DVB Logo
Home
ရွေးကောက်ပွဲ
ဥပဒေ နဲ့ မညီတဲ့ ဆုံးဖြတ်ချက်၊ ဒါ မတရားမှု တခုအနေနဲ့ သုံးသပ်တယ် - ဦးရွှေမောင်
DVB
·
September 2, 2015
ဥပဒေ နဲ့ မညီတဲ့ ဆုံးဖြတ်ချက်၊ ဒါ မတရားမှု တခုအနေနဲ့ သုံးသပ်တယ် - ဦးရွှေမောင်
Donate to DVB

တနိုင်ငံလုံး ကိုယ်စားလှယ်လောင်း စိစစ်ခြင်းလုပ်ငန်းတွေ ပြီးဆုံးတဲ့နောက် ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ပယ်ခံရတဲ့ ကိုယ်စားလှယ်ပေါင်း ၈၈ ဦးရှိပြီး ရခိုင်မှာ ၂၈ ဦးနဲ့ အများဆုံး ပယ်ချခံရပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်တခုတည်းမှာတင် ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မညီလို့ ပယ်ချခံရသူ ၁၉ ဦးရှိပြီး အများစုက မိဘနှစ်ဦး နိုင်ငံသားမဖြစ်တဲ့အချက်နဲ့ ငြိလို့ဖြစ်ကြောင်း ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင် မဲဆန္ဒနယ် ကိုယ်စားလောင်းအဖြစ်ကနေ ပယ်ချခံခဲ့ရတဲ့ ဦးရွှေမောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးရွှေမောင် ကိုယ်စားလှယ်လောင်းအဖြစ်က အပယ်ခံရတာတော့ သိတယ်၊ အခု နောက်ဆုံး အခြေအနေလေး ပြောပြပေးပါဗျ။

