DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် လုံးခင်း နှင့် ဖားကန့်တွင် ရေဆက်ကြီးနေ
DVB
·
August 31, 2015
ကချင်ပြည်နယ် လုံးခင်း နှင့် ဖားကန့်တွင် ရေဆက်ကြီးနေ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားကန်မြို့ နဲ့ လုံးခင်းကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ စနေနေ့ မနက်ကတည်းက ရေကြီးနေတာ ဒီနေ့ ညနေပိုင်း ထိ ရေကြီးနေဆဲ ဖြစ်ပါတယ်။

ဖားကန့်မှာဆိုရင်  မနက်က ရေခနကျသွားပြီး နေ့ခင်းပိုင်းမှာ ပြန်တက်လာတယ်လို့  ဖားကန့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဒါရှီလာဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“ရေက ဥရုချောင်းကနေတိုင်းရင် ၆ ပေလောက်အထိ တက်လာတယ်။ မနက်တုန်းက ခနလေးပြန်ကျသွားပြီး နေ့ခင်းပိုင်းပြန်တက်လာတာ အခု သုံး-လေးပေ လောက်ထိ ပြန်မြင့်နေပြီ၊ တက်နေတုန်းဘဲ။ အခု ကျနော့်အိမ်အောက်ထပ်မှာလည်း ရေတွေတက်နေတယ်။ ဘယ်မှသွားလို့မရဘူး၊ ကျနော့်အိမ်ရှေ့က ကလေးသူငယ်ဖွံ့ဖြိုးရေး  မူလွန်ကျောင်းဆိုရင် သူတို့က ရေကျပြီထင်လို့ သန့်ရှင်းရေးလုပ်ထားတာ။ သန့်ရှင်းရေးလည်း လုပ်ပြီးရော   ရေတွေပြန်တက်လာတယ်။”

ဖားကန့်မှာမြို့ပေါ်မှာ ရပ်ကွက်ပေါင်း ၅ ခုရှိတဲ့အနက် မရှီကထောင်း၊ မြို့မ၊ ငှက်ပျောတောနဲ့ အေးမြသာယာ စတဲ့ ရပ်ကွက်ထဲကို ရေတွေ ၀င်ပြီး နှစ်ထပ်အိမ်ဆိုရင် အောက်ထပ်က ရေ၀င်ကာ တစ်ထပ်အိမ်ဆိုရင်တော့ တံစက်မြိတ်ထိ ရေမြှုပ်တယ်လို့ သူကဆက်ပြောပါတယ် ။

ကျောင်းသူကျောင်းသားတွေလည်း ကျောင်းမသွားနိုင်ဘဲ အနိမ့်ပိုင်းမှာနေတဲ့လူတွေဆိုရင် ပါရမီလူမှုကူညီရေးအသင်းမှာ သွားရောက်ခိုလှုံနေကြပြီး အလှူရှင်များက ထမင်းထုတ်တွေ ဝေငှပေးနေတယ်လို့ ဆိုပါတယ်။

အလားတူ ဖားကန့်နဲ့ ၅ မိုင်လောက်ဝေးတဲ့ လုံးခင်း၊ ကံဆီး၊ ဆန်ခါ စတဲ့ရွာတွေမှာ ရေကြီးနေသလို လုံးခင်းဖားကန့်သွားလမ်းမှာ လည်း ရေတွေပြည့်နေတဲ့အတွက် သွားရေးလာရေးခက်ခဲနေတယ်လို့ လုံးခင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။

“ဖားကန့် နဲ့ လုံးခင်းကြားက ဥရုချောင်းကူး ဘေလီတံတားမှာ ရေက ဒူးဆစ်လောက်တက်နေလို့ ကားတွေသွားလို့မရဘူး။ မိုးကောင်း ဖားကန့်လမ်းပေါ်က ဘေလီတံတားရော အတူတူဘဲ၊ ဖားကန့်ကြိုးတံတားက ရေပေါ်မှာ ပေါလောပေါ်သလိုဖြစ်နေတယ်။ ရေထဲက ပါလာတဲ့ သစ်တုံးကြီးတွေ အမှိုက်သရိုက်တွေလည်း အဲဒီတံတားမှာ ပုံနေတယ်လို့  ကျနော့်ကို ဖုန်းနဲ့ အကြောင်းကြားပါတယ်ခင်ဗျ။”

ကံဆီးရွာမှာ အမြင့်ဆုံးရေတက်ဖူးတယ်လို့ သတ်မှတ်ထားတဲ့နေရာထက် တပေကျော် ရေလွှမ်းနေပြီး လုံးခင်းမှာ ဆိုရင် ရပ်ကွက် ၂ ရပ်ကွက် ၃ ရပ်ကွက် ၄ တွေမှာ ရေ၀င်တဲ့အတွက် မိသားစုပေါင်း ရာနဲ့ချီ ဆွေမျိုးနီးစပ်အိမ်နဲ့ ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်းတွေမှာ ခေတ္တခိုလှုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

လုံးခင်းမှာ အခုလောက်ရေကြီးတာ မကြုံဖူးတဲ့အတွက် လှေတွေ ကြိုတင်မရှာထားရလို့  ပစ္စည်းတွေ သယ်ဖို့ ၊ ထမင်းထုတ်တွေဝေဖို့ အခက်အခဲ ရှိနေတယ်လို့ ဦးတင်စိုးက ပြောပါတယ်။

ဖားကန့်ဒေသဟာ ဒီသြဂုတ်လထဲမှာဘဲ  ရေကြီးမှု ၃ ကြိမ် ကြုံတွေ့ရပြီး ဖြစ်ပါတယ်။

လုံးခင်း ဖားကန့်ဒေသ ရေကြီးမှုအခြေအနေ  ပိုဆိုးလာရတာဟာ ဖားကန့်အထက် ဘက်မှာရှိတဲ့ ကျောက်တူး လုပ်ငန်း က မြေစာပုံတွေကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားလို့ ရေစီးလမ်းကြောင်းတွေ တိမ်ကောကာ ရေကြီးရေလျှံမှုအခြေအနေ ပိုဆိုးလာတာလို့ ဦးဒါရှီလာဆိုင်းက သုံးသပ် ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013