DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်း လွှတ်တော် လိင်တူချစ်သူ ဆွေးနွေးချက် ကန့်ကွက်ခံရ
DVB
·
August 30, 2015
မန္တလေးတိုင်း လွှတ်တော် လိင်တူချစ်သူ ဆွေးနွေးချက် ကန့်ကွက်ခံရ
Donate to DVB

မန္တလေးတိုင်း လွှတ်တော်တွင်း ဆွေးနွေးခဲ့တဲ့ လိင်တူချင်းချစ်သူများနဲ့ပတ်သက်တဲ့ ဆွေးနွေးချက်တွေဟာ လိင်တူချစ်သူတွေအပေါ် တရားလက်လွတ် ဖမ်းဆီးတာတွေ ပိုဖြစ်ပွားလာနိုင်စေလို့ မြန်မာလိင်တူချစ်သူများအခွင့်အရေးဆိုင်ရာ ကွန်ရက်က အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၉ ရက်က ဒီဗွီဘီတီဗီက ထုတ်လွှင့်ခဲ့တဲ့ မန္တလေးတိုင်း လွှတ်တော်သတင်းတပုဒ်မှာ တိုင်းဝန်ကြီး ဒေါကတာမြင့်ကြူရဲ့ လွှတ်တော်တွင်း ဆွေးနွေးချက် ပါရှိခဲ့တယ်။ အဲ့ဒီမှာ ဒေါက်တာမြင့်ကြူက အမျိုးသမီးစိတ်ပေါက်နေတဲ့ ဂေးလ်တွေကို ရဲစခန်းခေါ်ပြီး နှစ်သိမ့်ဆွေးနွေး ပညာပေးမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတယ်လို့ ပြောဆိုသွားတယ်။

ဒီပြောဆိုဆွေးနွေးချက်ဟာ အမှန်တကယ် တရားဥပဒေစိုးမိုးမှုကို မတည်ဆောက်နိုင်ဘဲ ဂေးလ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သလို ဖြစ်နေတယ်လို့ မြန်မာ LGBT ကွန်ရက် ကြေညာချက်က ထောက်ပြထားပါတယ်။

ဒါ့အပြင် ဒေါက်တာမြင့်ကြူရဲ့ ဖြေကြားချက်ထဲမှာ မနလေးမှာ အရင်ကလဲ အမျိုးသားချင်းချစ်သူ ၉ ယောက်ကို နှိမ်နင်းတဲ့အနေနဲ့ ရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းခဲ့တယ်၊ နောက်ပိုင်း အပြစ်မရှိတဲ့အတွက် မိဘတွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ပါရှိတယ်။

ဒီဖြစ်စဉ်ကို ကြည့်ရင် အမျိုးသားချင်းချစ်သူတွေဟာ အပြစ်မရှိဘဲ ထိန်းသိမ်းခံခဲ့ရတယ်၊ ထိန်းသိမ်းခံရစဉ်ကာလအတွင်း တာဝန်ကျရဲတွေရဲ့ မတော်မတရား ပြောဆိုမှု၊ ဆက်ဆံမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ခံစားခဲ့ရတယ်လို့ သတင်းရတယ်။

အခုလို ဖမ်းဆီးထိန်းသိမ်းဖို့ ပြင်ဆင်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ မှာ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။ ပုဒ်မ ၃၅၃ အရ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ ဆိုသည့်ပြဋ္ဌာန်းချက်နှင့်လည်း ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဥပဒေပုဒ်မ ၃၅၄ အရ နိုင်ငံသားများအပေါ် ပေးအပ်ထားသော အခွင့်အရေးများကို ချိုးဖောက်ရာလည်းရောက်သည်။ ပြစ်မှုဆိုင်ရာဥပဒေပါ ပြဌန်းချက်များဖြစ်သည့် ပုဒ်မ ၄၉၉ (အသရေဖျက်မှု)၊ ပုဒ်မ ၃၃၉ (မတရားတားဆီးကန့်ကွက်ခြင်း)၊ ပုဒ်မ ၃၄၀ (မတရားချုပ်နှောင်ခြင်း) တို့ကို ဆန့်ကျင်ရာရောက်သည်ဟု မြန်မာ LGBT အခွင့်အရေးဆိုင်ရာကွန်ရက်က သုံးသပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာ LGBT အခွင့်အရေးဆိုင်ရာကွန်ရက်အနေဖြင့် လွှတ်တော်အမတ်များအား- အမျိုးသားချင်း၊ အမျိုးသမီးချင်းချစ်သူများနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူများကိုသာ ဦးတည်ပစ်မှတ်ထားကာ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဖမ်းဆီးပညာပေးမည့် အစီအစဉ်ကို အမြန်ဆုံးရပ်တန့်ရန်၊

-ထိုသို့ ပြုလုပ်မည့်အစား မန္တလေးတိုင်းဒေသ တခုလုံးအတွင်း တရားဥပဒေစိုးမိုးရေးကို တာဝန်ရှိသည့် ဌာနများက တာဝန်အပြည့်အ၀ယူပြီး တရားဥပဒေစိုးမိုးရေးကို ချိုးဖောက်သူများကိုသာ ထိထိရောက်ရောက် အရေးယူရန်၊

-တရားဥပဒေစိုးမိုးရေးနှင့် တရားဥပဒေပြုရေး တာဝန်ရှိသူများအကြား လိင်စိတ်ကွဲပြားမှုနှင့် လိင်စိတ်ကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံခြင်း အကြောင်းများကို နားလည်သဘောပေါက်နိုင်စေရန်အတွက် ပညာပေးအစီအစဉ်များ လုပ်ဆောင်သွားရန်၊

-လိင်စိတ်ကွဲပြားသူများအပေါ် အပြစ်မရှိဘဲ တာဝန်ထက်ကျော်၍ ကျူးလွန်စော်ကားမှုများရှိပါက တိုင်ကြားနိုင်သော ယန္တရားများထူထောင်၍ တိုင်ကြားချက်များကို တရားမျှတစွာဖြင့် အရေးယူ ဆောင်ရွက် ပေးရန် တောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013