DVB Logo
Home
မြန်မာသတင်း
ကာမိုင်းမြို့ခံတဦးကို စစ်တပ်က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံး
DVB
·
September 1, 2015
ကာမိုင်းမြို့ခံတဦးကို  စစ်တပ်က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံး
Donate to DVB

ကချင်ပြည်နယ် ကာမိုင်းမြို့ ဇီးကျွန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ ၄ ဦးကို အစိုးရ ခြေလျင်တပ်ရင်း ၂၅၀ က ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်တပ်ဖမ်းဆီးချိန်အတွင်းမှာပဲ တဦး သေဆုံးခဲ့တယ်လို့ ဒီအမှုကို ကူညီနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့က ဇီးကျွန်းရပ်ကွက်နေ ဦးသန်းလွင်၊ ဦးဖိုးသဲနဲ့ ဦးမောင်ကြိုင်တို့ဟာ ဦးတူးဂျာအိမ်မှာ စားသောက်နေကြစဉ်မှာ ခလရ ၂၅၀ က ဗိုလ်မှူးရဲကျော်သူတို့ အဖွဲ့ကနေပြီး  လာရောက် ဖမ်းဆီးခဲ့တာလို့ ရှေ့နေ  ဦးမာခါးက ပြောပါတယ်။

ဖမ်းဆီးခံရသူလေးဦးအနက် ဦးတူးဂျာဟာ နှိပ်စက်ခံရတဲ့ဒဏ်နဲ့ ဇွန်လ ၂၆  ရက်နေ့ညက  သေဆုံးခဲ့ပြီး ကျန်တဲ့ ၃ ဦးကိုတော့ဇွန်လ ၂၈ ရက်နေ့မှာ ငွေ ၅ သောင်းဆီပေးပြီး လွှတ်ခဲ့တာလို့ ပြန်လွတ်လာသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရှေ့နေဦးမာခါးက ပြောပါတယ်။

“သူတို့ ချုပ်ထားတာ ၄ ယောက်ထဲက ၃ ယောက်ထွက်လာတာပေါ့နော်။ အဲဒီ ၃ ယောက်ထဲက ၂ ယောက်နဲ့ ကျနော်တို့ တွေ့တဲ့အခါကျတော့ ဦးတူးဂျာကတော့ ဖမ်းဆီးခံရတဲ့ အချိန်မှာလည်း နှိပ်စက်ညင်းပမ်းမှုတွေ လုပ်တယ်ပေါ့ဗျာ။ ရေလည်း ကောင်းကောင်းမတိုက်ဘူး။ အစာလည်း ကောင်းကောင်းမကြွေးဘူး။ နောက် အလင်းမရှိတဲ့ အမှောင်တိုက်ထဲမှာ ထည့်ထားတော့ လေ၀င်လေထွက်လည်း သိပ်မကောင်းဘူးပေါ့နော်။ ဒါနဲ့ ဦးတူးဂျာက စစ်တပ်ဖမ်းဆီးခံရတဲ့ အချိန်မှာပဲ ဆုံးသွားတယ်။”

သူတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကပါဆိုပြီး ဖမ်းဆီးစစ်ဆေးခဲ့တာလို့ ပြောပါတယ်။

“သူတို့ကိုတော့ ကေအိုင်အေလို့ ထင်တာပေါ့ဗျာ။ စစ်တဲ့အချိန်မှာလည်း သေနတ်နဲ့ ဖုန်းပေးဖို့ ပြောတာပေါ့နော်။ မင်းတို့ကေအိုင်အေ မဟုတ်လား။ သေနတ်ဘယ်မှာ ဖွဲ့ထားလဲ၊ သေနတ်နဲ့ ဖုန်းထုတ်ပေးဖို့ ထုတ်ပေး ရင်ပြန်လွှတ်ပေးမယ်ဆိုပြီး အဲလိုပြောတာပေါ့။”

ပြန်လွတ်လာသူသုံးဦးကို စစ်တပ်က ပြန်မလွှတ်ခင်မှာ ကာမိုင်းမြို့ ဇီးကုန်ရပ်ကွက်ကို မပြန်ဘဲ အဝေးမှာ သွားနေခိုင်းတာကြောင့် သူတို့ဟာ တခြားနေရာတွေမှာ ထွက်ပြေးပုန်း အောင်းနေရတယ်လို့လည်း ဆိုပါတယ်။

