DVB Logo
Home
မြန်မာသတင်း
ပါတီဝင် ၂၈ ဦးကို ရခိုင်အမျိုးသားပါတီ ထုတ်ပယ်
DVB
·
September 2, 2015
ပါတီဝင် ၂၈ ဦးကို ရခိုင်အမျိုးသားပါတီ ထုတ်ပယ်
Donate to DVB

ပါတီစည်းကမ်းဥပဒေနဲ့ မညီညွတ်တဲ့ ပါတီဝင် ၂၈ ဦးကို ရခိုင်အမျိုးသားပါတီက ထုတ်ပယ်လိုက်ပါတယ်။

အဆိုပါ ၂၈ ဦးဟာ ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ အရွေးမခံရတဲ့သူတွေဖြစ်ပြီး ပါတီက ချမှတ်ထားတဲ့ စည်းကမ်းနဲ့ မညီညွတ်တဲ့အတွက် ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က ပါတီအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကနေ ထုတ်ပယ်လိုက်တာလို့ ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ပါတီတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းသွင်းတဲ့ လူတွေကို ရွေးကောက်ပွဲပြန်လုပ်တယ်လေ။ ပါတီတွင်း ယှဉ်ပြိုင်မှုမှာ တချို့ကရှုံးတယ်၊ တချို့က အနိုင်ရတယ်ပေါ့။ အဲဒီလို မပြိုင်ခင်က ရွေးချယ်ကြီးကြပ်ရေးကော်မတီမှာ မူတခုရှိတယ်။ အဲဒီမူက ဘာလဲဆိုတော့ ဘယ်လိုပဲရှုံးနေနေ ပါတီကနေ မထွက်ရဘူး၊ တသီးပုဂ္ဂလ ၀င်မပြိုင်ရဘူး၊ တခြားပါတီကို မပြောင်းရဘူး ဆိုပြီးသတ်မှတ်ထားတယ်။ အဲဒီဟာကို လက်ခံပြီးမှ ၀င်ပြိုင်ပါလို့ ပြောထားပါတယ်။ သို့သော် ၀င်ပြိုင်တဲ့အခါမှာ ရှုံးတဲ့လူတွေက တသီးပုဂ္ဂလ ၀င်ပြိုင်တဲ့လူလည်း ရှိတယ်၊ တခြားပါတီကို ပြောင်းတဲ့လူလည်းရှိတယ်။ အဲဒါကြောင့်မို့ အဲဒီပုဂ္ဂိုလ်တွေကို ကျနော်တို့ မူအရ၊ ပါတီစည်းမျည်းနဲ့အညီ ထုတ်ပယ်တာပါ။”

ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံရမယ့်သူတွေအနေနဲ့ ဘာပဲဖြစ်ဖြစ် ပါတီစည်းကမ်းကိုတော့ လိုက်နာရမှာဖြစ်ကြောင်း၊ အထုတ်ပယ်ခံရသူတွေအနေနဲ့ ပါတီထဲပြန်ဝင်ဖို့ ပြန်လည်လျှောက်ထားခွင့်ရှိပေမယ့်လည်း ပါတီအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ ပြန်လက်ခံမယ်လို့ သူကဆက်ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဒေါ်အေးနုစိန်ကလည်း ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံမယ့်လူတွေအနေနဲ့ အရှုံးကို ရဲရင့်စွာရင်ဆိုင်ဖို့ နဂိုကတည်းက ပြောထားပြီး၊ ဖေဖော်ဝါရီလ ၅ ရက် အစည်းအဝေးက ဆုံးဖြတ်လိုက်တဲ့ ဒီစည်းကမ်းချက်တွေကို လိုက်နာပါမယ်လို့ လက်မှတ်ထိုးထားပြီမှ မလိုက်နာလို့ ထုတ်ပယ်ရတာလို့ ပြောပါတယ်။

စည်းကမ်းနဲ့အညီ ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေကိုလည်း ရှေ့ဆက်ပြီးဖြစ်ထွန်းစေချင်ကြောင်း၊ အခုလို ပါတီဝင်တွေကို ထုတ်ပယ်လိုက်တာကြောင့် ရခိုင့်အမျိုးသားစည်းလုံးမှုကို ထိခိုက်မှာမဟုတ်ဘူးလို့ ဖြည့်စွက်ပြောသွားပါတယ်။

ပါတီဝင်ကနေ ထုတ်ပယ်ခံရသူတွေထဲမှာ ဗဟိုကော်မတီဝင်နဲ့ အလုပ်အမှုဆောင်အဖွဲ့တွေပါ ပါဝင်တယ်လို့ ကြားသိရပေမယ့် သက်ဆိုင်ရာ ကာယကံရှင်တွေနဲ့ တော့ ဆယ်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းထားတဲ့ ပါတီဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း ပြည်သူ့လွှတ်တော် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၄ နေရာ၊ စုစုပေါင်း ၆၃ နေရာမှာ ၀င်ပြိုင်ဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013