DVB Logo
Home
မြန်မာသတင်း
ရွှံ့နွံများ ဖုံးလွှမ်းသွားသော ကျေးရွာတရွာလုံး ရွှေ့ပြောင်း
DVB
·
September 2, 2015
ရွှံ့နွံများ ဖုံးလွှမ်းသွားသော ကျေးရွာတရွာလုံး ရွှေ့ပြောင်း
Donate to DVB

ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့က တရွာလုံး ရွှံ့နွံတွေအောက် ရောက်ရှိသွားခဲ့တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်က ဟားခါးလေးကျေးရွာဟာ လက်ရှိရွာဟောင်းမှာ ဆက်ပြီးနေထိုင်ဖို့ မသင့်တော့တဲ့အတွက် နေရာသစ်ကို ရွှေ့ပြောင်းသွားရပြီ ဖြစ်ပါတယ်။

ဟားခါးလေးကျေးရွာက အိမ်ထောင်စုဝင် ၃၇ စု အပါအ၀င် ဇူလိုင်လနောက်ဆုံးပတ်က မြေပြိုမှုဒဏ်ခံခဲ့ရတဲ့ တွီးခီဇန်ရွာကိုလည်း ပြောင်းရွှေ့ပေးခဲ့ပြီလို့ ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးကျင်လျန်ပေါင်က ဒီဗွီဘီကို ပြောပါတယ်။

“ဟားခါးလေးရွာက ၃၇ အိမ်၊ အဲဒီမိသားစုဝင်တွေကို သြဂုတ်လ ၂၈ ရက်နေ့ကပဲ ချက်ချင်း ပြောင်းလိုက်ပါတယ်။ အရင်လက မြေပြိုတဲ့ တွီးခီဇန် (က) ရွာက ၄၈ အိမ်လည်း တခါ တည်းပြောင်းတယ်။ သူတို့ရွာနဲ့ တမိုင်ကျော်လောက်ဝေးတဲ့ စိန်းတွမ်းရွာဘက်မှာ။ ယာယီတဲတွေ လည်း ဆောက်ပြီးသွားပြီ။ စားနပ်ရိက္ခာတွေလည်း တခါတည်း ပို့လိုက်တယ်။ ရေရှည်အတွက် အလုပ်အကိုင်ကတော့ လယ်တွေလည်းပျက်သွားပြီဆိုတော့ အခက်အခဲရှိမှာသေချာတယ်။ ပြန်လည်ထူထောင်ရေးအတွက် ချင်းပြည်နယ်အစိုးရကလည်း စီစဉ်နေပါတယ်။ ဒီချိန်က လယ်စိုက်လို့ အချိန်မမီတော့ဘူး။ ဆောင်းသီးနှံဘဲ စိုက်ရမယ်၊ ဘာစိုက်မလဲဆိုတာ ဆုံးဖြတ်လို့ မရသေးဘူး”

တွန်းဇံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လက ရေဘေးသင့်ပြီး အိမ်တွေပြိုကျခဲ့တဲ့  နားစံရွာဟောင်း၊ နားစံရွာသစ်နဲ့ တာဆန် စတဲ့ရွာတွေလည်း ရွှေ့ပြောင်းဖို့ရှိပြီး နေရာသစ်ကိုလည်း လျာထားပြီးကြောင်း၊ ဒါပေမယ့် အဲဒီနေရာကို ရွာသားတွေ ကြိုက်မကြိုက် မေးရဦးမယ်လို့ သူက ဆက်ပြောပါတယ်။

တွန်းဇံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်ကနေ သြဂုတ်လနောက်ဆုံးပတ်ထိ သဘာ ၀ဘေးအန္တရာယ် သင့်မှုကြောင့် နေအိမ် ၆၇ လုံး ရေမြှုပ်ခံရပြီး၊ အိမ် ၂၆၀ လုံးပြိုကျကာ အိမ်ထောင်စုပေါင်း ၃၇၇ စုက လူပေါင်း ၁၉၇၃ ဦး ဘေးဒဏ်သင့်ခဲ့ပါတယ်။

ဒါ့အပြင် စာသင်ကျောင်း ၈ ကျောင်း ပြိုကျပျက်စီးပြီး လယ်ယာမြေ ဧကပေါင်း ၉၁၈ ဧက နဲ့ ဆည် ၃ ခု ပျက်စီးခဲ့တယ်လို့  ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013