ဒီဗွီဘီက ထွက်ပြေးပုန်းအောင်းနေသူ ဒေသခံ ၃ ဦးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ပြန်လွတ်လာသူတွေနဲ့ မေးမြန်းခွင့်ရတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း စစ်တပ်က ဖမ်းဆီးခံ အရပ်သားတွေကို ညှဉ်းပန်းနှိပ်စက်မေးမြန်းရင်း အသက်သေဆုံးတဲ့အထိ ဖြစ်ပွားခဲ့ရတာလို့ ပြောပါတယ်။

သူက “၁၉ ရက်၊ ၆ လပိုင်း ၂၀၁၅ နေ့က ဖမ်းသွားပြီးတော့ သူတို့ကို ရိုက်နှက်စစ်ဆေးတယ် ထိတ်တုန်းခတ်ထားတယ်။ လက်ပြန်ကြိုးလည်းတုတ်တယ်။ လက်မ နှစ်ဖက်ကိုလည်း ကြိုးနဲ့ချီထားတယ်။ တနေ့ကိုမှ ထမင်းတနပ်ကြွေးတယ်။ လူနှစ်ယောက်ကိုမှ သောက်ရေသန့်တဗူးပဲ ပေးတယ်။ သူတို့ကို အဲလို စစ်ဆေးနေတဲ့အချိန်မှာ သူတို့ဟာ ဆီးလည်း မသွားရဘူး။ ၀မ်းလည်း မသွားရဘူး။ ဆီးသွားရင် သောက်ရေသန့်ဗူးနဲ့ပဲ သွားရတယ်။ နော်ကဆုံး ရေသိပ်ငတ်လွန်းတဲ့အခါကျတော့ ဆီးကိုပါ သောက်ရတဲ့ဘ၀ ရောက်တယ်။ နောက်ဆုံး ဇွန်လ ၂၅ ရက်နေ့ကျတော့ အုန်ဆောတူးဂျာဆိုတဲ့ လူက သေသွားတယ်။ ၂၆ ရက်နေ့မှာ အလောင်းကို လာထုတ်ပြီး စစ်မိုးကာနဲ့ ပတ်ပြီး သယ်သွားပြီးတော့ ၂၈ ရက်နေ့မှာ ကျန်တဲ့သူ ၃ ယောက်ကို လွှတ်လိုက်တယ်။” လို့ ပြောပါတယ်။

ဦးတူးဂျာအိမ်ပြန်မရောက်လို့ သူ့ ယောက္ခမ ဒေါ်မွေဖုထုက  ကာမိုင်းရဲစခန်းကို တိုင်ကြား ခဲ့ပါတယ်။ ကာမိုင်းရဲစခန်းကို မေးမြန်းရာမှာ လူပျောက်မှုနဲ့ အမှုဖွင့်ပြီး ဒီအမှုကို ရဲက စစ်ဆေးနေဆဲဖြစ်နေတယ်လို့ ရဲအုပ် ကျော်ညွန့်က ပြောပါတယ်။

“စစ်ဆေးမှုကတော့ ကျနော်တို့ကတော့ ဒီ သူက ၄ ယောက်ဖမ်းသွားတာပေါ့ဗျာ။ ၃ ယောက်ကို ပြန်လွှတ်လိုက်တယ်လို့တော့ ကြားပါတယ်။ ဒါပေမယ့် တပ်ကိုကျနော်တို့က လှမ်းပြီး စုံစမ်းတဲ့အခါကျတော့ ၄ ယောက်စလုံးကို လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဦးတူးဂျာဆိုတာတော့ ပျောက်နေတာပေါ့။ ပျောက်နေတဲ့ဦးတူးဂျာကို လောလောဆယ် မတွေ့ရသေးဘူး။ ကျန်တဲ့ ၃ ယောက်ကလည်း ရှောင်နေကြတယ်ပေါ့ဗျာ။ အခု လောလောဆယ်က ပျောက်တယ်ဆိုလို့ လူပျောက်မှုနဲ့ ဖွင့်ထားတာ။ အဲဒီခါ သူက သေဆုံးသွား သလား။ တကယ်ပဲ ပျောက်နေသလား တဖက်အဖွဲ့အစည်းထဲများ ရောက်နေသလားဆိုတာ သေသေချာချာ ဂဃနဏ မသိရသေးဘူးလေ” လို့ပြောပါတယ်။

