DVB Logo
Home
Lead Story
ဥပဒေ နားလည်တဲ့သူတွေက ဥပဒေအရ ဆောင်ရွက်ခြင်းတွေ ပျက်ကွက်တာ များစွာ တွေ့ရပါတယ်- ရှေ့နေ ဦးအောင်မျိုးသန့်
DVB
·
September 2, 2015
ဥပဒေ နားလည်တဲ့သူတွေက ဥပဒေအရ ဆောင်ရွက်ခြင်းတွေ ပျက်ကွက်တာ များစွာ တွေ့ရပါတယ်- ရှေ့နေ ဦးအောင်မျိုးသန့်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းတောင်ပိုင်း ကော့စမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးရာ တရားလိုပြသက်သေတွေထဲက နောက်ဆုံးအဖြစ် ရဲမှူးတဦးကို စစ်ဆေးပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေက ၆၅ ဦးပါ။ မနေ့ (စက်တင်ဘာ ၁ ရက်နေ့) မနက် ၉ နာရီကနေ ဒီကနေ့ မနက် ၁ နာရီခွဲထိ (စက်တင်ဘာ ၂ ရက်နေ့မနက် အရုဏ်မတက်ခင်)  နာရီပေါင်းများစွာ သူ့ကို စစ်ဆေးခဲ့ပါတယ်။

မနှစ် စက်တင်ဘာလလယ်ပိုင်းလောက်က မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား အလုပ်လုပ်နေကြတဲ့ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းလို့ လူသိများတဲ့ ကော့တောင်ကျွန်းမှာ ဗြိတိသျှအမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ သတ်ဖြတ်ခံခဲ့ရပါတယ်။ အခင်းဖြစ်ပြီး နှစ်ပတ်ခန့်အကြာမှာ မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်း (ဝေဖြိုး) နဲ့ မောင်ဇော်လင်းတို့ နှစ်ဦးက ဖြောင့်ချက်ပေးတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

နောက်ပိုင်းမှာတော့ မြန်မာလူငယ်နှစ်ဦးက သူတို့ကို ခြိမ်းခြောက်တာကြောင့် ၀န်ခံခဲ့တာသာ ဖြစ်တယ်ဆိုပြီး ဖြောင့်ချက်ကို ပြန်ရုပ်သိမ်းခဲ့ကြပါတယ်။ သူတို့ ၂ ဦးကို လူသတ်မှု၊ မုဒိမ်းမှု အပါအ၀င် အမှု ၅ မှုနဲ့ စွဲဆိုစစ်ဆေးနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မောင်ဝင်းဇော်ထွန်း (ဝေဖြိုး) နဲ့ မောင်ဇော်လင်းတို့ နှစ်ဦးကို စတင်စစ်ပါတယ်။

မနေ့က ရုံးထုတ်မှာတုန်းက ကော့ဖငန်းကျွန်းက ရဲစခန်းမှာ ဒုတိယအကြီးဆုံးရဲမှူး ယုထနာဝပ်အစ်ထနွန်ကို စစ်ဆေးတာလို့ တရားခွင်ကို တက်ရောက်ခဲ့တဲ့ မြန်မာသံရုံး အထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ ရှေ့နေ ဦးအောင်မျိုးသန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မနေ့က စစ်ဆေးခံရတဲ့ ရဲမှူး (ထိုင်း) ရဲ့ ရာထူးနဲ့ နာမည်အပြည့်အစုံ ပြောပြပါလား။

“ကျနော့်မှာရှိပါတယ်။ သူက ဒီမှာ ကျွန်း ၃ ကျွန်းရှိပါတယ်။ ကော့စမွေရယ်၊ ကော့ဖငန်းရယ်၊ အခု အမှုဖြစ်တဲ့ ကော့တောင်ကျွန်းရယ် ရှိပါတယ်။ အဲဒီ ၃ ကျွန်းမှာ သူက ကော့ဖငန်းကျွန်းက ရဲစခန်းမှာ ဒုတိယအကြီးဆုံးရဲမှူးပါ။ သူက Police Major ဆိုတော့ ရဲမှူးပေါ့။ သူ့နာမည်က ယုထနာဝပ်အစ်ထနွန်ပါ။"

မနေ့တုန်းက ဒီရဲမှူးက တရားလိုပြသက်သေအနေနဲ့ ထွက်သွားတာလား။ ဘာတွေထွက်ဆိုသွားလဲ ဆိုတာကို ပြည့်ပြည့်စုံစုံ ပြောပြပေးပါ။

