
မျိုးစောင့်ဥပဒေတွေထဲက တခုဖြစ်တဲ့ တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို သမ္မတဦးသိန်းစိန်က သြဂုတ် ၃၁ ရက်နေ့မှာ လက်မှတ်ရေးထိုး အတည်ပြု ပြဌာန်းလိုက် ပါတယ်။
ဒီဥပဒေမှာ ‘ဥပဒေ၊ ဘာသာ၊ ဓလေ့ထုံးတမ်းစသည်တို့အရ လင်နှင့်မယားတဦး သို့မဟုတ် တဦးထက်ပို၍ တရားဝင်ထိမ်းမြားပြီးသည့် ယောက်ကျား သို့မဟုတ် မိန်းမသည် ထိမ်းမြားမှု တည်မြဲနေစဉ်ကာလအတွင်း ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ အခြားသူတဦးနှင့် ထပ်မံထိမ်းမြားခြင်းမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမ၀င်နေထိုင်ပေါင်းသင်းခြင်းမပြုရ။’ နဲ့ “မည်သူမျှ ဥပဒေ၊ ဘာသာနဲ့ ဓလေ့ထုံးတမ်းတွေအရ ထိမ်းမြားမှုအတည်ဖြစ်နေစဉ်မှာ ထပ်မံ မထိမ်းမြားရ သို့မဟုတ် လင်မယားအဖြစ် တရားမ၀င် နေထိုင်ပေါင်းသင်းခြင်း မပြုရ။’ လို့ တားမြစ်ထားပါတယ်။
ဒီတားမြစ်ချက် ၂ ရပ်ကို ဖောက်ဖျက်ကျူးလွန်တယ်လို့ စီရင်ခံရရင် ခုနှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ပါရှိပါတယ်။
‘ယခင်က ထိမ်းမြားခဲ့ဖူးသူဖြစ်ပါက ယခင်အိမ်ထောင်နဲ့ တရားဝင်ကွာရှင်းပြတ်စဲတဲ့ အထောက်အထားတင်ပြနိုင်ရင် တခြားသူတဦးနဲ့ ထပ်မံထိမ်းမြားနိုင်တယ်’ လို့ဆိုပါတယ်။
ထိမ်းမြားမှုအတည်ဖြစ်နေစဉ်မှာ တခြားသူနဲ့ထပ်မံထိမ်းမြားရင် အိမ်ထောင်ရေးပြစ်မှု ကျူးလွန်တာဖြစ်လို့ ကျူးလွန်သူဟာ နှစ်ဦးပိုင်ဆိုင်မှုနဲ့စပ်လျဉ်းပြီး အခွင့်အရေး နစ်နာဆုံးရှုံးမှာ ဖြစ်သလို ကျန်သူဇနီး သို့မဟုတ် လင်က ကွာရှင်းခွင့်ရှိပါတယ်။ ထိမ်းမြားမှု အတည်ဖြစ်နေတာ ကို ထိန်ချန်ပြီး ထပ်မံထိမ်းမြားသူဆိုရင်တော့ ဆယ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်ကိုပါ ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ ဒီဥပဒေဟာ - ဇနီးမောင်နှံသစ္စာရှိဖို့၊ အမျိုးသမီးများ တရားမ၀င်မယားအဖြစ် ရောက်ရှိခြင်းမှ ကာကွယ်ရန်၊ အိမ်ထောင်ရေးပြသနာတွေတွေ တားဆီးနိုင်ဖို့နဲ့ ကိုယ်ကျင့်တရား ပိုမိုထိန်းသိမ်းနိုင်ကြစေဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။











