DVB Logo
Home
Lead Story
အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ပြန်လည်ရှင်သန်ခြင်း
DVB
·
August 30, 2015
အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ပြန်လည်ရှင်သန်ခြင်း
1 / 5
Donate to DVB

စာပေနယ်မှာ အထင်ကရဖြစ်တဲ့အသင်းတစ်ခုဖြစ်တဲ့ အထက်ဗမာနိုင်ငံ စာရေး ဆရာအသင်းကို မန္တလးမြို့ခံ စာရေးဆရာတွေက ပြန်လည်အသက်သွင်း ရှင်သန်စေ လိုက်ပြီဖြစ်ပါတယ်။

စစ်အစိုးရက Burma ကို Myanmar လို့ အမည်ပြောင်းလိုက်တဲ့ နောက်ပိုင်းမှာ  “ဗမာနိုင်ငံ ’ ဆိုတဲ့ အသုံးအနှုန်းက မှေးမှိန်လာပြီး ‘မြန်မာနိုင်ငံ’ အသုံးအနှုန်းက တွင်ကျယ်လာတယ်။ ဒါပေမယ့် ယခုပြန်လည်အသက်ဝင်လှုပ်ရှားမယ့် အသင်းကိုတော့ အကောင်အထည်ဖော်ဆောင်ရွက်သူတွေက ‘အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း’ လို့ သာ အမည်ပေးပါတယ်။

အထက်ဗမာနိုင်ငံစာရေးဆရာအသင်း ဆိုတာ တစ်ချိန်တစ်ခါက မန္တလေးမြို့ကို အခြေစိုက်ပြီး ရှိခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၆၅ နှစ် (၁၉၅၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့) က စ တင်ဖွဲ့စည်းခဲ့တယ်။ စာရေးဆရာ လူထုဦးလှ၊ လူထုဒေါ်အမာ၊ တင်မိုး၊ မောင်စွမ်းရည်၊ ပါ မောက္ခချုပ် ဦးကျော်ရင်၊ ဒေါက်တာသန်းထွန်း၊ ဆရာတော် ရွှေကိုင်းသား၊ မောင်သာနိုး စတဲ့ စာရေးဆရာတွေ ပါဝင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ အထက်ဗမာနိုင်ငံ အမြို့မြို့အနယ်နယ်က စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ ဓာတ်ပုံဆရာတွေ ပါဝင်ကြတယ်။

မန္တလေးမြို့က လူထု သတင်းစာတိုက်ကို စုရပ်ထားပြီး စာပေသမားတွေ စုစည်းကြတယ်။ အတူတူ လူထုထဲကို ဆင်းကြတယ်။ ကျေးလက်တောရွာတွေကို ကွင်းဆင်းပြီး လယ်ယာသမားတွေရဲ့ ခံစားချက်တွေ အနုပညာ တေးကဗျာတွေကို လေ့လာကြတယ်။ သမိုင်းဝင်နေရာတွေကို အတူသွားရောက်ပြီး သုတေသနတွေ လုပ်ကြတယ်။ တွေ့ရှိချက်တွေကို စာအုပ်စာတန်းပြုစု ထုတ်ဝေကြတယ်။

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း မိုးကောင်းတုန်းက မြန်မာစာပေ နဲ့ ယဉ် ကျေးမှုအတွက် အထောက်အကူဖြစ်တာတွေ အမြောက်အမြား ပေါ်ထွန်းလာခဲ့ပါတယ်။ စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ ‘ကမ္ဘာ့အကြီးဆုံးစာအုပ်’ ဆိုတာ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းမှာ တင်သွင်းခဲ့တဲ့ စာတန်းကနေ ပေါ်ထွက်လာတဲ့ အသီးအပွင့်တစ်ခု ဖြစ်ပါတယ်။

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ ကြိုးပမ်းမှုတွေထဲက ဒီနေ့မှာ ထင်ထင်ရှားရှား အောင်မြင်နေတာ တစ်ခုကတော့ မြန်မာစာပေ အရေးအသား ပုံစံသစ် ဖြစ်ပါတယ်။