"ဟုတ်တယ်၊ နောက်ဆုံးသက်သေပေါ့။ မနေ့ (စက်တင်ဘာ ၁ ရက်နေ့) က ရဲကို မနက် ၉ နာရီကတည်းက စစ်တာ နေ့လယ် ထမင်းစားချိန် တနာရီ နားပြီးတော့ ည ၁ နာရီခွဲထိ (စက်တင်ဘာ ၂ ရက်နေ့မနက် အရုဏ်မတက်ခင်) စစ်ရပါတယ်။ စစ်တော့ အဲဒီမှာ ဘာတွေ တွေ့သလဲဆိုရင် အမှုစစ်တဲ့ရဲဟာ အထက်က ညွှန်ကြားချက်ဆိုတာကို စာရွက်စာတမ်း အထောက်အထား တရားရုံးကို မတင်ပြနိုင်ဘူး။ ဒါပေမယ့် ဘာဖြစ်လို့ ဘယ်ဟာနဲ့ ဆောင်ရွက်လဲဆိုတော့ တယ်လီဖုန်းနဲ့ ညွှန်ကြားတာကြောင့် ဆောင်ရွက်တယ်လို့ ပြောပါတယ်။ နောက်တခါ ဒီအန်အေပြန်စာကို ရဲအမှုစစ်တယောက်က သူ့လက်ရေးနဲ့ လက်မှတ်ထိုးပြီး ပြင်ထားတာရှိပါတယ်။ အဲဒါကိုလည်း အမှုတွဲမှာ တွေ့တဲ့အခါမှာ သူက မသိဘူးလို့ ပြောပါတယ်။ နောက်တခုက ဒီအန်အေ တူညီကြောင်း ပြန်ကြားစာဟာ ၅ ရက် ၁၀ လ ၂၀၁၄ မှာ ရတာပါ။ ဒါပေမယ့် ၃ ရက် ၁၀ လ ၂၀၁၄ မှာ ကလေးတွေကို သရုပ်ပြ လုပ်ပြီးနေပါပြီ။ နောက်တခါ ဇော်လင်းတို့ကို ဖမ်းဖို့အတွက်ကို တရားရုံးမှာ ဖမ်းဝရမ်း တောင်းရပါတယ်။ အဲဒီလိုတောင်းတဲ့ ရေးသားထားချက်မှာ အင်္ဂလိပ် ၂ ယောက်ကို တရားခံတွေက တူနဲ့ထုသတ်တယ်ဆိုတာမျိုး ရေးထားတာ တွေ့ပါတယ်။ ဒါကိုလည်း ပြန်လှန်မေးခွန်းမေးတဲ့အခါမှာ မှားရိုက်မိတာလို့ ပြောပါတယ်။