“ကျနော်နဲ့ ဒေါ်ခင်ခင်လွင် ၂ ယောက်က ၂၇ ရက်မှာ အယူခံလွှာတင်တယ်။ တင်တော့ ကျနော်တို့ကို စက်တင်ဘာ ၁ ရက်မှာ ကြားနာ ဆုံးဖြတ်ဖို့အတွက် ခေါ်တယ် ၁ ရက်နေ့ မနက် ၁၀ နာရီရောက်သွားပြီး အဲ့ဒီမှာ အထောက်အထား စုံစုံလင်လင် တင်ပြတယ်၊ ကျနော်ရဲ့ မိဘဘက်က ဘိုးဘွားတွေ အများစုက မြန်မာနိုင်ငံလွတ်လပ်ရေး မရခင် ဆုံးသွားတော့ အဲ့ဒီမတိုင်ခင် ဘာမှ မရှိဘူးလေ။ အမျိုးသားမှတ်ပုံတင် စနစ်လည်း မရှိသေးဘူး၊ နိုင်ငံသားလက်မှတ်လည်း မထုတ်ပေးသေးဘူးဆိုတော့ ကျနော့်မှာ တော်တော်ရှေးဟောင်းကျတဲ့ အထောက်အထားတွေ ရှိတယ်။ ၁၉၂၅ ခုနှစ်က ကျနော့် အမေဘက်က အဘိုး၊ သူ မြေခွန်ဆောင်ခဲ့တဲ့ ပြေစာတွေ၊ နောက်တခါ ၁၉၂၅ ခုနှစ်က လယ်မြေ၀ယ်ခဲ့တဲ့ အထောက်အထားတွေ၊ နောက် အဖေဘက်က အထောက်အထားတွေ၊ ကျနော့်အဖေက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ပြီးမှ သူပင်စင်ရခဲ့တယ်၊ ပင်စင်ဆိုတာက နိုင်ငံသား မဟုတ်ရင် မရဘူးဗျ။ ပြီးရင် ၁၉၅၀ ခုနှစ်မှာ တိုင်းရင်းသား နိုင်ငံသား အားလုံးကို ထုတ်ပေးခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် သက်သေခံကတ်ပြားတွေ ကိုင်ဆောင်ခဲ့တယ်။ ဒီလို အထောက်အထား စုံစုံလင်လင်ကိုလည်း ကျနော် တင်ပြထားတယ်၊ ရခိုင်ပြည်နယ်ကော်မရှင် အဖွဲ့ခွဲကို ကျနော် အယူခံလွှာတင်သွင်း တုန်းကပေါ့။ မူရင်းတွေလည်း ကျနော် မနေ့က ယူသွားတယ်၊ ကျနော် သွားခဲ့တာက ကြားနာပွဲ၊ ဒါပေမယ့် ဒါက ကြားနာပွဲ မဟုတ်ဘူး၊ ဒါက တထစ်ချ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ပွဲလို့ပဲ ပြောရမှာပေါ့။ အဲ့ဒီတော့ ၁၀ စ္စကန့်တောင် မကြာဘူး၊ ဘာပြောလိုက်လဲဆိုတော့ ဦးရွှေမောင်ရဲ့ အယူခံလွှာကို ပလပ်လိုက်သည်၊ ဒေါ်ခင်ခင်လွင်ရဲ့ အယူခံလွှာကိုလည်း ပလပ်လိုက်သည်။ ကျနော်တို့ကို ရှင်းပြခွင့်ပေးပါဦး၊ ကျနော်တို့ အထောက်အထားတွေယူလာတယ်၊ ဆိုတော့ မဟုတ်ဘူးတဲ့၊ ဆုံးဖြတ်ချက်ချပြီးပြီတဲ့၊ တင်ပြခွင့် မရှိပါဘူးတဲ့။ ဒီကနေ့ ဆုံးဖြတ်တဲ့ဟာကို စာနဲ့ ထုတ်ပေးပါမယ်တဲ့၊ အဲ့ဒါနဲ့ သွားပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အယူခံလို့ ရပါတယ်တဲ့၊ ၁ နာရီလောက်စောင့်ပြီးတော့ အဲ့ဒီစာရွက်ကိုယူတယ်၊ ယူပြီးတော့ အဲ့ဒီမှာ ဘာသွားတွေ့ရလဲဆိုတော့ မိဘဘိုးဘွားကနေ မည်သည့် အထောက်အထားမှ မတင်ပြနိုင်ပါတဲ့၊ ကျနော်ပြန်သွားပြောတယ်။ ဒီမှာ ဥက္ကဋ္ဌကြီလို့ ကျနော့်ဘက်က အထောက်အထားတွေကို ၂၇ ရက်နေ့ကလည်း တင်ပြထားတယ်၊ ဒီနေ့လည်း ကျနော် အထောက်အထားတွေ အများကြီး ယူလာတယ်၊ အဲ့ဒါကိုလည်း ဘာမှ မကြည့်တဲ့အပြင် အထောက်အထား မတင်ပြဘူးဆိုပြီးတော့ ရေးထားပြီးတော့ ဆုံးဖြတ်လိုက်တာဟာ နည်းနည်းလေး လိုအပ်နေတယ်၊ ဒါကို ပြန်သုံးသပ်ပေးပါဦး၊ လုပ်ပါဦးဆိုတော့ မဟုတ်ဘူးတဲ့၊ အပေါ်ပဲသွားတဲ့၊ ဘယ်အပေါ်သွားရမှာတုန်းဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သွားပြီးတော့ အယူခံပါတဲ့။ ဒီနေရာမှာ ကျနော်ပြောချင်တာက ကျနော်တို့ အထောက်အထားကို တင်ပြပါလျက် မည်သည့်အထောက်အထားကိုမှ မကြည့်ဘူး၊ မသုံးသပ်ဘူး၊ အတင်မခံဘဲနဲ့ တဖက်သတ် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက် တခုပဲ။ ဒါက တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ ပုံစံလည်း ဖြစ်နေတယ်။ ကျနော် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်နေပြီ၊ ၂၀၁၀ တုန်းကလည်း ကျနော့်ကို မောင်တောခရိုင်ကရော၊ ရခိုင်ပြည်နယ်ကော်မရှင်ကရော အတည်ပြုပြီးမှ လက်ရှိ ကျနော် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်နေတော့ ဒါ တော်တော့်ကိုဗျာ၊ ဥပဒေနဲ့ မညီတဲ့ ဆုံးဖြတ်ချက် ဒါ မတရားမှု တခုအနေနဲ့ သုံးသပ်တယ်။”