၁၉၆၅ ခုနှစ်လောက်အထိ မြန်မာစာပေအရေးအသား အရေးများတဲ့ပုံစံကတော့‘ စာရေးသလို’ ဆိုပြီး ခေါ်ကြတဲ့၊ ‘ သည်’ ‘၌’ ‘ ၍’ ‘ဤ ’ ‘ ၏’ အသုံးအနှုန်းမျိုးတွေနဲ့ ရေးတဲ့ ပုံစံဖြစ်တယ်။ စာအရေးအသားကို ခန့်ထည်အောင် ရေးလေ့ရှိကြတယ်။ အထက်ဗမာ နိုင်ငံစာရေးဆရာအသင်း အသင်းသားတွေက စာပေကိုလူတိုင်းအလွယ်တကူ ရေးနိုင်ရမယ်လို့ ဆန္ဒရှိတယ်။ စာကို လွယ်လွယ်ရေးနိုင်ကြရင် ပညာအခြေခံ အားနည်းတဲ့ လယ်သမား အလုပ်သမားတွေလည်း စာရေးသားလာကြမယ်။ သူတို့ခံစားချက် သူတို့ အသိအမြင်တွေကို ဖော်ပြနိုင်ခွင့်ရလာကြမယ် လို့ မျှော်လင့်တယ်။ ဒါကြောင့် စာရေးရာမှာ အခန့်အထည်တွေ ဟန်တွေမပါဘဲ တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောသလို ရေးရရင် ပိုလွယ်မယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် ‘ စကားပြောသလို ’ စာရေးဖို့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက လမ်းဖောက်ပါတယ်။ အဲဒီအချိန်ကတော့ ရှေးရိုးစွဲသန်သူအချို့က ဒီရေးပုံကို လက်မခံနိုင်ဘူး။ ဒါပေမယ့် ဒီနေ့အချိန်အခါမှာတော့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက ဖောက်ခဲ့တဲ့ ‘စကားပြောသလို စာရေးသား’ တဲ့ ပုံစံ အသုံးတွင်ကျယ်နေပါပြီ။

စစ်အုပ်ချုပ်မှု အာဏာစက် ပြင်းထန်လာချိန်မှာတော့ တိုးတက်တဲ့အမြင်ရှိသူတိုင်း  နှိပ်ကွပ် ချေမှုန်းခံကြရပါတယ်။ အဲဒီထဲမှာ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းလည်း ပါဝင်ပြီး ခေါင်းမထောင်နိုင်ဘဲ ရှိခဲ့ရတယ်။ နှစ်ပေါင်း ၃၀ ကျော် သင်းသတ်ခံထားရတဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကို ၂၀၁၅ ခု သြဂုတ် ၂၅ ရက်နေ့က ပြန်လည်ရှင်သန်စေဖို့ အသက်သွင်းကြတယ်။ ညီပုလေး ( ဥက္ကဋ္ဌ)၊ ဆူးငှက် (အတွင်းရေးမှူး) အဖြစ်ပါဝင်တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဖြစ်မြောက်ရေးကော်မတီက စာရေးဆရာတွေကို ဖိတ်ခေါ်ပြီး အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ပြန်လည် ရှင်သန် လှုပ်ရှားတော့မယ့်အကြောင်း အသိပေးလိုက်ပါတယ်။

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း) ကို တင်ပြကြတယ်။ အရင်က လူထုဦးလှ တို့ ဖွဲ့စည်းခဲ့တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ အမည်ရော မူဝါဒကိုပါ ဆက်ခံမယ်လို့ ပြောတယ်။ ပုံနှိပ်မီဒီယာမှာ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ၊သတင်း၊ ဓာတ်ပုံ၊ ကာတွန်း ရေးသူတွေ ဘယ်နိုင်ငံ ဘယ်ဒေသမှာနေနေ အသင်းစည်းမျဉ်းကို လိုက်နာနိုင်ရင် ပါဝင်ဖို့ လက်ခံမှာ ဖြစ်တယ်။

ဖြစ်မြောက်ရေးကော်မတီ က ၂၀၁၅ ခုစက်တင်ဘာ ၃၀ ရက် အထိ အသင်းဝင် ပုံစံတွေကို လက်ခံနေပြီး အသင်းဝင် ဦးရေ ၅၀ ပြည့်တာနဲ့ အလုပ်အမှုဆောင် ကော်မတီကို ဖွဲ့စည်းကာသက်ဝင်လှုပ်ရှားတော့မှာ ဖြစ်ပါတယ်။

ကျော်ရင်မြင့်

ပုံအညွှန်း (Photo by Kyaw Yin Myint)

UBWA     အခမ်းအနားတက်ရောက်လာသူများ

UBWA(1) အတွင်းရေးမှူး ဆရာဆူးငှက် ဖွဲ့စည်းပုံစည်းမျဉ်း ရှင်းလင်းပြနေပုံ

UBWA(2) အခမ်းအနား တက်ရောက်လာသူများ

UBWA(3) တက်ရောက်သူများထဲက ဆရာမ မ၀င့်(မြစ်ငယ်) ဆွေးနွေးစဉ်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013