"နောက်တခါ ဇော်လင်းလေး ပတ်စ်ပို့တ်ကိစ္စနဲ့ မေးတဲ့အခါမှာလည်း ဇော်လင်းရဲ့ ဘတ် (ဘတ်ဆိုတာ အလုပ်သမားကတ်) ကို သိမ်းထားပါလျက်သားနဲ့ အဲဒီနံပါတ်သာပါပြီး အဲဒီဘတ်ကို မတင်ပြပါဘူး။ သဘောကတော့ အထောက်အထား မရှိဘူးလို့ ပြောချင်တာပါ။ ဒါကို ကျနော်တို့ဘက်က ဇော်လင်းလေးရဲ့ ပတ်စ်ပို့တ်နဲ့ တိုက်ရိုက် တိုက်ဆိုင်မေးတဲ့အခါမှာ ခုနက သူတို့ရေးထားတဲ့ ဘတ်နံပါတ်နဲ့ တူနေတာကို တွေ့ရပါတယ်။ နောက်တခါ ဇော်လင်းနဲ့ ဝေဖြိုးတို့ကို ထောင်ထဲကို ပို့တဲ့အခါမှာ ထောင်တို့မည်သည်မှာ ၀င်လာတဲ့တရားခံကို စစ်ဆေးရတာပါ။ အဲဒီအခါမှာ ဝေဖြိုးရဲ့ပါးမှာ ဒဏ်ရာနဲ့၊ ဇော်လင်းရဲ့ရင်ဘတ်မှာ ဒဏ်ရာရှိတယ်ဆိုတာကို ထောင်ထဲမှာ အဲဒီအချိန်တုန်းက ထောင်ကျနေတဲ့ ဘာသာပြန် ကိုသက်ခိုင်လေးကနေ တရားခွင်ကို လာထွက်သွားခဲ့ပါတယ်။ နောက်တခါ ဇော်လင်းနဲ့ ဝေဖြိုးတို့ကို ၃ ရက်၊ ၁၀ လ၊ ၂၀၁၄ သရုပ်ပြလုပ်တဲ့အချိန်မှာ အဲဒီမတိုင်ခင်မှာ ကိုရဲဆိုတဲ့ ဘာသာပြန်က ဘယ်လိုဘယ်လိုလုပ်ရမယ်ဆိုတာ သူကိုယ်တိုင် လုပ်ပြတယ်။ လုပ်ပြပြီးတော့မှ ကလေးတွေကို ဒီလိုလုပ်ပါဆိုပြီးတော့ ထပ်ပြီးတော့ ထိန်းချုပ်ပြတယ် ဆိုတာကိုလည်း သက်သေတွေဆီက သိရတာ တွေ့ထားတယ်ခင်ဗျ။ နောက်တခါ မောင်မောင်ဆိုတဲ့ သူတို့သူငယ်ချင်းကို တကယ်တော့ ဘာမှ အထောက်အထား မရှိလို့ လ၀ကဥပဒေနဲ့ ငြိနိုင်ပါလျက်သားနဲ့ တရားမစွဲဘဲနဲ့ အခုလို ပြန်လွှတ်ပေးလိုက်တာဟာ ဒီကလေး ၂ ယောက်ကျတော့ လ၀ကဥပဒေနဲ့ တရားစွဲထားတာကို ကြည့်မယ်ဆိုရင် မောင်မောင်ကိုများ သူတို့ မတရား သက်သေခံခိုင်းပြီးတော့ ပြစ်ဒဏ်ကနေလွတ်အောင် လ၀က ဥပဒေနဲ့ တရားမစွဲဆိုဘဲနဲ့ လွှတ်ပေးလိုက်တာလားဆိုတဲ့ အချက်လည်း ပေါ်ပါတယ်။

"နောက်တခါ ဇော်လင်းလေးရဲ့နေအိမ်ကို သွားတဲ့အခါမှာ ၀ရမ်းပါတာ မရှိပါဘူး၊ ၀ရမ်းမပါပါဘူး။ ၇ ယောက်လောက်အိပ်တဲ့ အခန်းကို တံခါးဖျက်ဝင်ပြီးတော့ ဖမ်းဆီးတယ်၊ အဲဒီအချိန်မှာ ဖမ်းဝရမ်းမပါပါဘူး။ ဘာအတွက်ဆိုတာလဲ ရှင်းမပြပါဘူး။ ထို့အတူပဲ ရှင်းပြဖို့လည်း ဘာသာပြန်ဆိုတာ မပါခဲ့ပါဘူး။ နောက်တခါ မနေ့ကစစ်တဲ့ရဲမှူးဟာ ခရစ္စတိုဖာရယ်၊ နောက် အင်္ဂလိပ် စကော့တလန်က အင်္ဂလိပ်မ ၃ ယောက်၊ ဟန်နာ့ရဲ့မိတ်ဆွေ အဲဒီ ၃ ယောက်ရဲ့ စစ်ချက်တွေကို မနေ့က သက်သေခံ ရုံးတော်ကို တင်ပါတယ်။ တင်တဲ့အခါမှာ ကျနော်တို့ဘက်က ပြန်လှန်မေးခွန်းမေးခွင့် မရခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကာယကံရှင်ကိုယ်တိုင် တရားရုံးမလာလို့ပါ။ ဒါကြောင့် ကျနော်တို့က မေးတဲ့အခါ ဒီလူတွေလာဖို့အတွက် ဗီဇာမရှိလို့ပါဆိုတဲ့ အကြောင်းပြချက်ကို ရဲက ပြောပါတယ်။ ထို့အတူပဲ သူ့ရဲ့ဆရာဖြစ်တဲ့ ကော့ဖငန်းရဲစခန်းမှူး အစစ်ခံစဉ်တုန်းကလည်း ရှောင်ရဲ့စစ်ချက်ဆိုပြီး ဒီလိုပဲ တင်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း ဒီစစ်ချက်အပေါ်မှာ ကျနော်တို့ တရားခံဆိုက်က ပြန်လှန်မေးခွန်းမေးခွင့်ကို ကာယကံရှင်မလာလို့ မရခဲ့ပါဘူး။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ဥပဒေ နားလည်တဲ့သူတွေက ဥပဒေအရ ဆောင်ရွက်ခြင်းတွေ ပျက်ကွက်တာ များစွာ တွေ့ရပါတယ်။"

