DVB Logo
Home
မြန်မာသတင်း
ကိုယ်စားလှယ်လောင်း ၈၈ ဦး ပယ်ခံရ၊ ရခိုင်က ၂၈ ဦးဖြင့် အများဆုံး
DVB
·
September 2, 2015
ကိုယ်စားလှယ်လောင်း ၈၈ ဦး ပယ်ခံရ၊ ရခိုင်က ၂၈ ဦးဖြင့် အများဆုံး
Donate to DVB

တနိုင်ငံလုံး ကိုယ်စားလှယ်လောင်း စိစစ်ခြင်းလုပ်ငန်းတွေ ပြီးဆုံးတဲ့နောက် ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ပယ်ခံရတဲ့ ကိုယ်စားလှယ်ပေါင်း ၈၈ ဦးရှိပြီး ရခိုင်မှာ ၂၈ ဦးနဲ့ အများဆုံး ပယ်ချခံရပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်တခုတည်းမှာတင် ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မညီလို့ ပယ်ချခံရသူ ၁၉ ဦးရှိပြီး အများစုက မိဘနှစ်ဦး နိုင်ငံသားမဖြစ်တဲ့အချက်နဲ့ ငြိလို့ဖြစ်ကြောင်း ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

“ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၀) ပုဒ်မခွဲ (င) အဓိက အဲ့ဒါနဲ့ ငြိတယ်။ မိဘနှစ်ပါး နိုင်ငံသားမဖြစ်တာပဲ။ ကိုယ်စားလှယ်လောင်းဟာ နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားသော နိုင်ငံသား ဖြစ်ရမယ်လေ။ အခု ပယ်ခံရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံသား မိဘနှစ်ပါးက မွေးတဲ့သူတွေ မဟုတ်ဘူး။”

အစ္စလမ်ဘာသာဝင်တွေနဲ့ စုစည်းထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်လောင်း ၁၈ ဦး တင်ရာမှာ ၁၇ ဦး အပယ်ခံရပြီး ကော်မရှင်ရဲ့ အကြောင်းကြားစာမှာတော့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မကိုက်ညီလို့ ပယ်တယ်လို့ ဖော်ပြထားကြောင်း  ပါတီဥက္ကဋ္ဌ ဦးကျော်မင်းက ပြောပါတယ်။

“မောင်တောခရိုင်က အကြောင်းကြားစာမှာ ကော်မရှင်က အဆိုပြုလွှာတွေကို စိစစ်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိကြောင်း တွေ့ရှိရသဖြင့် ကိုယ်စားလှယ်စာရင်းမှ ပယ်သည်ဆိုတဲ့စကားပဲ၊ ဥပဒေဆိုတာထက် ပေါ်လစီပေါ့၊ ဥပဒေပိုင်းထက် ပေါ်လစီပိုင်း ရှိလား မသိပါ။”

ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်ကနေ တသီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းခဲ့တဲ့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်လည်း ကော်မရှင်က ပယ်ချတဲ့ထဲ ပါဝင်ပြီး စက်တင်ဘာ ၁ ရက်မှာ ပြည်နယ်ကော်မရှင်ထံ အယူခံဝင်တာ ပယ်ချခံရတဲ့အကြောင်း ဦးရွှေမောင်က ခုလို ပြောပြပါတယ်။

“ကျနော်နဲ့ ဒေါ်ခင်ခင်လွင် ၂ ယောက်က ၂၇ ရက်မှာ အယူခံလွှာတင်တယ်။ တင်တော့ ကျနော်တို့ကို စက်တင်ဘာ ၁ ရက်မှာ ကြားနာ ဆုံးဖြတ်ဖို့အတွက် ခေါ်တယ်။ ၁ ရက်နေ့ မနက် ၁၀ နာရီရောက်သွားပြီး အဲ့ဒီမှာ အထောက်အထား စုံစုံလင်လင် တင်ပြတယ်။ ကျနော် သွားခဲ့တာက ကြားနာပွဲ။ ဒါပေမယ့် ဒါက ကြားနာပွဲ မဟုတ်ဘူး၊ ဒါက တထစ်ချ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ပွဲလို့ပဲ ပြောရတော့မယ်။ ၁၀ စက္ကန့်တောင် မကြာဘူး၊ ဘာပြောလိုက်လဲဆိုတော့ ဦးရွှေမောင်ရဲ့ အယူခံလွှာကို ပလပ်လိုက်သည်၊ နောက်တခါ ဒေါ်ခင်လွင်လွင်ရဲ့ အယူခံလွှာကိုလည်း ပလပ်လိုက်သည်။”

ပြည်နယ်ကော်မရှင်က ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်တဲ့အတွက် တင်ပြခွင့်လည်း မပြုခဲ့ဘူးလို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်တင်သွင်းတာကို ငြင်းပယ်ခံရသူတွေထဲမှာ ၁၉၉၀နဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့ဖူးတွေနဲ့ အနိုင်ရခဲ့ဖူးတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ ပယ်ချခံရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ စက်တင်ဘာ ၃ ရက်ကစပြီး တပတ်အတွင်း သက်ဆိုင်ရာကော်မရှင်တွေထံ အယူခံဝင်နိုင်ကြတယ်လို့ စက်တင်ဘာ ၁ ရက်က မီဒီယာကို ပြောထားပါတယ်။

သက်ဆိုင်ရာကော်မရှင်အဖွဲ့တွေက ထပ်ပြီး ပယ်ချရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်လက် တင်ပြနိုင်ပေမယ့် အယူခံဝင်တဲ့သဘော မဟုတ်တော့ဘဲ တင်ပြချက် သက်သက်ပဲ ဖြစ်ပါမယ်။

ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေအရ ပြည်နယ်ကော်မရှင်က ပယ်ခံရတဲ့ ကိုယ်စားလှယ်လောင်းဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အယူခံပိုင်ခွင့် မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013