ဇင်းကောင်စီဟာ အဓိကအားဖြင့် စာနယ်ဇင်းတွေမှာ ရေးသားဖော်ပြမှုနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ ရှိလာရင် ကြားဝင်ဖြေရှင်း လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

စာနယ်ဇင်းကောင်စီ (ယာယီ) ကို သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ်အတွင်းမှာ ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ကောင်စီဟာ စာနယ်ဇင်းသမားတွေကို ထိထိရောက်ရောက် အကာအကွယ် မပေးနိုင်ဘူးလို့ ဝေဖန်ပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013