တယ်လီဖုန်းနဲ့ ညွှန်ကြားတယ်ဆိုတာ အန်ကယ်တို့အတွက် ထောက်ကွက်ရနိုင်စရာ ရှိလား။

"ရှိတာပေါ့။ ကျနော်တို့ ဒီတယ်လီဖုန်းဆိုရင် လူသတ်ခိုင်းလည်း သတ်လို့ရတာပဲ။ ဒါပေမယ့် သတ်ဖို့ဆိုတဲ့ အထောက်အထားက တရားရုံး မတင်ပြနိုင်ရင် တရားမ၀င်ဘူးလေခင်ဗျာ။ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ ဒါ မလိမ့်တပတ်ပြောတဲ့ သဘောပဲ။ ဥပမာဆိုပါတော့ ခုနကတုန်းက ကျနော်တို့ သက်သေခံအထောက်အထား အတိအကျပြောနေတဲ့ ၀ရမ်းတောင်းစဉ်တုန်းက ဘာဖြစ်လို့ တူနဲ့ထုတယ်ဆိုတာကို ရေးထားလဲ ဆိုတာကို တကယ်သာ သူတို့ မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင် တူနဲ့ဆိုတာကို ပြန်ပြင်ပြီးတော့ ရိုက်ပြီးတော့ အဲဒီကတည်းက တင်ရမှာ။ ဒါပေမယ့် မြန်မာလူမျိုးဆိုပြီးတော့ ဖြစ်ကတတ်ဆန်း လုပ်ပြီးတော့ တူဆိုလည်း တူပါစေကွာ၊ နောက်ကျမှ ပေါက်တူးပြင်တယ် ဆိုတာမျိုးလား။ ဒါမှမဟုတ် နဂိုကတည်းကကို သူတို့စစ်ချက်တွေ မှားနေတာလား မသိဘူး။ တရားခွင်မှာ သက်သေခံကြီးကို တည့်တည့်တွေ့နေပါတယ်။"

(သေသူအမျိုးသမီးလက်မှာ တွေ့ရှိတဲ့ သက်သေခံပစ္စည်း) ဆံပင်နဲ့ပတ်သက်လို့ ဘာထူးခြားတာ တွေ့ရသလဲ။

"ဆံပင်နဲ့ပတ်သက်လို့ကတော့ ထူးခြားချက်ဆိုတာ ပြောရမယ်ဆိုရင် ကျနော်ကိုယ်တိုင် ဟိုတခါ ကျနော့် ဖေ့စ်ဘွတ်မှာ တင်ပြီးပါပြီ။ ကလေး ဇော်လင်းလေးရဲ့ဆံပင်ကို ကျနော်ကိုယ်တိုင် တရားခွင်ရှေ့မှာ ကိုင်ကြည့်ပါတယ်။ ဇော်လင်းလေးက ဆံပင်ကောက်ပြီးတော့ ဆံပင်မာပါ။ ၀င်းဇော်ထွန်းလေးက ဆံပင်ဖြောင့်ပြီးတော့ ဆံပင်မာပါ။ ဒါပေမယ့် ဒီဆံပင်ကို ကျနော်တို့ အမှုစစ်ရဲမှူးကြီး ထွက်ဆိုချက်မှာ ပျော့ပြောင်းပြီးတော့ နီညိုရောင်ဆံပင်၊ ရွှေရောင်ဆံပင်လို့ ပြောထားတာပါ။ အဲဒီတော့ ဆံပင်ချင်းက ကွဲလွဲနေသော်ငြားလည်းပဲ အမှုစစ်ရဲအနေနဲ့ ဒီဆံပင်အကြောင်းနဲ့ ပတ်သက်လို့ အမှုစစ်ဆရာဝန်ထံကို ဆက်သွယ်ပြီးတော့ ဘာမှဆောင်ရွက်ခြင်း မရှိဘူးဆိုတာ ပေါ်လွင်ပါတယ်။"

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013