DVB Logo
Home
မြန်မာသတင်း
ခန္တီးရပ်ကွက် ၃ ခုစလုံး ရေကြီးနေ
DVB
·
September 3, 2015
ခန္တီးရပ်ကွက် ၃ ခုစလုံး ရေကြီးနေ
1 / 5
Donate to DVB

မိုးကြီးပြီး မြစ်ရေတက်တာကြောင့် စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ရှိ ရပ်ကွက် ၃ ခုစလုံး ရေ၀င်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ လူတရပ်ကျော် ရေမြုပ်နေပါတယ်။

စက်တင်ဘာ ၁ ရက်ကစလို့ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်ရောက်ရှိနေပြီး မြို့ပေါ်ရပ်ကွက်တွေ ရေ၀င်လာတာလို့ ခန္တီးမြို့မကျောင်းတိုက် လက်ထောက်ဆရာတော် ဦးက၀ိသာလ က ပြောပါတယ်။

“မြို့ရဲ့ အနေအထားက ကမ်းနားဘက်က နည်းနည်းမြင့်တယ်၊ နောက်ဘက် လယ်ကွင်းတွေဘက်က နည်းနည်းနိမ့်တယ်၊ ကမ်းနားလမ်းတလမ်းနဲ့ နောက်တလမ်း ဒီ  ၂ လမ်းပဲ ကျန်တော့တာ။ နောက်ဘက်က အပိုင်းတွေက အကုန်မြုပ်ကုန်ပြီ။ ရပ်ကွက်အားလုံး ရေ၀င်နေပြီ၊ အဆိုးဆုံးဖြစ်တဲ့နေရာကတော့ သာစည်၊ အောင်သာရပ်ကွက်၊ သာစည်မှာလည်း အိမ်ခြေ ၆၀ ကျော်ရှိတယ်၊ အောင်သာမှာလည်း ၆၀ ကျော်ရှိတယ်။ အဲ့ဒီနေရာတွေက လူတရပ်ကျော် မြုပ်နေပြီ။”

သက်ဆိုင်ရာက စက်တင်ဘာ ၂ ရက်မှာ ခန္တီးမြို့၊ ရန်ကင်းတောင်၊ မြသိန်းတန်စေတီကုန်းမှာ ကယ်ဆယ်ရေးစခန်းတခု စတင်ဖွင့်လိုက်ပြီး ရေမြုပ်ရပ်ကွက်နေ အိမထောင်စုပေါင်း ၁၀၀ ကျော် ရောက်ရှိ ခိုလှုံနေကြပြီလို့ မိန့်ပါတယ်။

ခန္တီးမြို့တဘက်ကမ်းကျေးရွာတွေ အားလုံးလောက်နီးနီး ရေမြုပ်နေပြီး ကျေးရွာနေဒေသခံတွေက နီးစပ်ရာ တောင်ကုန်းတွေပေါ် ပြောင်းရွှေ့ခိုလှုံနေထိုင်နေကြပါတယ်။

ခန္တီး ရေကြီးနစ်မြုပ်မှုကြောင့် လူနဲ့ တိရစ္ဆာန်သေဆုံးမှု မရှိပေမယ့် ရေလမ်းခရီးပိတ်ထားလို့ စားနပ်ရိက္ခာဈေးတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခန္တီးအထက် တနိုင်းမှာ ရေကြီးနေသလို ခန္တီးအောက် ဟုမ္မလင်းမြို့မှာလည်း ရေကြီးနေတယ်လို့ မြို့နယ်ပြန်ဆက်ဌာနက သတင်းထုတ်ပါတယ်။

မိုးလေ၀သဌာနရဲ့ ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေဟာ ခန္တီးမှာ စိုးရိမ်ရေမှတ်အထက် ၄ ပေ၊ ဟုမ္မလင်းမှာ စိုးရိမ်ရေမှတ်အထက် ၂ ပေလောက်စီ မြင့်တက်နေပြီး နောက်ရက်တွေလည်း စိုရိမ်ရေမှတ်အထက် ဆက်ရှိနေဦးမယ်လို့ သိရပါတယ်။

ခန္တီးမှာ ၁၉၉၁ ခုနှစ်က ချင်းတွင်းမြစ်ရေတိုးပြီး ရေကြီးလို့ ကမ်းနားလမ်းရှိ နေအိမ်တွေအားလုံး မျောပါပျက်စီးခဲ့ဘူးပါတယ်။

ဓာတ်ပုံ - ကိုကြည်သန့်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013