DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်ဗုံးပေါက်ကွဲမှုကြောင့် ထိုင်းရဲအရာရှိများ ပြောင်းရွှေ့ခံရ
DVB
·
September 1, 2015
ဘန်ကောက်ဗုံးပေါက်ကွဲမှုကြောင့်  ထိုင်းရဲအရာရှိများ  ပြောင်းရွှေ့ခံရ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လည်ခေါင်မှာ ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပွားပြီးတဲ့နောက် တရားခံကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံစုံစမ်းစစ်ဆေးနေရာမှာ သြဂုတ် ၃၁ ရက်က သံသယ လူ ၂ ဦးကို ထပ်မံဖမ်းဝရမ်းထုတ်ခဲ့သလို နယ်မြေခံရဲစခန်း ၂ ခုက ရဲအရာရှိတွေကိုလည်း နေရာ အပြောင်းအရွှေ့တွေ လုပ်ခဲ့ပါတယ်။

စစ်တပ်နဲ့ ရဲတွေ ပါဝင်တဲ့ ထိုင်းအမျိုးသားလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကောင်စီ အထူးအဖွဲ့ဟာ သြဂုတ် ၂၉ ရက်က မင်ပူရီမြို့နယ်ထဲက တိုက်ခန်းတွေကို ၀င်ရောက်စစ်ဆေးရာမှာ သံသယရှိသူနဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို တွေ့ရှိခဲ့ပေမယ့် နယ်မြေရဲစခန်းကတော့ သူတို့နယ်မြေထဲမှ မသင်္ကာဘွယ်ရာတွေမရှိကြောင်း အစီရင်ခံခဲ့တဲ့အတွက် အခုလို တာဝန်ဝတ္တရားနဲ့ နေရာဌာန အရွှေ့အပြောင်းတွေ လုပ်ခဲ့တာလို့ ဘန်ကောက်မြို့တော်ကွပ်ကဲရေး ရဲတပ်ဖွဲ့အမှတ် ၃ စခန်းမှူး ဒုရဲချူပ် ဆုမ်ပရဆုန်ယင်ထုမ့်ရဲ့ အပြောကို ကိုးကားပြီး နေးရှင်းသတင်းမှာဖော်ပြပါတယ်။

သြဂုတ် ၃၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ရွှေ့ပြောင်းအမိန့်စာထဲမှာ စခန်းမှူးအဆင့်ရှိ ရဲမှူးကြီး ၄ ဦး၊ ဒုရဲမှူး ၄ ဦး၊ ရဲတပ်ကြပ်ကြီး ၈ ဦး နဲ့ ရဲတပ်ကြပ် ၂ ဦး နဲ့ ရဲသား တဦး စုစုပေါင်း ၁၈ ဦး ပါဝင်ပါတယ်။

နိုင်ငံခြားခရီးသွားဧည့်သည် အများစုကို သေဆုံးဒဏ်ရာရစေတဲ့ ဘန်ကောက်ပေါက်ကွဲမှုအပြီး ဘန်ကောက်ခရိုင်တွင်းမှာရှိတဲ့ ရဲစခန်းပေါင်း ၈၈ ခုကို မိမိနဲ့ သက်ဆိုင်တဲ့ နယ်မြေမှာ စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ဆာကျော့ နယ်စပ်ဂိတ်မှာ နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံထဲကို စာရွက်စာတမ်းအတုနဲ့ ၀င်ရောက်လာနိုင်အောင် ထောက်ပံ့ကူညီမှုတွေ အထောက်အထားနဲ့ တွေ့ရှိတဲ့အတွက် ဆာကျော့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ရဲအရာရှိ ၆ ဦးကိုလည်း ထိုင်းအမျိုးသား ရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့် လက်မှတ်ရေးထိုးကာ ပြောင်းရွှေ့မိန့် ချမှတ်လိုက်ပါတယ်။

နိုင်ငံခြားသားတွေ အ၀င်အထွက်ပြုတဲ့ ကမ္ဘောဒီးယား-ထိုင်းနယ်စပ် ဂိတ်၊ လော-ထိုင်း နယ်စပ်ဂိတ်၊ မလေးရှား - ထိုင်း နယ်စပ်ဂိတ်တွေ အားလုံးကိုလည်း လုံခြုံရေးတင်းကြပ်လိုက်ပြီး မနေ့က ဖမ်းဝရမ်းထုတ်လိုက်တဲ့ သံသယရှိသူ အမျိုးသားတဦး အမျိုးသမီး တစ်ဦးရုပ်ပုံနဲ့ တိုက်ပြီး အ၀င်အထွက်ဂိတ်တွေမှာ စစ်ဆေးနေပါတယ်။

မနေ့က ဖမ်းဝရမ်မိန့်ကျလာသူတွေထဲမှာ နိုင်ငံခြားသား အမျိုးသားတဦးနဲ့ ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦးတို့ ပါဝင်ပြီး အမျိးသားမှာ အမည်နဲ့ နိုင်ငံသားကို မသိရဘဲ အမျိုးသမီးကတော့ အသက် ၂၆ နှစ်ရွယ်ရှိ ၀မ်းနား ဆွန်ဆန် ခေါ် မိုင်ဆာလော့ ဖြစ်ကာ သူမဟာ ထိုင်းတောင်ပိုင်း ဖန်ငါးခရိုင်ဇာတိ ဖြစ်ပြီး မင်ဘူရီမြို့နယ် မိုင်မူနာဂါးဒင်းဟုမ်း တိုက်ခန်းမှာ ငှားနေသူ ဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီးဟာလက်ရှိ တူရကီနိုင်ငံမှာ ရောက်ရှိနေပြီး ထိုင်းရဲတပ်ဖွဲ့က သူ့ကို တယ်လီဖုံးနဲ့ ဆက်သွယ်မေးမြန်းရာမှာ တူရကီနိုင်ငံကို ထွက်လာတာ ၃ လရှိပြီဖြစ်ပြီး အခန်းမှာ ဘယ်သူတွေ လာတည်းတယ်ဆိုတာ မသိကြောင်းနဲ့ သူအမျိုးသားရဲ့ သူငယ်ချင်းတွေသာ ၀င်ထွက်လေ့ရှိကြောင်း ပြောကြားခဲ့တယ်လို့ နေရှင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013