၂၀၁၀ တုန်းကလည်း ကော်မရှင်က ပယ်ပေမယ့် အာဏာရပါတီက ခေါ်သွားတယ်ဆိုတဲ့ သတင်းလည်း ထွက်လာတယ်။ အဲ့ဒါ ဘယ်လောက်မှန်လဲ ဦးရွှေမောင်။

“အဲ့ဒါ လုံးဝ မမှန်ပါဘူး။ ဘာလို့ဆိုတော့ ဥပဒေမှာ အဲ့ဒီလို မရှိပါဘူး၊ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာရပါတီလည်း မရှိပါဘူး၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း မည်သည့်ပါတီမှ အာဏာလည်း မရသေးဘူး၊ နိုင်လဲ မနိုင်သေးဘူး၊ အကုန်လုံးက ဥပဒေနဲ့အညီပဲ လုပ်တာ။ ကျနော်လည်း မောင်တောခရိုင်ကော်မရှင်မှာ တင်ပြခဲ့တဲ့ အထောက်အထားနဲ့ ယခု တင်ပြတဲ့အထောက်အထားလည်း အတူတူပဲ၊ အခုတောင်မှ ပိုတောင် တင်ပြသေးတယ်။ ၂၀၁၀ တုန်းကမှ တင်ပြတာ နည်းနည်း နည်းသေးတယ်။ ဆိုတော့ ဒါ အဲ့ဒီတုန်းက အာဏာရပါတီရဲ့ ဖြစ်ရပ်ကြောင့် ဟိုလိုလုပ်တယ်၊ ဒီလိုလုပ်တယ်ဆိုတာတော့ ကျနော် မသိဘူး။ အဲ့ဒီလိုမျိုး လုပ်ခဲ့လား၊ မလုပ်ခဲ့ဘူးလားဆိုတာတော့ သက်ဆိုင်ရာ လူကြီးတွေပဲ မေးရမှာ၊ ကျနော်ကတော့ အဲ့ဒါမျိုးလည်း ဘယ်သူမှ မပြောခဲ့ဘူး၊ ကျနော်တော့ ဥပဒေနဲ့အညီ တင်တယ်၊ ဥပဒေနဲ့အညီပဲ ကျနော်တို့ကို ဆုံးဖြတ်ခဲ့တယ်။ ကျနော်တို့ရဲ့ တင်ပြချက်ကို ပယ်တယ် ဆိုပြီးတော့လည်း မောင်တောခရိုင်ကော်မရှင်က မပြောခဲ့ပါဘူး၊ အဲ့ဒီတုန်းက အတည်ပြုကြောင်း ကြေညာတာပဲ ကျနော် တွေ့ခဲ့ရပါတယ်။”

ဒီကြားထဲမှာများ ရွေးကောက်ပွဲကော်မရှင် ဥပဒေ နည်းဥပဒေတွေကို ပြင်လိုက်ပြီး ပယ်ချတာရော ဖြစ်နိုင်လား။

“လုံးဝ မဟုတ်ပါဘူး၊ ကျနော် လွှတ်တော်မှာ ၅ နှစ်လုံးလုံး ရှိပါတယ်။ အခု ကျနော်တို့ကို ပြောတဲ့ ၁၀(င)တို့ ၈(ဃ) တို့၊ ပြီးတော့ အယူခံကိစ္စတို့ ကိစ္စအ၀၀ပေါ့ ပြင်တာတွေ ရှိတယ်။ အခြားကိစ္စတွေပါ၊ မဲစာရင်းကိစ၊ မဲရုံဝန်ထမ်းတွေကိစ္စ စသဖြင့် အနည်းအကျဉ်းပဲ ရှိတယ်။ သို့သော် နိုင်ငံသားနဲ့ ပတ်သက်တဲ့ကိစ္စ၊ နိုင်ငံသား အရည်အချင်းရှိမှု၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းရှိမှု ကိစ္စတွေက ၂၀၁၀ တုန်းက ဥပဒေနဲ့ အခု လက်ရှိ ဥပဒေနဲ့တော့ အတူတူပါပဲ။”