ဒါအပြင် စစ်တပ်က ပြန်လွှတ်ပေးသူတွေကို ရဲက စစ်ဆေးမှုတွေ လုပ်ဆောင်ရာမှာလည်း ကာမိုင်းရဲစခန်းမှာမလုပ်ဘဲ မြစ်ကြီးနားမှာ လုပ်ဆောင်နေရတယ်လို့လည်း ရဲအုပ်ကျော်ညွန့်က ပြောပါတယ်။

“အခုလောလောဆယ် ကျနော်အမှုစစ်က မြစ်ကြီးနားမှာ သွားစစ်နေတယ်။ အဲဒီ ကလေးတွေက ကာမိုင်းကို မလာရဲလို့  တဲ့၊

ရှေ့နေဦးရောဘတ်စန်းအောင် ပြောကြားခဲ့တဲ့ ဦးတူးဂျာ ဇွန်လ ၂၅ ရက်နေ့က သေဆုံးမှု၊ ၂၆ ရက်နေ့မှာ အလောင်းသယ်ယူသွားမှုတွေကိုတော့ ရဲအုပ်ကျော်ညွန့်က ဖြေဆိုခြင်း မရှိပါဘူး။

ဦးတူးဂျာ အမှုနဲ့ပတ်သက်ပြီးတောလည်း ခလရ ၂၅၀ ကလည်း မိသားစုတွေနဲ့ ညှိနှိုင်းလိုတယ်ဆိုပြီး ကမ်းလှမ်းပေမယ့် မိသားစုဝင်တွေက ဦးတူးဂျာအလောင်းကို ပြန်မရတဲ့ အတွက် လက်မခံဘဲဖြစ်နေ တယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“အလောင်းကိုလည်း ပြန်မပေးဘူး။ အလောင်းကို ပြန်မပေးတဲ့အခါကျတော့ ဒီဥစ္စာ ပြဿ  နာက တက်တယ်။ ပြဿ  နာတက်ပြီးတော့ ကိုစောတူးဂျာရဲ့ မိန်းမကို ငွေတစ်သိန်းနဲ့ ဆန်တအိတ် လာပေးတယ်။ ပေးပြီးတော့ အဲဒါနဲ့ ဦးစောတူးဂျာရဲ့မိန်းမက ကာမိုင်းမှာ အမှုဖွင့်တယ်။ လူပျောက်မှုနဲ့ပဲ ဖွင့်ပေးထားတယ်။ အဲဒိကနေ ခလရ ၂၅၀ က ဗိုလ်မှူးရဲကျော်သူတို့က ညှိနှိုင်းလိုတယ်ဆိုပြီး ခရစ်ယာန်အသင်းတော်တွေနဲ့ ဆက်သွယ်ပေးစေလိုတယ်။ အဲဒီတော့ အဲဒီဟာက အလောင်းပြန်မရတဲ့အတွက် ညှိနှိုင်းမှုကို လက်မခံနိုင်ဘူး၊ အဲဒါဖြစ်နေတယ်” လို့ ပြောပါတယ်။

ဦးတူးဂျာကိစ္စ အမှုမှန်ပေါ်ပေါက်ရေး  ကချင်ပြည်နယ် ၀န်ကြီးချုပ်ဆီကို စာတင်ထားသလို လာမယ့်ရက်ပိုင်းအတွင်း နိုင်ငံတော်သမ္မတထံ စာရေးသားတင်ပြတောင်းဆိုမယ်လို့လည်း ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ဦးသိန်းစိန်အစိုးရလက်ထက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်တခု ပေါ်ပေါက်လာရေးမှာ ပါဝင်ကြိုးပမ်းနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူခဲ့တဲ့ အဖွဲ့ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်မခံငြင်းဆန်ပြီးနောက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေသလို တဖက်ကလည်း အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013