အဲ့ဒီတော့ ဥပဒေက အတူတူပဲဆိုတော့ အခု ပယ်ချခံရတဲ့ကိစအပေါ် ဘယ်လို သုံးသပ်ချင်လဲ။

“ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ့ရဲ့ လုပ်ရပ်ကို ကြည့်ရတာကတော့ ဘာမှကို ကြားနာစစ်ဆေးမှု သေချာ မလုပ်ဘဲနဲ့ သူတို့ လုပ်ချင်တဲ့ဟာ တခုကိုပဲ လုပ်လိုက်တယ်၊ ဆုံးဖြတ်လိုက်တယ်၊ ဒီလိုပဲ ကျနော်တွေ့တယ်၊ ကျနော် ဒီမှာ ယူဆတာကတော့ ဒီဟာကို ရခိုင်ပြည်နယ်မောင်တောခရိုင်ကော်မရှင်နဲ့ ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲကို တစုံတခုသောအဖွဲ့၊ တစုံတခုသော ပုဂ္ဂိုလ်အဖွဲ့အစည်းက Pressure (ဖိအား) များ ပေးပြီးတော့ ဒီလိုများ လုပ်တာလားလို့ ကျနော် သံသယ ဖြစ်မိတယ်။”

အဲ့ဒီတော့ ဦးရွှေမောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆက်တက်ရင်ကော အဆင်ပြေနိုင်ပါ့မလား။

“မနေ့က သူတို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ကျနော် သွားတင်ပြတော့ ရခိုင်ပြည်နယ်ကော်မရှင်ဥက္ကဋ္ဌက ကျနော့်ကို ၅ ကြိမ်ပြောတယ်၊ ဦးရွှေမောင် ကျနော့်ကို ပြောမနေနဲ့တော့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုသာ သွားပါတော့၊ ဒေါ်ခင်လွင်လွင်ကိုလည်း အလားတူ ပြောတယ်။ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၇(က)မှာ ခရိုင်က ပယ်တာကို မကျေနပ်တဲ့ ပုဂ္ဂိုလ်တွေက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတွေကို သတ်မျတ်ထားတဲ့အတိုင်း အယူခံခွင့် ရှိတယ်၊ ပုဒ်မ ၂၇(ခ)မှာ ဘာပါသလဲဆိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရဲ့ အဆုံးအဖြတ်သည် ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်မှ တပါး အပြီးအပြတ် ဖြစ်စေရမည်လို့ ရေးထားတယ်ဗျ၊ ပုဒ်မ ၅၃ မှာ ဘာရေးထားသလဲဆိုတော့ ရွေးကောက်ပွဲကိစ္စအတွက် ကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်းပြီး ကော်မရှင်သည် မိမိ၏ဆန္ဒအလျောက် သက်ဆိုင်ရာအမှုတွဲ စာရွက်စာတမ်းများကို တောင်းယူကြည့်ရှု၍ လိုအပ်သလို အဆုံးအဖြတ်ချမျတ်နိုင်သည်၊ ယင်း ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်၊ ပုဒ်မ ၂၇ နဲ့ ၅၃ကို ကြည့်လိုက်တဲ့အခါကျတော့ ကျနော်တို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အယူခံပိုင်ခွင့် မရှိဘူး၊ သို့သော်လည်း တင်ပြပိုင်ခွင့် ရှိတဲ့ သဘော ဖြစ်နေတယ်၊ အယူခံနိုင်တဲ့ဟာ ဥပဒေမှာ တိတိကျကျ မပါဘူး။ အခု ဥပဒေကို ဖတ်ကြည့်တယ်၊ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ကြည့်လိုက်တဲ့အခါကျတော့ ဒါဟာ အယူခံခွင့် မရှိဘူး၊ အယူခံခွင့် မရှိတဲ့ဟာကို အယူခံခွင့် ရှိတယ်လို့ ပြောပြီးမှ ဆုံးဖြတ်လိုက်တာဟာလည်း ဥပဒေနဲ့ မညီတဲ့သဘော ဖြစ်နေတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013